မတ်လ ၂၇ တော်လှန်ရေးနေ့ အစဉ်မမေ့အပ်
(မတ်လ)


၂၀၀၇ ခုနှစ်မတ်လ ၂၇ ၇က်နေ့သည် ၆၂ နှစ်မြောက် ပြည်သူ့တော်လှန်ရေးနေ့ဖြစ်သည်။ မြန်မာနိုင်ငံအား ကျူးကျော်ဝင်ရောက်သိမ်းပိုက်ပြီး မြန်မာပြည်သူလူထုကြီးအား ဖက်ဆစ်စနစ်ဖြင့် မင်းမူအုပ်ချုပ်နေသော ဖက်ဆစ်ဂျပန်တို့အား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာမြေပေါ်မှ အပြီးသတ်မောင်းနှင်ထုတ်ရန် အတွက် မြန်မာပြည်သူလူထုကြီးတရပ်လုံး စတင်တော်လှန်တိုက်ပွဲဝင်ခဲ့သောနေ့ကို တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ လှည်းနေလှည်းအောင်း မြင်းစောင်းမကျန် မြန်မာလူထုကြီးတရပ်လုံးသည် ရရာ လက်နက်ကိုစွဲကိုင်ပြီး ဖက်ဆစ်ဂျပန်တို့အား အဆိုပါနေ့မှစတင်ပြီးတိုက်ပွဲဝင်ခဲ့သည်။ ရခိုင်ပြည်တွင်ကား ထိုထက်စော၍ ဇန္န၀ါရီလကပင် ရခိုင်မျိုးချစ်များက ဖက်ဆစ်ဂျပန်အား ရခိုင်မြေပေါ်က မောင်းနှင်တိုက်ထုတ်ခဲ့ပြီး ဖြစ်သည်။ သို့အတွက် ၁၉၄၅ ခုမတ်လ ၂၇ ရက်နေ့တွင် ဗမာပြည်၌ ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်ချိန် ရခိုင်ပြည်၌ ဖက်ဆစ်ဂျပန်ဟူ၍ တကောင်တလေမှမရှိတော့ပါ။ သို့သော်လည်း ဗမာခေါင်းဆောင်တို့သည် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ရခိုင်အမျိုးသားတို့၏ အခန်းကဏ္ဍအား အသိအမှတ် မပြုလို၍ ဖက်ဆစ်ဂျပန်တို့အား ရခိုင်ပြည်မှ စတင်တော်လှန်တိုက်ပွဲဝင်ခဲ့သောနေ့ကို တော်လှန်ရေးနေ့အဖြစ် အသိအမှတ်မပြုဘဲ ဗမာပြည်မှစတင်ခဲ့သောနေ့ကိုသာ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယခုအခါ မြန်မာပြည်သူလူထုတရပ်လုံး အသက်သွေးချွေးမြောက်မြားစွာကိုပေးဆပ်၍ အုံကြွပါဝင်တော်လှန် တိုက်ပွဲဝင်ခဲ့သော ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကို လက်ရှိစစ်အုပ်စုက တော်လှန်ရေးနေ့အဖြစ် အသိအမှတ်မ ပြုတော့ဘဲ တပ်မတော်နေ့ အဖြစ်ပြောင်းလဲသတ်မှတ်ထားပြန်သည်။

ဤကဲ့သို့ “တော်လှန်ရေးနေ့”အား နအဖစစ်အုပ်စုတို့မှ တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းမှာ တော်လှန်သတ္တိအမြဲရှိသော မြန်မာလူထုကြီး၏ တော်လှန်ရေးစိတ်ဓါတ်ကို ချိုးနှိမ်ရန်နှင့် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပန်းမှု သမိုင်းတွင် မြန်မာပြည်သူတို့၏အခန်းကဏ္ဍကို မှေးမှိန်စေလို၍ဖြစ်သည်။ သို့မှသာ ယနေ့မြန်မာ့တပ်မတော်သည် တိုင်းပြည်၏ ရာသက်ပန်ကယ်တင်ရှင်များအဖြစ် ပြည်သူလူထုအကြားတွင် နေရာရရှိနေမည်ဖြစ်သည်။

အမှန်အားဖြင့်ဆိုလျှင် ယနေ့လက်ရှိမြန်မာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်များ မွေးထုတ်ပေးခဲ့သော တပ်မတော် သာဖြစ်သဖြင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့အား မြန်မာ့တပ်မတော်နေ့အဖြစ်သတ်မှတ်ထားခြင်းမှာ“အမြင် မတော်ဆင်တော်နှင့်ခလောက်” ဖြစ်နေပေသည်။ ဖက်ဆစ်ဂျပန်တပ်မတော်မှာ ယခုလက်ရှိမြန်မာ့တပ် မတော်၏ တနည်းအားဖြင့်ဆိုလျှင် မွေးသည့်ဖခင်ဖြစ်နေသဖြင့် ဖက်ဆစ်ဂျပန်ကိုတော်လှန်သောနေ့ကို မြန်မာ့တပ်မတော် နေ့အဖြစ် သတ်မှတ်ထားခြင်းမှာ အဖကိုသားကသတ်သောနေ့ တနည်းအားဖြင့်ဆိုလျှင် “အဇာတသတ်” နေ့ကို တပ်မတော်နေ့အဖြစ် ကင်ပွန်းထိုးထားသည်နှင့်တူနေပေသည်။

သို့အတွက် ယခုလ(၂၇) ရက်နေ့ ကျရောက်သော ၆၂-နှစ်မြောက် တော်လှန်ရေးနေ့သည် နအဖစစ် အုပ်စုက မည်သို့ပင် တပ်မတော်နေ့ပြောပြော မြန်မာပြည်သူတရပ်လုံး၏ တော်လှန်ရေးနေ့ (Revolution Day) သည်သာ ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေးကို တော်လှန်ရေးနေ့ အဖြစ်ခံယူပြီး ရှေ့ကမြန်မာပြည်သူ လူထုကြီးတရပ်လုံးပါဝင်သော ဖက်ဆစ်ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွဲခဲ့သလို ယခုလက်ရှိအချိန်တွင်လည်း ဂျပန်ဖက်ဆစ်များ မွေးထုတ်ထားခဲ့သော ဖက်ဆစ်အကြွင်းအကျန် နအဖစစ်အုပ်စုကိုအပြီးသတ် ချေမူန်းနိုင်ရေးအတွက် လူထုကိုအခြေခံသော တိုက်ပွဲများ ကို စတင်လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.