ရခိုင်ရိုးရာသင်္ကြန်မတိမ်ကောမပျောက်စေရန်ဝိုင်းဝန်းစောင့်ထိန်းသင့်
(ဧပြီ)


ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ၎င်းတို့နှင့်သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတန်း စဉ်လာများ ရှိသည်။ ထိုရိုးရာယဉ်ကျေးမှု အစဉ်အလာများအား မပျောက်ပျက်အောင် လူမျိုးတိုင်းသည် တတနိုင်သည့်ဘက်က ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြသည်။ တချို့အမျိုးသားများသည် ၎င်းတို့ ပိုင်ဆိုင်သော ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန်အတွက် အသက်ပေး၍ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြ သည့် အစဉ်အလာများရှိသည်။ ထိုလူမျိုးများ၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များကို ယနေ့တိုင် ကမ္ဘာပေါ်တွင် တွေ့မြင်နေကြရသည်။ တချို့သော လူမျိုးများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြသည်သာမက မိမိတို့၏ရိုးရာယဉ်းကျေးမှု အစဉ်လာများကို တခြားလူမျိုး များနယ်ပယ်များထိချဲ့ထွင်ပြီး ယဉ်ကျေးမှုအရ နယ်ချဲ့ဝါးမျိုရန် ကြိုးစားကြသည်။

ယနေ့ကမ္ဘာပေါ်တွင် ယဉ်ကျေးမ အရ နယ်ချဲ့နေသော နိုင်ငံများစွာ လူမျိုးများစွားရှိသည်။ မိမိလက်အောက်ခံ တိုင်းငယ်ပြည်ငယ်များနှင့် လူမျိုးငယ် များအပေါ် နည်းမျိုးစုံဖြင့် ယဉ်ကျေးမှုများအရ ၀ါးမျိုရန် ကြိုးစားနေကြသည်။ ထိုကဲ့သို့ ယဉ်ကျေးမှုအရ ၀ါးမျိုရန် ကြိုးစားခြင်း၏ အန္တိမ ရည်ရွယ်ချက်သည် လူမျိုးရေးအရ ၀ါးမျိုးရန်ဖြစ်သည်။ လူမျိုးတမျိုးအဖို့ ရိုးရာယဉ် ကျေးမှု အစဉ်အလာများသည် လူမျိုးတမျိုး မတိမ်ကော မပျောက်ပျက်ရေးအတွက် ဧရာမ ခံတပ်ကြီးများဖြစ်သည်။ ထိုယဉ်ကျေးမှု ဓလေ့ထုံးတန်းစဉ်လာများအား ကာကွယ်ပေးထားသော ခံတပ်ကြီးပြိုပျက်သွားလျှင် အဆိုပါလူမျိုးသည် ကမ္ဘာကြီးတွင် ဆက်လက်ရှင်သန်ရပ်တည်ရန် မဖြစ်နိုင်တော့ပေ။

သို့အတွက် ယနေ့ကမ္ဘာ ကြီးတွင် နိုင်ငံအချို့ လူမျိုးအချို့သည် နည်းပရိယာယ် ကြွယ်ကြွယ်ဖြင့် ယဉ်ကျေးမှုအရ ပထမထိုးဖေါက်ပြီး တခြား လူးမျိုးငယ်များကို ၀ါးမျိုးရန် ကြိုးစားနေကြသည်။ ထိုကဲ့သို့ ယဉ်ကျေးမှုအရ နိုင်ငံကြီး၊ လူမျိုးကြီးများက မလွတ်လပ်သော လူမျိုးများ၊ နိုင်ငံငယ်များနှင့် အင်အားသေးငယ်သော အုပ်ချုပ်ခံလူမျိုးများအပေါ် ယဉ်အကျးမှု အရ ၀ါးမျိုလာသဖြင့် တချို့လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများမှာ ယခုအခါ တစတစ ပျောက်ကွယ် လာခဲပြီးဖြစ်သည်။ ထိုအထဲ ဗမာပြည်ထောင်စုတွင် မှီတင်းနေထိုင်ကြရသော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အစဉ်လာများလည်းပါဝင်သည်။

ဗမာလူမျိုးကြီးဝါဒ လက်ကိုင်ပြုသူ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများ တစတစ ပျောက်ကွယ်တိမ်ကော လာသည်ကို တွေ့ရှိနေရသည်။ ထိုအထဲတွင် ရခိုင်အမျိုးသားများ၏ ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှု ထုံးတန်းစဉ်လာများလည်း ပါဝင်သည်။

ယနေ့တိုင်းပြည်ကို အာဏာရယူထားသော နအဖ စစ်အုပ်စုသည်။ ၎င်းတို့ အာဏာ ပါဝါအင်အားများကို အသုံးပြုပြီး ဗမာယဉ်ကျေးမှု ဒလေ့ထုံးတန်းစဉ်လာများအား ရခိုင်လူမျိုးများအကြား သွတ်သွင်းပြီး ယဉ်ကျေးမှုအရ ၀ါးမျိုရန်ကြိုးစားနေသည်။ သို့အတွက် တချို့ရခိုင်အမျိုးသားများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများအား မေ့လျော့ပြီး ဗမာယဉ်ကျေးမှုများအပေါ် အထင်ကြီး လေးစား ဦးညွတ်လာကြသည်ကိုတွေ့ရှိရသည်။

ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်မြို့များတွင် ရခိုင်အစဉ်အလာအတိုင်း ရေလောင်းမဏ္ဍပ်များ ဆောက်လုပ်ပြီး ရေပက်ကစားခြင့်းကို တချို့သောသူများက မပြုလုပ်ကြတော့ဘဲ ဗမာပြည်မှ တင်ယူလာသော ဗမာယဉ်ကျေးမှုကို အထင်ကြီးကာ ရေပိုက်များဖြင့် ရေကစားနည်းများကို အသုံးပြုလာကြကြောင်း သိရှိရသည်။ အမှန်အားဖြင့်ဆို လျှင် ရခိုင်ရိုးရာ ရေပက်ကစားနည်းသည် အလွန်တရာ ချစ်စရာကောင်းပြီး သိမ့်မွှေ့နက်နဲသည်။ အမျိုးသမီးများ နှင့်အမျိုးသားများ တဖက်နှင့်တဖက် မျက်နှာချင်းဆိုင်ပြီး ရေလောင်းမဏ္ဍပ်များအတွင်း ရေပက်ကစားခြင်း၊ မေတ္တာရေလောင်းခြင်း၊ င်္သချပ်ထိုးခြင်း၊ မုန့်လုံးရေပေါ်ကျွေးခြင်း စသည့်ရိုးရာဒလေ့ထုံးတန်းစဉ်လာများသည် အထူးချစ်ဖွယ်ကောင်းသော အလေ့အထတခုဖြစ်သည်။ ထိုကဲ့သို့ ချစ်စရာကောင်းသော ယဉ်ကျေးမှု ရိုးရာအစဥ် အလာများအတွက် ရခိုင်အမျိုးသားများအနေဖြင့် လေးစားဂုဏ်ယူသင့်ကြသည်။ သို့အတွက် ယခုနှစ်သင်္ကြန် အခါသမတွင် ရှေ့ဘိုးဘွား ဘီဘင်များ လက်ထက်ကစပြီး ဆင်းသက်လာသော ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန် ရေလောင်းစကားခြင်းကို အစဉ်အလာမပျက် ကျင်းပကြရန်နှင့် ထိုအစဉ်အလာ ရခိုင်သင်္ကြန် မတိမ်ကော မပျောက်ပျက်ရစေရန် ဥချေပေါက်ချေကအစ ရခိုင်တမျိုးသားလုံးအနေဖြင့် အလေးထား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင်သစ်ကုး သင်္ကြန်အခါသမယတွင် တိုက်တွန်းရေးသား လိုက်ရပါသည်။

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.