အယ်ဒီတာအာဘော်
နအဖ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြည်သူအားနှင့်ရိုက်ချိုးပစ်ရန်လို


ရခိုင်အမျိုးသားထု တရပ်လုံးသည် ဖစ်ဆက်စနစ်တိုက်ဖျက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ် မြောက်ရေး တိုက်ပွဲများတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့သူများပီပီ နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင် အစဉ်နိုးကြားတက်ကြွသည့် လူမျိုးတမျိုးဖြစ်သည်။ မြန်မာနိုင်ငံရေးလောကတွင် ဗမာများသာမက တခြားလူမျိုးများနှင့် ရင်ဘောင်တန်းပြီး မြန်မာနိုင်ငံရေးလောကတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့သောသမိုင်းအစဉ်အလာရှိသည့် လူမျိုးတမျိုးလည်း ဖြစ်သည်။ ရခိုင်အမျိုးသားထဲမှ ဆရာတော်ဦးဥတ္တမသည် မြန်မာ့လွတ်လပ်ရေးကို စတင်မျိုးစေ့ချပေးခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကဲ့သို့နိုင်ငံရေး အစဉ်အလာများ ကြီးမားသော ရခိုင်အမျိုးသားများအနေဖြင့် များမကြာမြင့်မီတွင် နအဖစစ်အစိုးရ၏ နိုင်းငံရေးအကဲစမ်းပွဲတခုနှင့် ရင်ဆိုင်ကြုံတွေ့ကြရတော့မည် ဖြစ်သည်။

ထိုနိုင်ငံရေးအကဲစမ်းမှုကား တခြားမဟုတ်။ ယခုလက်ရှိနအဖ စစ်အစိုးရမှ ရေးဆွဲနေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ရခိုင်ပြည်သူများထောက်ခံမခံ ပြည်သူ့ဆန္ဒသဘောထား ခံယူပွဲပြုလုပ်ပြီး နိုင်ငံရေးအကဲစမ်းရန်ပင် ဖြစ်သည်။ ထိုဆန္ဒခံယူပွဲအား နအဖ စစ်အစိုးရသည် ယခုပြုလုပ်နေသော ညောင်နှစ်ပင်ညီလာခံအား ယခုနှစ်အတွင်း အဆုံးသတ်ပြီး (၂၀၀၈) ခုနှစ်အတွင်း ပြုလုပ်မည်ဖြစ်သည်။ ဆန္ဒခံယူပွဲတွင် ပြည်သူလူထု ထောက်ခံမှုရရှိပါက ထိုဖွဲ့စည်းအုပ်ချုပ်ပုံနှင့် တိုင်းပြည်ကို စစ်ကျွန်ဇာတ်သွင်းကာ နှစ်ပေါင်းးရှည်ကြာစွာ အုပ်ချုပ်တော့မည် ဖြစ်သည်။

ရခိုင်တမျိုးသားလုံးအတွက်သာမက မြန်မာနိုင်ငံတခုလုံးအတွက် အကျိုးမရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ၊ တိုင်းပြည်အား စစ်တပ်မှ ရာသက်ပန် အုပ်ချုပ်ရန်အတွက် တဖက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံကို နအဖ စစ်အုပ်စုသည် ဆန္ဒခံယူပွဲပြုလုပ်ပြီး အတည်ပြုရန် စီစဉ်ပြင်ဆင်နေသည်။ ယခုလက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အာမ မခံသည့်အပြင် ရှစ်ပြည်နယ် ပြည်ထောင်စုကိုလည်း ငြင်းပါယ်ထားသည်။ ရခိုင်ပြည်သူများအတွက် အာမခံချက်တစုံတရာမရှိသည့်အပြင် ရခိုင်ပြည်နယ်အား ရခိုင်အမျိုးသားများက အုပ်ချုပ်ပိုင်ခွင့် မရရှိသည်သာမက စစ်သားများကသာ ဆက်လက်အုပ်ချုပ်ရန် ဥပဒေပြဌာန်းထားသော ဖွဲ့စည်းအုပ်ချုပ်ပုံလည်းဖြစ်သည်။ ပြည်ထောင်စု၏ အနှစ်သာရမှ သွေဖယ်ကာ တပြည်ထောင် စစ်အာဏာရှင်စနစ်ကို ပုံဖော်ထားသော ဖွဲ့စည်းပုံဖြစ်သည်။ သို့အတွက် ယခုနအဖ ရေးဆွဲပြဌာန်မည့် ဖွဲ့စည်းပုံသည် ရခိုင်ပြည်သူလူထုတရပ်လုံးအတွက် လုံးဝအကျိုးမရှိသည့်အပြင် အကျိုးယုတ်စေပြီး ရခိုင်ပြည်သူလူထုအား ဆင်းရဲတွင်းပိုမိုနက်စေမည့် စစ်အာဏာရှင်စနစ်အား ကျားကန်ပေးထားသည့် စက္ကူကျား ဖွဲ့စည်းအုပ်ချုပ်ပုံသာဖြစ်သည်။

သို့အတွက်ကြောင့် မိမိတို့၏ ပြည်နယ်နှင့်ပြည်နယ်လူထုအတွက် အကျိုးမပြုဘဲ စစ်အာဏာရှင်တစု ကောင်းစားရေးအတွက် ကျောထောက်နောက်ခံပြုပေးထားသော ယခုလက်ရှိနအဖမှ ရေးဆွဲနေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရခိုင်ပြည်သူလူထုတရပ်လုံးအားဖြင့် ထောက်ခံမှု မပြုလုပ်ရန်နှင့် ဆန္ဒခံယူပွဲပြုလုပ်သောအခါ နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအား ဆန့်ကျင်မဲပေးပြီး အစရှာမရအောင် ရိုက်ဖျက် ချေမှုန်းပစ်ရန်မှာ အမျိုးသားရေး သမိုင်းပေးတာဝန်ဖြစ်ကြောင်း နိုင်ငံရေး သတိအမြဲရှိသော ရခိုင်ပြည်သူများအား တပ်လှန့်ရေးသားတင်ပြလိုက်ရပါသည်။

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.