သဘာဝဘေးအန္တရာယ်ကျရောက်သူများအရေး အလေးပေးစဉ်းစားရန်လို


ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများဖြစ်သော သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာပြီး ရေမြုပ်ခဲ့သည်။ ရေမြုပ်သဖြင့် လူပေါင်းသောင်းချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပြီး ရေကြီးစဉ်အတွင်း အစား အစာနှင့် သောက်ရေများ ပြတ်တောက်ခဲ့ကြရကြောင်း သတင်းများရရှိသည်။

အနည်းဆုံး သံတွဲမြို့ပေါ်တွင် ရေ ၆ ပေထိ မြင့်တက်ခဲ့ပြီး လမ်းများ တံတား များစွာ ကျိုးပျက်သွားခဲ့သည်။ အလားတူကျောက်ဖြူ၊ ရမ်းဗြဲနှင့် အမ်းအပါအ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်တို့တွင်လည်း မိုးအဆက် မပြတ် ရွာသွန်းပြီး ရေကြီးခဲ့သည်။

ရမ်းဗြဲ-ကျောက်ဖြူ- အမ်း ကားလမ်းများတောက်လျောက် ပျက်စီးခဲ့သည်။ မာန်အောင်မြို့နယ်တွင်လည်း ပေ ၂၅၀ အရှည်ရှိ ကပွန်ချောင်း တံတားအပါ အ၀င် တံတားအနည်းဆုံး ၆ ခုကျိုးပျက်သွားသည်။

မုတ်သုန်မိုး အဆက်မပြတ် ရွာသွန်းပြီး ချောင်းရေမြစ်ရေများ လျံတက်ခဲ့ပြီး ရခိုင်ပြည်နယ်အနှံ့ အပျက်အစီးများရှိခဲ့သည်။ သို့သော်လည်း အသေအပျောက် အပျက်အစီးများနှင့် ပတ်သက်သော တိကျသောစာရင်းများကို ယနေ့ထိ ရရှိခြင်းမရှိ။ တရားဝင် စာရင်းဇယားလည်းမရှိ။ သက်ဆိုင်ရာ စစ်အစိုးရ အာဏာပိုင်များကလည်း ရခိုင်ပြည်နယ်တွင် ရေကြီးခြင်းနှင့် ပတ်သတ်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားခြင်းမရှိ။ ရေဘေးဒုက္ခသည်များအတွက် အကူ အညီလိုအပ်ကြောင်း တခွန်းတပါဒမှ ဖွင့်ဟပြောဆိုခြင်းလည်းမလုပ်။ ဤကဲ့သို့ နအဖစစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် သဘာဝ ဘေးအန္တရာယ် ကျရောက်တိုင်း တရားဝင်ကျေညာချက်များ ထုတ်ပြန်ပေးခြင်းမရှိသည်မှာ ယခုတကြိမ်တည်း လား။

မဟုတ်ပါ။ မည်သည့်အခါမှ ထုတ်ပြန်ပေးခြင်းမရှိ။ သို့အတွက် သဘာဝ ဘေးအန္တရာယ် ကျရောက်တိုင်း ရခိုင်ပြည်နယ်တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို မည်သူမျမသိရှိရ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ မသိရှိကြ သည်သာမက စစ်တွေမြို့ပေါ်က ပညာတတ် အသိုင်းအ၀ိုင်းတွင်လည်း မသိ ရှိကြ။ လွန်ခဲ့သောမေလက ရခိုင်ပြည်နယ်တွင် အာကပ်ရှ်မုန်တိုင်း တိုက်ခတ် ခဲ့သည်။ အသေအပျောက်မည်မျရှိ၍ အပျက်အစီးမည်မျရှိသည်ကို မည်သူတဦး တယောက်မှ တိတိကျကျမပြောနိုင်။

အဘယ်ကြောင့်ဆိုသော် အစိုးရမှတရားဝင် စာရင်းဇယားများ တိတိကျကျ ကောက်ယူခြင်း မရှိသည့်အပြင် တိတိကျကျ ထုတ်ဖော်ပြောကြားခြင်းလည်း မရှိ၍ ဖြစ်သည်။

နအဖ စစ်အစိုးရမှာ တိုင်းပြည်နှင့် လူမျိုးအပေါ် အလေးထား အရေးစိုက်သော အစိုးရတရပ်မဟုတ်သဖြင့် လူထုဘာဖြစ်နေနေ ဂရုစိုက်မည်မဟုတ်။ အရေးယူ ဆောင်ရွက်မှုကိုလည်း လုပ်မည်မဟုတ်။ လွန်ခဲ့သော မေလက တိုက်ခတ်ခဲ့သော ဆိုင်ကလုန်ကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ အလွန်ဝမ်းနည်း ကြေကွဲစရာကောင်း၏။ ရခိုင်ပြည်နယ်အနှံ့အပြားတွင် သေဆုံးသူအများ အပြားရှိသည်။ ရမ်းဗြဲမြို့နယ်မှ ကျောက်နီမော်၊ ငမန်းရဲကျွန်း၊ ကမ်းထောင့်ကြီးစသော ပင်လယ်ကမ်းနီစပ် ဒေသများသို့ ဆင်းရဲ မွဲတည်မှုကြောင့် ကဏန်းဖမ်းရန်ငါးရှာရန် ထွက်ခွာသွားသူများ ဆိုင်က လုန်မုန် တိုင်းမိ၍ ယနေ့ထက်ထိ အိမ်ပြန်မရောက်သူများ ရှိသည်။ သိုလှောင်ထားသော ဆန်စပါးများ ရေထဲပါသွား၍ ထမင်းငတ်နေသူများရှိသည်။ သူတို့၏အဖြစ်ကို မည်သူမျှ မသိကြ။ ဖော်ထုတ်ပေးမယ့်သူလည်းမရှိ။

သို့အတွက် ပြည်တွင်းပြည်ပရှိ တတ်သိနားလည်သော ရခိုင်အမျိုးသားများ အနေဖြင့် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားနေကြရသော ရခိုင် အမျိုးသားများအတွက် စာရင်းဇယားများတိတိကျကျ ပြုစုပြီးအများသူငါ သိရှိစေရန် တင်ပြပေးနိုင်ရန်အတွက် နည်းလမ်းများ ၀ိုင်းဝန်းရှာဖွေရန် အချိန်သို့ ကျရောက်နေပြီဖြစ်ကြောင်း ယခုလအယ်ဒီတာ အာဘော်မှတဆင့် တိုက်တွန်းနှိုးဆော် တင်ပြလိုက်ရသည်။

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.