မမေ့အပ်သော နေ့ရက်များကို အစဉ်မမေ့အပ်


ကျွန်တော်တို့ နိဉ္စရာသတင်းဌာနမှ မြန်မာဘာသာသက်သက်ဖြင့် Arakanpost သတင်းဂျာနယ်ကို ထုတ်ဝေလာရာ ယခုလသြဂုတ်(စ်)လတွင် သတင်းစာစောင် (၈)စောင်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ဤစာစောင် ရှစ်အုပ်မြောက်တွင် နှစ်၄၀မြောက် စစ်တွေဆန်ပြဿနာနေ့နှင့် ၁၇နှစ်မြောက် ဆရာကြီး ဦးသာထွန်းနေ့နှင့် တိုက်ဆိုင်နေသဖြင့် အဆိုပါသမိုင်းဝင်နေ့ရက်နှစ်ရက်ကို ကျွန်တော်အနေနှင့် အတတ်နိုင်ဆုံး အနှစ်သာရပိုင်းကို ပုံပေါ်ဖော်ညွန်းနိုင်အောင် အားခဲကြိုးစားဆောင်ရွက်ထားပါသည်။ ၎င်းအပြင်လက်လှမ်း မိသလောက် အဆိုပါ နေ့များ၏ နောက်ခံသမိုင်း လက်ရှိခေတ်ကာလအမြင်နှင့် အနာဂတ်အခြေအနေများကို ထင်ဟပ်ပေါ်လွင်မည့် သတင်းဆောင်းပါး အင်တာဗျူးများအားလည်း ထည့်သွင်းဖော်ပြပေးထားပါသည်။

လုံလောက်မှုမရှိသော်လည်း အတတ်နိုင်ဆုံးရခိုင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားညီအစ်ကိုများ အဆိုပါနေ့ရက်များအကြောင်း နားလည်သိရှိ သဘောပေါက်နိုင်ကြလိမ့်မည်ဟု မျော်လင့်ပါသည်။

ရခိုင်အမျိုးသားများအနေဖြင့် သမိုင်းဝင်နေ့ရက်များ အများအပြားရှိပါသည်။ သို့သော်လည်း အဆိုပါနေ့ရက်များမှာ ၀မ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ ရင်နင့်စရာ အနိဌာရုံများဖြင့် ပြည့်နက်နေသော ရက်များသာဖြစ်ပြီး ပျော်ရွင် စရာ၊ အားရစရာ၊ ဂုဏ်ယူစရာကောင်းသော နေ့ထူးနေ့ရက်များ တနေ့တရက်မှ ပါဝင်ခြင်းမရှိပေ။ သြဂတ်(စ်)၁၃ ရက်နေ့တွင် ကျရောက်ဖြစ်ပေါ်ခဲ့သော စစ်တွေဆန်ပြဿနာနေ့သည်လည်း အငတ်ဘေးပြဿနာကြောင့် ဆန်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသော ရခိုင်ပြည်သူ ၃၀၀ကျော်အား ဗိုလ်နေ၀င်းဦးဆောင်သော တော်လှန်ရေး ကောင်စီအစိုးရက လူသားချင်းမစာနာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သောနေ့တနေ့ဖြစ်သည်။ အလားတူ ၁၇ နှစ်မြောက် ဆရာကြီး ဦးသာထွန်းနေ့သည်လည်း ၁၉၉၀ခုနှစ် သြဂတ်(စ်)လ ၁၄ရက်နေ့က တမျိုးသားလုံး လေးစားချစ်ခင်ကြည်ညိုသော ဆရာကြီးဦးသာထွန်းမှာ စစ်အစိုးရ၏ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် စစ်တွေအကျဉ်း ထောင်ထဲတွင် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရသော နေ့တနေ့ဖြစ်သည်။

ထိုကဲ့သို့ ၀မ်းနည်းဖွယ်ရာ ရင်နင့်ဖွယ်ရာနေ့ရက်များမှာ ရခိုင်အမျိုးသားတို့၏ ကိုယ်ပိုင်အချုပ်အချာအာဏာ ကျဆုံးခဲ့သည့်အချိန်မှစတင်ပြီး တနေ့ပြီးတနေ့ တရက်ပြီးတရက် ဖြစ်ပေါ်လာခဲ့ပေသည်။ ၁၇၈၄-ခုနှစ် ရခိုင်ထီး နန်းကို ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက ၀င်ရောက်ကျူးကျော်သိမ်းပိုက်သည့် အချိန်မှစပြီး ရခိုင်အမျိုးသား များအဖို့ ပျော်ရွှင်ဖွယ်ရာနေ့ရက်များ မရှိတော့ဘဲ ကြမ္မာငင်သော နေ့ဆိုးနေ့ရက်များကိုသာ ရင်ဆိုင်ကြုံတွေ့ လာရပေသည်။ ထိုအထဲတွင် မျက်မှောက်ခေတ် ဆယ်စုနှစ် ၆ ခုကာလအတွင်း ပေါ်ပေါက်ခဲ့သော စစ်တွေ ဆန်ပြဿနာနေ့နှင့် ဆရာကြီး ဦးသာထွန်းနေ့တို့လည်း ပါဝင်သည်။ အဆိုပါနေ့ရက်များတွင် ဆရာကြီး ဦးသာထွန်းအပါအ၀င် ရခိုင်အမျိုးသားများမှာ စစ်အာဏာရှင်များ၏ လက်ပါးစေများလက်ချက်ဖြင့် ကျဆုံး ခဲ့ကြရသည်။ သူတို့အားလုံးသည် စနစ်၏သားကောင်များဖြစ်ခဲ့ကြရသည်။ သို့သော်လည်း အများအကျိုးအတွက် တနည်းအားဖြင့်ဆိုလျှင် ရခိုင်အမျိုးသားများအတွက် ဆောင်ရွက်ရင်း ပေးဆပ်ခဲ့ကြသူများ ဖြစ်သည်။

ကျွန်တော်တို့သည် ထိုသို့ကျဆုံးသွားခဲ့ကြသူ ရဲဘော်ရဲဘက်များအား အမြဲအမှတ်ရနေကြပါသည်။ ရောက်သည့်နေရာ ရောက်သည့်တိုင်းပြည်များ၌ သူတို့၏ဂုဏ်ကျေးဇူးကို အောက်မေ့သောအားဖြင့် ဦးညွတ် အလေးပြုနေကြမည်ဖြစ်ပါသည်။ ယခုလတွင် ကျရောက်ခဲ့သော သြဂတ်(စ်) ၁၃ရက်နေ့နှင့် ဆရာကြီး ဦးသာထွန်း နေ့တို့တွင်လည်း ကျဆုံးသွားခဲ့ကြသော ရဲဘော်ရဲဘက်များနှင့် ဆရာကြီးဦးသာထွန်းအား ကျွန်တော်တို့ ဂုဏ်ပြု ပါသည်။

၎င်းအပြင် အနာဂတ်မျိုးဆက်သစ် ရခိုင်လူငယ်များအနေဖြင့် အဆိုပါနေ့ရက်များအပြင် တခြားသမိုင်းဝင်နေ့ရက် များအား အစဉ်သတိရ အောက်မေ့ဂုဏ်ပြု တတ်ကြစေရန်နှင့် ဖြစ်ပေါ်ခဲ့သော ရင်နင့်စရာ နေ့ရက်များအပေါ် မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ထိုမှတဆင့် ကောင်းမွန်တိုးတက်သော အမျိုးသားရေးအသိနှင့် မျိုးစောင့်တရား ရှင်သန်ထက်မြက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြပါရန် ဤသြဂတ်(စ်)လ အခါသမယတွင် အယ်ဒီတာအာဘော်မှတဆင့် ရေးသားတိုက်တွန်းလိုက်ရပေသည်။

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.