နိုင်ငံတကာအားနှင့် ပြည်သူလူထုအားကို ပေါင်းစုလျင် နအဖစစ်အစိုးရ ပြုတ်ကျကို ပြုတ်ကျရမည်။
သြဂတ်(စ်)လမှ စတင်ပြီး ရဟန်းသံဃာတော်များ ဦးဆောင်သော ရွှေဝါရောင် တော်လှန် ရေးကို နအဖစစ်အစိုးရက လက်နက်အားကိုးဖြင့် သတ်ဖြတ်နှိမ်နှင်း ဖြေရှင်းခဲ့သဖြင့် ဆန္ဒပြလူထု လှုပ်ရှားမှုများမှာ အောက်တိုဘာလ ဆန်းပိုင်းကစတင်ပြီး ရပ်တန့်သွားခဲ့ သည်။
ဆန္ဒပြပွဲများအား နအဖစစ်အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် လမ်းပေါ်ထွက် ဆန္ဒပြပွဲများ ရပ်တန့်သွားခဲ့ရသော်လည်း ယနေ့ပြည်သူများတိုက်ပွဲဝင်နေသော စစ်အာဏာရှင်စနစ် ဖြုတ်ချရေး။ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲသည် ကျရှုံးသွား ခြင်းကား မဟုတ်ပေ။
ယခုအခါ နအဖစစ်အုပ်စု၏ ရဟန်းတော်များနှင့် ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်မှုအပေါ် မြန်မာပြည်သူလူထုကြီးအတွင်း ပို၍မခံမရပ် နာကျည်းသွားကာ နအဖ စစ်အစိုးရအပေါ် ပြည်သူလူထုကြီး၏ မလိုမုန်းတီးမှုသည် ထိပ်ဆုံအဆင့်သို့ ရောက်ရှိသွားပြီး ဖြစ်သည်။
ထိုနာကျဉ်းမှုသည် မြန်မာလူထုကြီးတရပ်လုံးအတွင်းသာမက ကမ္ဘာ့မိသားစုများ အတွင်း တွင်လည်း ကိန်းအောင်းနေရာယူသွားပြီး ယခုကဲ့သို့အလွန်ရက်စက်ကြမ်းကြုတ် ဆိုးရွား နေသော အစိုးရတရပ် ကမ္ဘာပေါ်တွင် ရှိနေရန်မလိုအပ်တော့ကြောင့် ကမ္ဘာ့မိသားစုကြီးက သဘောပေါက်လာခဲ့ကြပြီး ဖြစ်သည်။
သို့အတွက် မြန်မာစစ်အစိုးရအား ကျော့ထောက်နောက်ခံပြုပေးထားသော တရုတ်အစိုး ရသည် မြန်မာအရေးနှင့် ပတ်သတ်ပြီး ကမ္ဘာ့နိုင်ငံများ၏ ဖိအားပေးမှုကို ခံလာရပြီး မြန်မာ့ စစ်အစိုးရအပေါ် ထားရှိသောသူတို့၏ သဘောထားကို ပြန်လည်ဆန်းစစ်လာရသည်။
အလားတူ မြန်မာစစ်အစိုးရအပေါ် အပြုသဘောဖြင့် ဆက်ဆံရေးမူကို ချမှတ်ထားသော အာစီယံနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံအရေးကို လက်ပိုက်ကြည့်နေ၍ မရတော့ သော အဆင့်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလွဲမှုများ အမြန်ဆုံးပြုလုပ် ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြပြီး မြန်မာစစ်အစိုးရအပေါ် ပြောင်းလဲမှုများ အမြန်ဖြစ်ပေါ်လာရန်အတွက် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုမှုများ ပြုလုပ်လာခဲ့သည်။
သို့အတွက် မြန်မာနိုင်ငံတွင် ရဟန်းတော်များ ဦးဆောင်ခဲ့သည့် လတ်တလော ပေါ်ပေါက်ခဲ့သော လူထုလှုပ်ရှားမှုကြီးသည် စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွဲ သတ်ဖြတ်မှုကြောင့် ရပ်ဆိုင်းသွားခဲ့ရသော်လည်း ယင်းနောက်ပိုင်းတွင် အဆိုပါလှုပ်ရှားမှု၏ ဂယက်ကြောင့် မြန်မာအရေးကိစ္စမှာ ကမ္ဘာနိုင်ငံရေးဇာတ်ခုံပေါ်တွင် နေရာယူလာခဲ့ရသည်။
သို့အတွက် ရဟန်းတော်များ ဦးဆောင်သောာ ရွှေဝါရောင် တော်လှန်ရေးသည် ယခုအခါ ရပ်ဆိုင်းသွားသော်လည်း ရပ်ဆိုင်းခြင်းမှာ ယာယီသဘောဖြစ်ပြီး ကြီးမားသော လူထု ဆန္ဒပြပွဲများမှာ ကမ္ဘာ့မိသားစုများ၏ ထောက်ခံအားပေးမှုများနှင့်အတူ နောက်ထပ်မလွဲ မသွေ ဖြစ်ပေါ်ရန် အခြေအနေများစွာဖြစ်ပေါ်နေသည်။
ယခုအခါ မြန်မာဒီမိုကရေစီ ရရှိရေးတိုက်ပွဲသည် မြန်မာနိုင်ငံအတွင်း၌သာမက ကမ္ဘာ တွင်ပင် အရှိန်အဟုန်ကောင်းလာရာ မြန်မာပြည်သူလူထုကြီးနှင့် ကမ္ဘာ့လူထုကြီး ပူးပေါင်း အားဖြင့် စုရုံးတွန်းလှန်လျင် နအဖစစ်အစိုးရ ပြုတ်ကျကို ပြုတ်ကျရမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း အယ်ဒီတာအာဘော်ကတဆင့် ရေးသားတင်ပြလိုက်ရပါသည်။
*****