မိုးမရွာ၍ မောင်တောတွင် မိုးခေါ်ပွဲကျင်းပ

၆၊၂၇၊၂၀၀၉

ဇွန်လကုန်ပြီး ၀ါဆိုမည့် ရက်နီးကပ်လာပြီ ဖြစ်သော်လည်း မိုးမရွာသေးသဖြင့် မောင်တောမြို့တွင် ဆရာတော်ကြီးများ ဦးဆောင်ပြီး မိုးခေါ်ပွဲကို ကျင်းပခဲ့သည်။

မောင်တောမြို့မှ ကုန်သည် တဦးဖြစ်သူ ဦးကျော်မြှင့်က “ဆရာတော်ကြီးတွေနဲ့ ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေက မြို့ကို ပတ်ပြီး ငရံ့မင်း ပရိတ်တော်ကို ရွှတ်ကာ မိုးခေါ်ခဲ့တာ ဖြစ်ပါတယ်။ မိုးမရွာတဲ့အတွက် ဘာသာရေး ထုံးတန်း စဉ်လာနဲ့ အညီ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိုးခေါ်ပွဲ ကျင်းပတာ ဖြစ်ပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ယခု အချိန်ထိ မိုးမရွာသေးသဖြင့် တောင်သူ လယ်သမားများမှာ လယ်မထွန်ရဘဲ ဖြစ်နေသဖြင့် တောင်သူလယ်သမားများမှာ လယ်ယာလုပ်ငန်း ပျက်စီးမှာကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တောင်သူ လယ်သမားများ အနေဖြင့် နှစ်စဉ် နှစ်တိုင်း ဇွန်လဆန်းတွင် လယ်ထွန်လေ့ရှိသော်လည်း ယခုနှစ်တွင် ဇွန်လကုန်သည်အထိ လယ် မထွန်ရဘဲ ဖြစ်နေသည်။

ဦးကျော်မြှင့်က “ဟိုနှစ်က ဒီအချိန်ဆိုရင် စပါးစိုက်လို့ တ၀က်ကျော် ပြီးနေပါပြီ။ ခုနှစ်က လယ်မထွန်နိုင်သေးတဲ့ အပြင် ပျိုးစပါးတောင် မချနိုင်သေးပါဘူး။ ခုလို မိုးခေါင်နေတာဟာ မောင်တော တမြို့နယ်တည်း မဟုတ်ပါဘူး။ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ ပလက်ဝနဲ့ မြောက်ဦး အပါအ၀င် တခြားမြို့နယ်တွေမှာလည်း မိုးခေါင်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲသို့ မိုးခေါင်နေသဖြင့် တောင်သူ လယ်သမားများ အနေဖြင့် စပါးများကို အချိန်မှီ မစိုက်ပျိုးနိုင်၍ လာမည့် နှစ်တွင် စပါး အထွက်နုန်းကျဆင်းမည်ကို အထူး စိုးရိမ်နေကြသည်ဟု သတင်းများ ရရှိသည်။

အလားတူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း မိုးခေါင်နေသဖြင့် စစ်တကောင်းတောင်တန်းနယ် အပါအ၀င် နေရာ အတော် များများတွင် ယခုအချိန်ထိ စပါး မစိုက်ပျိုးနိုင်သေးကြောင်း သိရသည်။

ယခုကဲ့သို့ မိုးခေါင်နေခြင်းမှာ ရာသီဥတု ပြောင်းလဲလာမူ၏ ဆိုးကျိုး ဖြစ်သည်ဟု ဘင်္ဂလာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ပြောဆိုနေကြသည်ဟု သိရသည်။

----------------------------------- ----------------------------------- ----------------------------------- -----------------------------------
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)