တခါကရွာတရွာမှာ အသက်လေးဆယ်ကျော်အရွယ်ခန့် နောက်ပြောင်ကျီစယ်တတ်တဲ့ လူတဦးရှိတယ်လို့ ဆိုပါတယ်။ သူ့နာမည်ကိုတော့ ရွာကကာလသားတွေက ကိုကြာအောင်လို့ခေါ်ကြပါတဲ့။ သူက ရွတ်ရွတ်နောက် နောက်စကားတွေ ပြောတတ်တဲ့အတွက် သူ့အနားမှာ တရွာလုံးကာလသားတွေ အားလပ်တဲ့အချိန်တိုင်းမှာ ဟိုအကြောင်းမေး ဒီအကြောင်းမေးနဲ့ သူ့အနားမှာဝိုင်းအုံနေလေ့ရှိပါသတဲ့။ သူ့အိမ်ရှေ့က ကွပ်ပျစ်ကလေး ဟာလည်း ကာလသားတွေနဲ့ အမြဲစည်ကားနေတယ်လို့ ဆိုပါတယ်။ အဲသလိုနဲ့ တနေ့ကျတော့ သူတို့ရွာကို မြို့ပေါ်က သားဖွားဆရာမ သုံးဦးတာဝန်ကျလာတယ်လို့ ဆိုပါတယ်။ ဆရာမသုံးဦးစလုံး ကျေုးရွာသူတွေနဲ့ မတူဘဲ အ၀လွန်တဲ့အပြင် စီးထားတဲ့ဘိနပ်တွေကလည်း ဒေါက်မြင့်ဘိနပ်တွေဆိုတော့ လမ်းလျှောက်ရင် တင်ဆုံကြီးတွေပါ လှုပ်ပါနေတယ်လို့ဆိုပါတယ်။ သားဖွားဆရာမ သုံးဦးစလုံး လမ်းသွားရင် တင်ဆုံကြီးတွေ လှုပ်နေတာဟာ ကျေးရွာမှာနေထိုင်တဲ့ ကာလသားတွေအတွက် အထူးစိတ်ဝင်စားစရာ ကိစ္စတရပ်ဖြစ်နေ တယ်လို့ဆိုပါတယ်။
ကာလသားတွေ အတွင်းမှာလည်း ဆရာမတွေ တင်ဆုံကြီးလှုပ်တာကို အမျိုးမျိုးဝေဖန်ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။ တနေ့တော့အဲဒီပြဿနာဟာ ကိုကြာအောင်ဆီကို ရောက်သွားပါသတဲ့။ ကိုကြာအောင်ကလည်း သိတဲ့အတိုင်း နဂိုကမှရွတ်ရွတ်နောက်နောက် ပြောဆိုတတ်သူဆိုတော့ အတည်ပေါက်ကြီးနဲ့ ဆရာမတွေ တင်ဆုံကြီးတွေလှုပ်တာကို ကာလသားတွေကို အခုလိုပြောလိုက်ပါသတဲ့။
အဟမ်း အဟမ်း မင်းတို့အမြဲတန်းမှတ်ထား “စစ်တွေမှာရှိတဲ့ သားဖွားဆရာမတွေ သင်တန်းမှာ ဆေးပညာမသင်မီ ရင်လှုပ်သင်တန်းနဲ့ ဖင်လှုပ်သင်တန်းကို အရင်စသင်ရတယ်။ ရင်လှုပ်နဲ့ဖင်လှုပ် သင်တန်းအောင်ပြီးမှ သားဖွားဆရာမသင်တန်းကို တက်ခွင့်ပြုတယ်လို့” ဆိုပါသတဲ့။
ကာလသားတွေကလည်း ဘာဖြစ်လို့ “တင်လှုပ်သင်တန်းကိုတက်ရပါသလဲ”လို့ စောဒကတက်တော့ ပတ်ဝန်း ကျင်က ဆရာမတွေကို “ပိုအားရုံစိုက်စေချင်လို့” ဖြစ်တယ်လို့ ကိုကြာအောင်က ခပ်တည်တည်နဲ့ ပြောလိုက်ပါသတဲ့။
အေးသလိုကိုကြာအောင် ရှင်းပြတဲ့စကားဟာ တယောက်စကား တရွာနားဆိုသလို ဆရာမတွေရဲ့ နားကိုရောက် သွားပါသတဲ့။ ဆရာမတွေကလည်း ကိုကြာအောင်စကားကိုကြားတော့ တော်တော်ကို ဒေါသထွက်သွားပြီး ကိုကြာအောင်ကို လက်စားပြန်ချေဖို့အခွင့်အရေးကို စောင့်နေကြတယ်လို့ဆိုပါတယ်။ တနေ့မှာတော့ ကိုကြာအောင်ဟာ မိုးမိပြီးအကြီးအကျယ်ဖျားပါသတဲ့။ အေးသလိုနဲ့ ရွာဆေးပေးခန်းက ဆရာမတွေဆီမှာဆေး လာပြပါသတဲ့။
ဆရာမတွေကလည်း ဒီတခါတော့ လက်စားချေနိုင်တော့မယ်ဆိုပြီး အပူတွေဘာတွေတိုင်း ဆေးစာတွေ ဘာတွေရေးပီး အရမ်းဖျားနေတဲ့အတွက် ဆေးထိုးရမယ်လို့ဆိုပါသတဲ့။ ကိုကြာအောင်ရဲ့ရောဂါကလည်း ဆေး သောက်ရင်ပျောက်နိုင်ပေမယ့် သူ့ကိုဆုံးမချင်တာနဲ့ ဆေးမထိုးရင်မရဘူးလို့ ဆရာမတွေကဆိုတာဖြစ်ပါတယ်။ ဒီလို့နဲ့ဆရာမတွေကဆေးခန်းမှာ အကြီဆုံးဆေးထိုးတံကိုယူခဲ့ပြီး တုံးနေတဲ့ဆေးထိုးအပ်တချောင်းကို ဆေးထိုး တံမှာတပ် မိုးရေတလုံးကိုထည့်ပြီး ဆေးထိုးအပ်ကို ကိုကြာအောင်ရဲ့အနားမှာ ကပ်ပြီးလှုပ်ပြလိုက်ပါ သတဲ့။
ကိုကြာအောင်လည်း ကြက်သီးမွေးညင်းတွေ ထသွားပါသတဲ့။ ကဲတင်ပါးလှန်လို့ဆိုလိုက်တာနဲ့ ကိုကြာအောင်က ဆေးထိုးခံရမှာကြောက်တော့ ဆေးမထိုးပါရစေနဲ့လို့ဆိုပြီး ဆေးထိုးခံမယ့်တင်ပါးကို ဟိုဘက်ရွေ့လိုက် ဒီဘက် ရွေ့လိုက်လုပ်နေပါသတဲ့။ ဆေးထိုးမယ့်ဆရာမက နောက်ဆုံးစိတ်မရှည်တော့ဘဲ “သင်တန်းမတက်ဘဲ ဒီလောက် တောင်လှုပ်တဲ့ဖင်” ဆိုပြီးတော့ ကိုကြာအောင်တင်ပါးကိုလက်ဝါးနဲ့ပုတ်ပြီး ဆေးထိုအပ်အတုံးကြီးကို ထိုးထည့် လိုက်တာ ကိုကြာအောင်ခမျှာ"အမေလေးသေပါပြီ"ဆိုပြီး တခွန်းသာအောင်နိုင်ပြီး ပုဆိုးမစစ်အကျီင်္မစစ် ဆေးခန်းထဲက ထွက်ပြေးသွားခဲ့ပါသတဲ့။ ဆရာမတွေလည်း ကိုကြာအောင်ကို လက်စားချေလိုက်ရတဲ့အတွက် သူ့အဖြစ်ကိုကြည့်ပီး တခိခိရယ်မောကုန်ကြပါသတဲ့။