၂၀၀၀-ခုနှစ်မတိုင်မီ ၀န်းကျင်ခန့်က ဖြစ်ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်တယောက် အတွင်းရေးမှူး (၁)အဖြစ် တာဝန်ယူထားတဲ့ကာလပါ။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့်ရဲ့ သြဇာအာဏာ အရှိန်အ၀ါက တော်တော်ကြီးတဲ့အချိန်ပါ။ တနေ့တော့ စစ်တွေကိုဗိုလ်ချုပ်ခင်ညွန့် လာလည် မယ်ဆိုတဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေ ရခိုင်ရိုးရာအက အဖွဲ့ဝင်တွေ ရခိုင်စည်တော်တီးအဖွဲ့ဝင်တွေ အားလုံးအလုပ်ရှုပ်နေကြရ ပါသတဲ့။
အကြောင်းကတော့ ဗိုလ်ချုပ်ခင်ညွန့်ကို စစ်တွေလေဆိပ်မှာ မင်းခန်းမင်းနားနဲ့ ကြိုဆိုရမယ် လို့ဆိုပီး ဗိုလ်ချုပ်ခင်ညွန့်က ညွှန်ကြားတဲ့အတွက်ဖြစ်ပါတယ်။ ဌာနဆိုင်ရာ အရာရှိကြီးတွေက လည်းသူလာရင် စစ်တွေလေဆိပ်မှာ ကြိုဆိုဖို့အတွက် စစ်တွေကအရုပ်လှ မိန့်ခလေးတွေကို ရွေးချယ်ရ၊ တည်ခင်းဧည့်ခံဖို့ အစီအစဉ်တွေချမှတ်ရနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်မလာခင် (၁၀)ရက် လောက်ကတည်းက တခြားအလုပ်တွေကို မလုပ်ရဘဲနဲ့ကြိုဆိုဖို့ အစီစဉ်နဲ့ဘဲအလုပ်ရှုပ် နေကြရပါသတဲ့။ ရခိုင်ရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်တွေကလည်း အကတိုက်ရ၊ အ၀တ်သစ်တွေ ခြုပ်ရနဲ့ လူတိုင်းလိုလိုက အဲဒီကာလမှာ အရေးတကြီး ဖြစ်နေကြရပါသတဲ့။ အဲဒီအထဲမှာ စစ်တွေက ရခိုင်စည်တော်တီးအဖွဲ့လည်း ပါဝင်ပါတယ်။ ရခိုင်စည်တော်တီး အဖွဲ့ဆိုတာက လည်း သိတဲ့အတိုင်းဘဲ ရခိုင်ရိုးရာယဉ်ကျေးမှုတွေကို ဖေါ်ထုတ်ဖို့အတွက် ရခိုင်မျိုးချစ်တွေနှင့် ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်ကို ရခိုင်စည်တော်တီးပြီး စစ်တွေလေဆိပ်မှာ ကြိုဆိုရမှာကို မလိုလားဘဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အထက်ထောက် လှမ်းရေး အာဏာပိုင်တွေက အတင်းအကြပ် ညွှန်ကြားထားတော့ ဘယ်လိုမှမတတ်နိုင်ဘဲ ရခိုင်စည်တော်တီးပြီး ကြိုဆိုရမယ့် အနေအထားကို ရောက်နေပါသတဲ့။
အဲသလိုနဲ့ တနေ့ကျတော့ သတ်မှတ်ထားတဲ့နေ့အတိုင်း ဗိုလ်ချုပ်ခင်ညွန့် ရန်ကုန်ကနေ စစ်တွေကို လေယဉ်နဲ့လာပါသတဲ့။စစ်တွေမြို့မှာရှိတဲ့ နို့သောက်တုတ်ထောက်ကလွဲပြီး တမြို့လုံးသွားရောက်ပြီး ကြိုဆိုရပါသတဲ့။ အဖွဲ့အစည်းတွေအသီးသီး၊ အကအဖွဲ့ အသီးသီး အပါအ၀င် ကြံ့ဖွတ်အဖွဲ့ဝင်တွေ၊ မီးသတ်ပုလိပ်တွေအားလုံး စစ်တွေလေဆိပ်အပါ အ၀င်လမ်း တလျှောက်လုံးမှာ သူ့အဖွဲ့နှင့်သူနေရာယူပြီး ကြိုဆိုကြရပါသတဲ့။ ဗိုလ်ချုပ်ခင်ညွန့် လေယဉ် ပေါ်က ဆင်းရင်ဆင်းချင်း ကြိုဆိုရမယ့် ပထမဆုံးအဖွဲ့က ရခိုင်စည်တော်တီး အဖွဲ့ဖြစ်ပါသတဲ့။ သူတို့ကရခိုင်စည်တော်ကိုရွှမ်းပြီး မင်းခန်းမင်းနားမှာတီးတဲ့ မင်္ဂလာစည်တော်ကိုတီးပြီး ဗိုလ်ချုပ်ခင်ညွန့် လေယဉ်ပေါ်ကအဆင်းမှာ ကြိုဆိုရမှာအတွက်ကြောင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ် ခင်ညွန့် လေယဉ်ပေါ်ကဆင်းလာပါပြီ။ ရခိုင်စည်တော်တီးအဖွဲ့က စည်တော်(၁၀)လုံးကို ရွှမ်းပြီး တပြိုင်နက်တည်း တီးခတ်လိုက်တာဟာ စည်တော်သံတွေဟာ မိုးယံသို့မြင့်တက်ဆူညံ သွားပါတယ်။ စည်တော်တီးခတ်သံတွေကလည်း အနိမ့်အမြင့် သံစဉ်လှိုင်းတွေလိုတခုပြီးတခု ပြောင်းလွဲသွားပါသတဲ့။ ဗိုလ်ချုပ်ခင်ညွန့်လည်း မျက်နှာစပ်ဖြဲဖြဲနဲ့ လက်တွေဝှေ့ရမ်းပြီးနဲ့ လေယဉ်ပေါ်က ဆင်းလာပါသတဲ့။
ကြိုဆိုကြတဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေ၊ ဌာနဆိုင်ရာကလူကြီးတွေနဲ့ လူအုပ်ကြီးကိုမြင်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ သဘောအကျကြီးကျပြီး အူမြူနေပါသတဲ့။ ဒါပေမယ့်လည်း သူရဲ့ ပျော်ရွှင်မှုခဏဘဲ ခံလိုက်တယ်လို့ဆိုပါတယ်။ သူနဲ့ရင်းနှီးတဲ့ ရခိုင်အမျိုးသမီးကြီးတဦးကသူ့ အနားမှာကပ်ပြီး တစုံတရာကို ပြောလိုက်တဲ့နောက်မှာ ဗိုလ်ချုပ်ခင်ညွန့်ဟာ မျက်နှာကွက်ခနဲ ပျက်သွားပြီး ဘယ်သူ့ကိုမှ စကားမပြောတော့ဘဲ အနောက်ပိုင်းတိုင်းက ဧည့်ရိပ်သာကို ချက်ချင်းတန်းပြန်သွားပါသတဲ့။ နောက်ထပ်တနာရီခန့် အကြာမှာတော့ စည်တော်တီးအဖွဲ့ ၀င်တွေ အကုန်လုံးကို စစ်ထောက်လှမ်းရေးက ဖမ်းဆီး ခေါ်ဆောင်သွားပါသတဲ့။
အကြောင်းကတော့ ရခိုင်စည်တော်တီးအဖွဲ့ဝင်တွေဟာ ဗိုလ်ချုပ်ခင်ညွန့်ကို စည်တော်တီးပြီး ကြိုဆိုတဲ့နေရာမှာ မင်္ဂလာစည်တော်ကိုမတီးဘဲ အမင်္ဂလာနဲ့အသုဘချတဲ့ အခမ်းအနားတွေမှာ တီးတဲ့စည်တော်တီးလုံးကို တီးခတ်ပြီး ကြိုဆိုလိုက်တဲ့အတွက် ဖြစ်ပါတယ်။ ရခိုင်စည်တော် တီးအဖွဲ့ခေါင်းဆောင် ကျောင်းဆရာတဦးကတော့ မူလတန်းကျောင်းအုပ် ဆရာကြီးအလုပ် ကပြုတ်ပြီး ထောင်(၅)နှစ်စီရင် ချမှတ်ခြင်းကို ခံလိုက်ရပါသတဲ့။
(သွတ် သွတ် အဟွတ် အဟွတ်)