ရခိုင်ပြည်နယ်က ကျေးရွာတရွာမှာ နအဖစစ်သားတွေနဲ့ ရင်းနှီးစွာ ဆက်ဆံ ပေါင်းသင်းပြီး ကိုယ်ကျိုးအကျိုးစီးပွားကို တည်ဆောက်နေတဲ့ ရ၀တ လူကြီး တယောက်ရှိပါသတဲ့။အေးဒီရ၀တလူကြီးဟာ နအဖစစ်သားတွေ ရွာကိုလာရင် ရွာကကြက် သုံးကောင် တောင်းရင် ရွာသားတွေဆီက ကြက်ငါးကောင်တောင်းပြီး သုံးကောင်ကို စစ်သား တွေကိုပေး နှစ်ကောင်းကိုတော့ ကိုယ့်အတွက် အသာကလေး ယူထား လိုက်တဲ့ ပုံစံမျိုးနဲ့ ခေါင်းပုံဖြတ်လေ့ရှိပါသတဲ့။
မြို့ပေါ်က နအဖအရာရှိကြီးတွေ လာလည်တဲ့အခါမှာလည်း ဧည့်ခံကျွေးမွေး စရိတ်ဆိုပီး ပိုက်ဆံကောက်ရင် ငွေ၁၀၀၀ကုန်မယ့် နေရာမှာ ၂၀၀၀ကောက်ပီး ကျန်တထောင်ကို ကိုယ့်အတွက် ယူထားလိုက်ပါသတဲ့။ အခုလိုအကျိုး အမြတ်တွေ ရရှိနေတော့ ရ၀တဥက္ကဌ ဖြစ်နေတဲ့အပေါ် သူတော်တော်ကို ဘ၀င် ခွေနေပါသတဲ့။
အေးသလို တနေ့ကျတော့ ရ၀တတို့နေတဲ့ရွာကို စစ်တပ်စစ်ကြောင်းတကြောင်း ရောက်လာပါသတဲ့။ ရောက်လာတာနဲ့ချက်ချင်း ရ၀တလူကြီးအိမ်ကို ရောက်လာ ပါတယ်။ ရ၀တလူကြီးကလည်း ဒီတခေါက်လာတဲ့ စစ်သားတွေက တော်တော် များပါလာတာကိုမြင်တော့ ကြက်ဆယ်ငါးကောင်းလောက် ရွာထဲကကောက်ပီး ဆယ်ကောင်ကို စစ်သားတွေပေး၊ ကျန်ငါးကောင်ကို ကိုယ်ယူရမယ်ဆိုပီး တွေးပျော်နေလိုက်ပါသတဲ့။
အေးသလိုနဲ့ စစ်သားတဦးက ဥက္ကဌစားဖို့သောက်ဖို့ စီစဉ်ပေးဖို့အတွက် ဗိုလ်ကြီးက အကြောင်းကြားခိုင်းလိုက်တယ်လို့ လာပြောပါသတဲ့။ ရ၀တ လူကြီးကလည်း ကိစ္စမရှိဘူး “ ရဲဘော်” ဆိုပြီး ပြန်ပြောလိုက်ပါသတဲ့။ ရဲဘော်လို့ အခေါ်ခံရတဲ့စစ်သား ချက်ချင်းထလာပြီး ရ၀တလူကြီး နရင်းကို လက်ဝါးနဲ့ အုပ်ထည့်လိုက်ပါသတဲ့။“ ဒို့တပ်မတော်မှာ ရဲဘော်ဆိုတာ မရှိဘူး။” တိုင်းပြည် တာဝန်ကို အသက်နဲ့လဲပီး ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်သားတွေ ဖြစ်တဲ့အတွက် တပ်မတော်သားအားလုံးကို “ ဆရာလေး” လို့ခေါ်ရမယ်လို့ ဆိုပါသတဲ့။ ရ၀တဥက္ကဌကလည်း “ ဟုတ်ကဲ့ခင်ဗျား ဟုတ်ကဲ့ ခင်ဗျား မသိလို့ပါ ဆရာလေးရယ်” ဆိုပီး အသာလေးငြိမ်နေလိုက်ရ ပါသတဲ့။ ရ၀တလူကြီးလည်း ရွာကကြက်တွေကောက် အိမ်တိုင်စေ့ထမင်းချက်ခိုင်းပြီး စစ်တပ်ကိုသွားပို့ လိုက်ပါသတဲ့။
အေးသလိုနဲ့ များမကြမီ တခြားစစ်ကြောင်းတကြောင်း ရ၀တ ဥက္ကဌတို့ရွာကို ရောက်လာပါသတဲ့။ ထုံးစံအတိုင်းပါဘဲ ရ၀တလူကြီးအိမ်ကိုရောက်လာပြီး ကြက်တောင်းပါသတဲ့။ အေးဒီတော့ ရ၀တလူကြီးကလည်း ခဏစောင့်ပါ။ ကျွန်တော်စီစဉ်ပေးပါမယ် “ ဆရာလေး” လို့ ဆိုလိုက်ပါသတဲ့။ အေးဒီစစ်သား ကလည်း ချက်ချင်းထလာပြီး ရ၀တဥက္ကဌကို နရင်းကို ပစ်ထိုးလိုက်ပါ သတဲ့။“ ခင်ဗျားတို့ တပ်မတော်သားတွေကို မေသီလရှင်များ အောက်မေ့ နေသလား” “ နောက်တခါဆရာလေးလို့” ခေါ်ရင် သေပီသာမှတ်ဆိုပြီး ကြိမ်မောင်း ထွက်သွားပါသတဲ့။
စစ်သားတွေလာတိုင်း နရင်းအုပ်ခံနေရတော့ ကြက်သားစားရတာနဲ့ နရင်းအအုပ်ခံရတာနဲ့ မကာမိတော့ ရ၀တဥက္ကဌကြီးဟာ နောက်တော့ ဥက္ကဌ တာဝန်က နှုတ်ထွက်ပြီး သာမန်အရပ်သားဘ၀နဲ့ ရပ်တည်နေထိုင် သွားခဲ့ ပါသတဲ့။