သို့
အယ်ဒီတာ
ခရီးသွားလာခွင့်ရရှိစေလို
ကျွန်တော်တို့နေထိုင်ရာ ဘူးသီးတောင်နှင့်မောင်တောတွင် အစိုးရအရာရှိများက မူဆလင်ဘာသာဝင်များ၏ ခရီး သွားလာခွင့်ကို ပိတ်ပင်ထားပါသည်။ ကျွန်တော်တို့မှာ ဗမာပြည်ကိုသွား၍မရသည်သာမက ရခိုင်ပြည်နယ် အတွင်းရှိ မြို့တခုမှတခုကို သွားလာ၍မရသလို ကျေးရွာတရွာနှင့်တရွာအကြားတွင်လည်း သွားလာ၍မရဖြစ်နေ ပါသည်။ ၎င်းပြင်ကျွန်တော်တို့အား နစကနှင့်ကျေးရွာလူကြီးဆိုသူတို့မှ အထူးနှိပ်စက်နေပါသည်။ ခရီးသွား လက်မှတ်တစောင် တခါတောင်းလျှင်လည်း ငွေ (၅၀၀) မဟုတ်ပါက (၁၀၀၀) တောင်းပါသည်။ ကျွန်တော်တို့မှာ ယခုနအဖခေတ်တွင် အလွန်ဒုက္ခရောက်နေကြရပါသည်။ ကျွန်တော်တို့အား သူတို့အလုပ်များတွင်လည်း ငွေမ ပေးဘဲအလုပ်ခိုင်းပါသည်။ လယ်များ၊ အိမ်များ၊ ကြက်များ၊ ကြက်ဥများ၊ နွားများ၊ ငှက်ပျောခိုင်များ အားလုံး ကိုသိမ်းပါသည်။ ကျွန်တော်တို့မှာ လူမဟုတ်သကဲ့သို့ နစကများက ဆက်ဆံပါသည်။ သူတို့မကြိုက်လျှင်လည်း ရိုက်နှက်ဆဲဆိုပါသည်။ ခြေထောက်များနှင့် ကန်ကျောက်ပါသည်။
ကျွန်တော်တို့မှာ ခရီးသွား၍မရသည်အထဲ ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ခံနေရပါ၍ စာရေးပြီးတင်ပြလိုက်ပါသည်။ လွတ်လပ်စွာ ခရီးသွားလာခွင့်များလည်း အမြန်ရရှိစေလိုပါသည်။
ဇော်ဖေါ့အူလ္လာ
မောင်တောမြို့