ကျွန်တော်တို့ စစ်တွေမြို့ရှိ ပြည်နယ်အားကစားကွင်းအား နိုင်ငံတော်အစိုးရမှ အရေးတစိုက် ပြုပြင်လုပ်ကိုင်ခြင်းမရှိသဖြင့် ယခုအခါ ရခိုင်ပြည်နယ် ဂုဏ်ဆောင် အားကစားကွင်းမှာ နွားရုံကဲ့သို့ ဖြစ်နေပါသဖြင့် မခံမရပ်နိုင်၍ တင်ပြလိုက်ရပါသည်။
ယနေ့တိုင်းပြည်အာဏာ ရယူထားသော နအဖခေါ် နိုင်ငံတော်အစိုးရမှ မြန်မာအားကစား ဖွံြ့ဖိုးတိုးတက်ရေး အဖက်ဖက်မှ ဆောင်ရွက်လုပ်ကိုင်ပေးနေကြောင်း သတင်းစာရေဒီယိုများမှ မကြာခဏ ကြေငြာပြောကြားနေ သော်လည်း စစ်တွေရှိ ရခိုင်ပြည်အားကစားကွင်းအား ပြုပြင်လုပ်ကိုင်ပေးခြင်းမရှိသဖြင့် အားကစားကွင်းအတွင်းရှိ ပွဲကြည့်စင်ခုံတန်းများ ကျိုးပဲ့ပျက်စီးနေပြီး အနောက်ဘက်ရှိ လူကြီးများပွဲကြည့်စင် သံဖြူခေါင်းမိုးများမှ မိုးယိုပြီး မြင်၍မကောင်းဖြစ်နေပါသည်။ ၎င်းအပြင် ကွင်းထဲတွင်လည်း ရွံ့ဗွတ်များထပြီး ကျွဲလူးအိုင် ကဲ့သို့ ဖြစ်နေပါသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်အားကစားကွင်းအား ပြုပြင်ပေးမှုတစုံတရာမရှိဘဲ ပစ်ပယ်ထားခြင်းမှာ ရခိုင်ပြည်နယ် အားကစား မဖွံ့ဖြိုးမတိုးတက်စေရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပြီး အားကစားကဏ္ဍ၌ ရခိုင်ပြည်နယ်အား အောက်အကျဆုံးဖြစ်အောင် နအဖစစ်အစိုးရမှ စီစဉ်နေသည်မှာ သိသာထင်ရှားပါသည်။ သို့အတွက် ရခိုင်ပြည်နယ်မှ အဖိုးတန်သယံဇာတပစ္စည်းများအား နိုင်ငံတကာသို့ ထုတ်ယူရောင်းစား၍ ရရှိထားသော ငွေကြေးများဖြင့် ရခိုင်ပြည်နယ် အားကစားကွင်းအား နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် တည်ဆောက်ရန် ရခိုင်လူမျိုးများကိုယ်စား နအဖ နိုင်ငံတော်အစိုးရကို တောင်းဆိုလိုက်ပါသည်။
ရခိုင်ပြည်နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကို မြင်လိုသူ
ဘော်လုံးကွင်းရပ်ကွက်
စစ်တွေမြို့