သို့
အယ်ဒီတာ
အယ်ဒီတာထံပေးစာ

မတရားငွေကောက်ခံမှု ရပ်တန့်စေလို

ကျွန်တော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့နယ်စည်ပင်သာယာမှ မီတာအိုးရှိသူများ ထံမှ မီတာအိုး စောင့်ရှောက်ခဟုဆိုကာ တလကိုကျပ်ငွေ (၅၀၀)မပေးမနေရ ကောက်ခံ နေပါသည်။ မီးလည်း တရက်(၂)နာရီသာလာပြီး မီတာခကိုလည်း လိုအပ်သည်ထက်လစဉ် တောင်းခံပါသည် မပေးမနေရပေးနေကြရသည့် ကြားထဲ စစ်တွေစည်ပင်သာယာကလည်း မီတာအိုးစောင့်ရှောက်ခဟုဆိုကာ အပိုဝင်ငွေထွင်ပြီး လူထုများထံမှ ကောက်ခံနေပါသည်။ ချမ်းသာသူများအနေဖြင့် မထောင်းသာသော်လည်း ဆင်းရဲမိသားစုများ၊၀င်ငွေနှင့်ထွက်ငွေ မကိုက်သော ၀န်ထမ်းများမှာ ငွေ ၅၀၀ ကျပ်မှာအလွန်ကြီးမားသောပမာဏ ဖြစ်ပါသည်။၎င်းအပြင် စစ်တွေရှိ မိသားစုများမှာ အိမ်ရှေ့ရှိ မီးတိုင်များ မီးလင်းခဟုဆိုကာ တအိမ် (၃၀၀) ကျ ကောက်ခံပါသည်။

အိမ်ရှေ့ရှိရေမြောင်းများအားလည်း မြို့နယ်စည်ပင်က မြို့အင်္ဂါရပ်နှင့် ညီစေရန်ဆိုပြီး အတင်းပြုလုပ်ခိုင်းပါသည်။ အမှန်မှာ စစ်တွေမြို့လမ်းများရှိ ရေမြောင်းများကို ပြုပြင်ရန်မှာ မြို့သူမြို့သားများ တာဝန်မဟုတ်ဘဲ အစိုးရနှင့် စည်ပင်၏တာဝန်သာဖြစ်ပါသည်။

ထိုသို့ပြုပြင်ရန်လည်း ပြည်သူများထံမှ နည်းအမျိုးမျိုးဖြင့် အခွန်များ ကောက်ခံထားပြီး ဖြစ်ပါသည်။ သို့သော်လည်းမြို့တွင် ပြုပြင်ရန်လိုအပ်သော လုပ်ငန်းများကို အစိုးရ ဘတ်ကျပ်ငွေများမှ စိုက်ထုတ်ပြုလုပ်ခြင်းမဟုတ်ဘဲ လူထုများကိုသာ ပြုပြင်ရန် ခိုင်းနေ ပါသည်။

အိမ်ရှေ့ရှိ ရေမြောင်းများအားလည်း ကိုယ့်အိမ်ရှေ့ရှိ ရေမြောင်း ကိုယ်လုပ်ဆိုသောမူကို စည်ပင်ကချလိုက်ပြီ နောက်ပိုင်းအိမ်ရှင်များမှ ရေမြောင်းများ စနစ်တကျပြုလုပ်ခြင်း မဟုတ်ဘဲ ကိုယ်ထင်သလို ပြုလုပ်ကြသဖြင့် ရေမြောင်းများမှ အနိမ့်အမြင့် မညီသဖြင့် ရေစီးရေလာမကောင်းဖြစ်ကာ အဆိုပါရေမြောင်းများတွင် ရေများတင်ကျန်ခဲ့ပြီး ခြင်များ မွေးဖွားကာ လူများကို ကိုက်သဖြင့် လူအများကျန်းမာရေး မညီမညွတ်ဖြစ်ကြရပါသည်။ ၎င်းရေမြောင်းများအားလည်း စည်ပင်သာယာက ပြုပြင်ရှင်းလင်းခြင်း မရှိသဖြင့် မြို့နေ လူထုက ရှင်းလင်းနေရပါသည်။

သို့အတွက်ကြောင့် မတရား ငွေကောက်ခံမှုများအား ရပ်တန့်ပေးပါရန်နှင့် အစိုးရက တာဝန်ယူထားသော အစိုးရလုပ်ငန်းများကို အစိုးရမှ လုပ်ကိုင်ပါရန် လူထုကို မခိုင်းစေ ပါရန် ယခုစာအား ရေးသား၍ တောင်းဆိုလိုက်ရပါသည်။

ရွှေပြားသား
စစ်တွေ။

 

***** ***** ***** ***** ***** ***** ***** ***** *****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.