ရခိုင်ရိုးရာ သင်္ကြန်မပျောက်ပျက် မတိမ်ကောစေလိုပါ

ကွန်ချုပ်ကေ



ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလူမျိုးတိုင်းတွင် တန်ဖိုးထားဂုဏ်ယူစရာ ယဉ်ကျေးမှုအမွေအနှစ်များ ရှိပါတယ်။ ထိုယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက် မတိမ်ကောရအောင် လူမျိုးတိုင်းလူမျိုးတိုင်း ထိန်း သိမ်းကာကွယ် စောင့်ရှောက်ကြပါတယ်။ ခုလို စောင့်ရှောက်ကြရတာကလည်း ယဉ်ကျေးမှုဆိုတာ အဆိုပါ လူမျိုးရဲ့အသက်သွေးကြောဖြစ်လို့ ဖြစ်ပါတယ်။ ယဉ်ကျေးမှုကွယ်လျှင် လူမျိုးပါ ထပ်ဆင့် တိမ်ကောပျောက်ကွယ်သွားတတ်ပါတယ်။ ဘယ်လူမျိုးဘဲဖြစ်ဖြစ် ခေတ်နှင့်လျော်ညီတာဖြစ်စေ မလျော်ညီတာဖြစ်စေ မိမိအမျိုးသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရေရှည် ထိန်းသိမ်းစောင့် ရှောက်ထားတတ်ကြပါတယ်။ ကျနော်တို့ ရခိုင်လူမျိုးဆိုတာလည်း ရှေ့ယခင်ခေတ်တွေကတည်းက ထီးနဲ့နန်းနဲ့ နေထိုင်လာတဲ့လူမျိုးတမျိုးဖြစ်တဲ့အတွက် ယဉ်ကျေးမှုအမွေအနှစ်တွေ အထူးပေါကြွယ် ၀တဲ့ လူမျိုးတမျိုးဖြစ်ပါတယ်။

မင်္ဂလာဆောင်၊ ရှင်ပြုတာကအစ အိမ်ဆောက်တာမှာအဆုံး ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစံတွေနဲ့ ပြုလုပ်လာတဲ့ လူမျိုးတမျိုးဖြစ်ပါတယ်။ ခုလို ယဉ်ကျေးမှုအမွေအနှစ်တွေ အထူးပေါကြွယ်ဝတဲ့အထဲက ကျနော်တို့ ရခိုင်လူမျိုးတွေအတွက် ဂုဏ်ယူစရာ ယဉ်ကျေးမှုအမွေအနှစ်တခုကတော့ ရခိုင်ရိုးရာ သင်္ကြန်ဘဲဖြစ်ပါတယ်။ ရခိုင်ရိုးရာ သင်္ကြန်ဆိုတာဟာ ဘယ်နိုင်ငံ ဘယ်လူမျိုးတွေရဲ့သင်္ကြန်နဲ့မှမတူဘဲ တမူထူးခြားတဲ့သင်္ကြန်ဖြစ်ပါတယ်။

ရခိုင်သင်္ကြန်မှာ လူငယ်တွေအတွက် လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုတွေရရှိအောင် ဖန်တီးထားမှု တွေ လည်း ရှိပါတယ်။ ရေကစားတဲ့ မဏ္ဍာပ်တွေဆောက်ပြီး လှေတွေမှာ ရေပြည့်ပြီး အမျိုးသားက တဘက်၊ အမျိုးသမီးကတဘက် ရေကစားနိုင်ပါတယ်။ အမျိုးသား လူပျိုတွေအနေနဲ့ ကိုယ်ကြိုက်နှစ် သက်တဲ့ သဘောကျတဲ့အမျိုးသမီးကိုရွေးချယ်ပြီး ရေပက်ကစားနိုင်ပါတယ်။ ရေပက်ကစားနေစဉ်မှာ လည်း ကိုယ်ကြိုက်တဲ့မိန်းခလေးကို ယောက်ျားလေးက ချစ်ရေးဆိုနိုင်ပါတယ်။ တခြားအချိန်မှာ အခွင့် မသာခဲ့တာကို သင်္ကြန်ရက်မှာ အခွင့်ကောင်းယူပြီး ရင်ဖွင့်ပြောဆိုနိုင်ပါတယ်။ ခုလိုပြောဆိုနေချိန်မှာ မိဘ မောင်ဖွားတွေက ၀င်ရောက်တားဆီးဟန့်တားလို့ မရပါဘူး။ ဒါကြောင့် ရခိုင်လူငယ်တွေအတွက် တနှစ်မှာတခါသာ အခွင့်အရေးရတဲ့ပွဲဆိုရင်လည်း မှားမယ်မထင်ပါ။ ဒါကြောင့် သင်္ကြန်မှာ ရေကစားပြီး ဖူးစာဆုံ ပေါင်းဖက်သွားတဲ့ ချစ်သူတွေလည်း အများကြီးပါ။

ရခိုင်ရိုးရာသင်္ကြန်နဲ့ပတ်သက်ပြီး နံသာသွေးတာကအစ ဘုရားရေသပ္ပါယ်တာအဆုံး ရေးစရာ ပြော စရာတွေအများကြီးပါ။ ခုလို သီးသန့်ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံတွေကြောင့် ရခိုင်သင်္ကြန်ဟာ လူတိုင်းအတွက် စွဲမက်စရာဖြစ်ပါတယ်။ ရခိုင်ရိုးရာသင်္ကြန်ကို ဆင်နွဲဖူးသူတိုင်း သိကြပါတယ်။ ဒါကြောင့်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ကပေးစာဆိုတဲ့ စာအုပ်မှာ ရခိုင်သင်္ကြန်ရဲ့ထူးခြားမှုတွေအကြောင်းကို ရေးသားဖေါ်ပြဖူးပါတယ်။ အလားတူ နှစ်စဉ် နှစ်တိုင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ရခိုင်သင်္ကြန်ပွဲဟာ မြန်မာတိုင်းရင်းသား မိတ်ဆွေတွေနဲ့ ဘယ်လောက်ထိ စည်ကားတယ်ဆိုတာကိုကြည့်ုပြီး ရခိုင်သင်္ကြန် အပေါ် တခြား လူမျိုးတွေရဲ့တန်ဖိုးထားမှုကို သိရှိနိုင်ပါတယ်။

ဒါပေမယ့်လည်း အခုအခါ ရခိုင်သင်္ကြန်ဟာ ရခိုင်ပြည်နယ် မြို့တော်စစ်တွေအပါအ၀င် တခြားမြို့ကြီး တွေမှာ တဖြည်းဖြည်းနဲ့ တိမ်ကောပပျောက်လာနေတယ်လို့ သိရပါတယ်။ ခုလို တိမ်ကောလာတာ ကလည်း အုပ်ချုပ်သူ နအဖ စစ်အာဏာပိုင်တွေက ချစ်စရာကောင်းတဲ့ ရခိုင်ရိုးရာ သင်္ကြန်နေရာမှာ ဗမာသင်္ကြန်ကို အစားထိုးကျင်းပလာတဲ့အတွက် ဖြစ်ပါတယ်။ နအဖ စစ်အာဏာပိုင်တွေအနေနဲ့ နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်ရိုးရာယဉ်ကျေးမှုကို မြှင့်တင်တဲ့အနေနဲ့ ရခိုင်ရိုးရာသင်္ကြန် ကို ကျင်းပပေးမယ့်အစား ဗမာရိုးရာသင်္ကြန်ကိုသာ ကျင်းပလာတာကိုတွေ့ရပါတယ်။

နိုင်ငံတော်အစိုးရတရပ်အနေနဲ့ တိုင်းရင်းသားလူမျိုးတမျိုးရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာသင်္ကြန်ကို မြေ တောင်မြှောက်ပေးမယ့်အစား ဖျက်ဆီးပစ်ဖို့ကြိုးစားလာတာကိုတော့ အထူးဝမ်းနည်းစရာကောင်းလှပါ တယ်။ ခုလို နအဖ စစ်အာဏာပိုင်တွေရဲ့ အစီအစဉ်ကျကျ ဖျက်ဆီးမှုကြောင့် လှေတွေမှာ ရေဖြည့်ပြီး အမျိုးသမီးနဲ့အမျိုးသား တဘက်တချက်စီကနေပြီး ရေကစားနည်းဟာ စစ်တွေအပါအ၀င် တခြားမြို့ တွေမှာ တဖြည်းဖြည်းနဲ့ တိမ်ကောလာတယ်လို့ သိရပါတယ်။ လှေမှာ ရေဖြည့်ပြီး ရေကစားတာက ခေတ်မမှီသလို အထင်အမြင်မျိုးရောက်အောင် နအဖ စစ်အာဏာပိုင်တွေက ဖန်တီးလုပ်ဆောင်တာ တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဥပမာအားဖြင့် အစိုးရဌာနဆိုင်ရာတခုခုမှာ အလုပ် လုပ်နေတဲ့ ရခိုင်အမျိုးသမီးတွေအနေနဲ့ မိမိရိုးရာ သင်္ကြန်မဏ္ဍာပ်မှာ ရေကစားနိုင်တဲ့အခွင့်အရေးက တဖြည်းဖြည်းနဲ့ နည်းပါးလာတယ်လို့ သိရပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နအဖ စစ်အာဏာပိုင်တွေက ဌာနဆိုင်ရာမဏ္ဍာပ်ကြီးတွေ ဆောက်ပြီး ရုံးသူရုံးသားတွေကို အတင်းဆင့်ခေါ်ပြီး ဗမာလို ပိုက်လုံးနဲ့ရေကစားခိုင်းတဲ့အတွက် ဖြစ်ပါ တယ်။ နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်က စစ်အာဏာပိုင်တွေဟာ စစ်တွေမြို့မှာ မဏ္ဍာပ်ကြီးတွေ ဆောက်ပြီး အစိုးရ၀န်ထမ်းတွေ၊ လူကုန်တန်သားသမီးတွေကိုခေါ်ယူပြီး ဗမာလို ရေပိုက်လုံးနဲ့ ရေကစားစေတယ်လို့လည်း သိရပါတယ်။ တဖက်မှာ အဲဒီလို ဗမာသင်္ကြန်ကို ကျင်းပနေသလို တဖက်မှာလည်း ရခိုင်ရိုးရာသင်္ကြန်ကို အားပေးအားမြောက်လုပ်တာတွေလည်း မရှိဘူးလို့ သိရပါ တယ်။

ဒါကြောင့် ရခိုင်ရိုးရာသင်္ကြန်ဟာ ပျက်စီးပျောက်ကွယ်မယ့် အနေအထားကိုရောက်လာပြီလားဆိုပြီး စောဒကတက် မေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။ ဒါကြောင့် ချစ်စရာကောင်းတဲ့ ရခိုင်ရိုးရာသင်္ကြန် မပျက်စီးရအောင် ထိန်းသိမ်းဖေါ်ထုတ်ဖို့ ကျနော်တို့ ရခိုင်အမျိုးသားတွေမှာ တာဝန်ရှိပါတယ်။ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဟာ လွယ်လွယ်နဲ့ ပေါ်ပေါက်လာတာမဟုတ်သလို ရေရှည်တည်တံ့လာခဲ့ တာကလည်း လွယ်လွယ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးဆပ်ခဲ့လို့ မဟုတ်ပါ။ ဒါကြောင့် မိမိတို့ရဲ့ ရိုးရာဓလေ့တွေထဲက တခြားလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ရခိုင်ရိုးရာသင်္ကြန် ကို မတိမ်ကော ပျက်စီးမသွားရအောင် ရခိုင်အမျိုးသားတွေအနေနဲ့ တတ်စွမ်းသရွှေ့ ထိန်းသိမ်းစောင့် ရှောက်ကြဖို့ လိုအပ်တယ်လို့ ပြောကြားချင်ပါတယ်။

image

Feb-Mar, Issue

image
image

Water festival in Sittwe, 2008

image
image

Politics News

image
image

Business News

image
image

Tech & Science News

Latest Videos

Arakanese Radio

Today's audio news....Under construction
15:00 March 25th, 2009

ယနေ့ငွေလှဲလှယ်နှုံး

  • ၁ တာကာ = 15 ကျပ်ငွေ
  • ၁ ဒေါ်လာ = 1050 ကျပ်ငွေ
  • ၁ အက်အီးစ = 1000 ကျပ်ငွေ
15:00 March 28th, 2009

Subscribe Newsletter

ယခင်သတင်းဟောင်းများ  ၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉