ဘုန်းစည်သူ
ဧပြီ၂၁ ရက်နေ့ ညနေ ၇ နာရီခွဲခန့်မှာ စစ်တွေ ကုန်တန်းရပ်ကွက်က အမျိုးသမီး ၃၀ဝ ခန့်ဟာ လမ်းပေါ်ကို ထွက်ပြီး လျှပ်စစ်မီးရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ကုန်တန်းရပ်ကွက်မှာ လျှပ်စစ်မီးမရတာ လေးလနီးပါးရှိနေပြီဖြစ်ပေမယ့်လည်း လစဉ်မီတာခနဲ့ မီတာအိုးစောင့်ရှောက်ခကို သက်ဆိုင်ရာက ပုံမှန် ကောက်ခံတာကို မကျေနပ်ရာကနေ ခုလို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အမျိုးသမီး ၇၀ ခန့်ကစတင်ပြီး ရပ်ကွက် ရယကရုံးကို ချီတက်ဆန္ဒပြခဲ့ကြသလို ကုန်တန်းရပ်ကွက်ကို မီးပေး ဝေနေတဲ့ စပါးခွံသုံးမီးစက်ရှေ့ကို သွားရောက်ပီးတော့လည်း ဆန္ဒပြခဲ့ကြပါတယ်။ ခုလို မီးရရှိရေးအတွက် ဆန္ဒပြတဲ့အပေါ် ရပ်ကွက်နေ တခြားအမျိုးသမီးတွေကလည်း ထောက်ခံပီး ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်လာတဲ့ အတွက် အမျိုးသမီး ၃၀ဝ ခန့်ထိ ဖြစ်လာတယ်လို့ဆိုပါတယ်။ တခြား ဘေးလူတွေနဲ့ဆိုရင် လူပေါင်း ၅၀ဝ နီးပါးဖြစ်လာပြီး ကုန်တန်းလမ်းတလျှောက် လူတွေပြည့်သွားတယ်လို့ သိရပါတယ်။
အမျိုးသမီးတွေက “ မီးရရှိရေး ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ လည်း သိရပါတယ်၊ ခုလို လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုတာကို အထက်အာဏာပိုင်တွေ သိသွား တဲ့အတွက် ဒကစမှူးကိုယ်တိုင် တခြားပြည်နယ်အဆင့်ဆိုင်ရာ အရာရှိကြီးတွေနဲ့ ရောက်လာပီး ဆန္ဒပြပွဲကို ရပ်တန့်ဖို့ အမျိုးသမီးတွေကို မေတ္တာရပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသမီးတွေက သူတို့ ခုလိုဆန္ဒပြရတာဟာ နိုင်ငံရေးနဲ့မသက်ဆိုင်သလို အစိုးရကို ဆန့်ကျင်တာမဟုတ်ဘဲ မီးမရတဲ့အတွက် မီးရရှိရေးကို တောင်းဆိုတာသာဖြစ်တယ်လို့ ပြောဆိုလိုက်တယ်လို့သိရပါတယ်။ လျှပ်စစ်မီး သာ သူတို့ရပ်ကွက်မှာ ရမယ်ဆိုရင် သူတို့အနေနဲ့ ဆန္ဒပြပွဲကို ခုချက်ချင်း ရပ်တန့်ပေးမှာဖြစ်တယ်လို့ ပြော ဆိုခဲ့ပါတယ်။ အာဏာပိုင်တွေဘက်ကလည်း နောက်တစ်နေ့ကစပြီး လျှပ်စစ်မီးရရှိစေရပါ့မယ်လို့ အာမခံတဲ့ အတွက် အမျိုးသမီးတွေဟာ ည ၁၀ နာရီခန့်မှာ ဆန္ဒပြတာကို ရပ်တန့်လိုက်တယ်လို့သိရပါတယ်။
ခုလို တောင်းဆိုတဲ့အတွက် နောက်တစ်နေ့မှာ ကုန်တန်းရပ်ကွက်ကို သက်ဆိုင်ရာက လျှပ်စစ်မီးပေးဝေခဲ့ တယ်လို့သိရပါတယ်။ ခုလိုဆန္ဒပြတောင်းဆိုတဲ့အတွက် အမျိုးသမီးတစ်ဉီးတစ်ယောက်ကိုလည်း သက်ဆိုင် ရာက ဖမ်းဆီးတာတွေ မရှိခဲ့ပါဘူး။ ခုလို ဆန္ဒပြတောင်းဆိုတဲ့အတွက် ကုန်တန်းရပ်ကွက်မှာ လျှပ်စစ်မီး ရရှိခဲ့တဲ့အပေါ် ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေအနေနဲ့ ဂုဏ်ယူခဲ့ကြတယ်လို့သိရပါတယ်။
တကယ်တော့ အခု လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြမှုဟာ အစိုးရကိုဆန့်ကျင်တာမဟုတ်သလို နိုင်ငံရေးနဲ့ လည်း ဆက်နွယ်ပတ်သက်တာ မဟုတ်တဲ့အတွက် အာဏာပိုင်တွေဘက်ကလည်း တစ်စုံတစ်ရာ အရေးယူ မှုမရှိဘဲ ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေတောင်းဆိုမှုကို လိုက်လျောပေးလိုက်တာ ဖြစ်ပါတယ်။ ခုလို ဆန္ဒပြတောင်းဆိုမှုဟာ တခြားဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အသေးအမွှားလုပ်ရပ် ဖြစ်ပေမယ့် မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်နဲ့ ဓါးမိုး အုပ်ချုပ်နေတဲ့နိုင်ငံတွေမှာ တကယ့်ကို မလွယ်ကူတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိမိတို့ရဲ့ နစ်နာချက်နဲ့ လိုလားချက်ကို ခုလို လမ်းပေါ်ထွက်တောင်းဆိုမှုမလုပ်ရင် ကုန်တန်းရပ်ကွက်အနေနဲ့ လျှပ်စစ်မီးရရှိလာနိုင်စရာအကြောင်းမရှိပါ။ ဒါကြောင့် တခါတခါ ပြည်သူတွေရဲ့ နစ်နာချက်တွေ လိုအပ်ချက်တွေကို အကြောက်တရားတွေကို ဘေးဖယ်ပီး ပြည်သူလူထုအနေနဲ့ တောင်းဆို သွားဖို့ လိုအပ်လှပါတယ်။
တောင်းဆိုတဲ့နေရာမှာလည်း စည်းကမ်းရှိရှိနဲ့ ကိုယ်လိုချင်တဲ့ရည်မှန်းချက်ကို ရရှိအောင် ဆောင်ရွက်သွားဖို့ လိုအပ်လှပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လမ်းတွေသွားလာလို့မရအောင် ပျက်စီးနေတာတွေကို စစ်တွေလူထုက လမ်းပေါ်ထွက် တောင်းဆိုရင် နအဖ စစ်အစိုးရအနေနဲ့ ပြုပြင်ပေးရမှာဖြစ်ပါတယ်။ အလားတူ စစ်တွေမှာ ရေအခက်အခဲဖြစ်နေတာတို့၊ ဆေးခန်းတွေမှာ ဆေးမရှိဖြစ်နေတာတို့၊ လူတွေအနေနဲ့ ချဲထီ လောင်းကစားတဲ့အတွက် ဘဝပျက်နေတာကြောင့် ချဲထီကို ပိတ်ပင်ပေးဖို့ တောင်းဆိုကြတယ်ဆိုရင် နအဖ စစ်အစိုးရအနေနဲ့ လူထုရဲ့တောင်းဆိုမှုတွေကို အနည်းနဲ့အများ လိုက်လျော့ပေးရမှာ ဖြစ်ပါတယ်။
ခုလို ဒေသဆိုင်ရာ အာဏာပိုင်တွေ လုပ်သမျှငြိမ်ခံနေမယ်။ ဘာမှမပြောဆိုဘဲ နေမယ်ဆိုရင်တော့ ဘာအခွင့် အရေးမှ ရမှာမဟုတ်သလို သက်ဆိုင်ရာ အစိုးရအရာရှိကြီးတွေအနေနဲ့လည်း လူထုတွေ ဘာကိုလိုလား နေတယ်ဆိုတာကို သိမှာမဟုတ်ပါဘူး။ ဒါကြောင့် တခါတခါ ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေလို မိမိတို့ရဲ့ နစ်နာချက် လိုလားချက်တွေကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုဖို့ လိုအပ်လှပါတယ်။
လက်ရှိ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ နအဖ စစ်အစိုးရဟာ သူတို့ကို တိုက်ရိုက်မထိခိုက်ရင်၊ သူတို့ အာဏာ တည်မြဲရေးကိုမထိပါးရင် ခုလို ဆန္ဒပြမှုတွေအပေါ်မှာ ရေးကြီးခွင်ကျယ်လုပ်ပီး ကိုင်တွယ်စရာအကြောင်း မရှိပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်ရင် စစ်အစိုးရကို ဖြုတ်ချရေးအတွက် ဆန္ဒပြရင်တော့ နအဖ စစ်အစိုးရက မလွဲမသွေ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်လာမှာဖြစ်ပါတယ်။
စစ်တွေလူထုအပါအဝင် တခြားနယ်က လူထုတွေအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံ့ခံမနေဘဲ မိမိတို့ရဲ့ လိုအပ်ချက်တွေ နစ်နာချက်တွေကို နိုင်ငံရေးပယောဂကင်းစွာနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ သက် ဆိုင်ရာကို တောင်းဆိုဖို့ လိုအပ်လှပါတယ်။
နေရာတိုင်းမှာ အကြောက်တရားကသာ ကြီးစိုးနေမယ်ဆိုရင် မိမိတို့ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ဘယ်တော့မှ ရရှိနိုင်မှာမဟုတ်သလို မိမိတို့ရဲ့ နစ်နာချက်တွေကိုလည်း ဘယ်သူကမှ သိရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စစ်တွေ ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေလို ရခိုင်လူထုအနေနဲ့လည်း မိမိတို့ရဲ့ နစ်နာချက် လိုအပ်ချက်တွေကို အခါအခွင့်သင့်ရင် လမ်းပေါ်ထွက်ပီး တောင်းဆိုသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။
(ပြီး)
Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and
to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: