ထိန်လင်း(ဘဝတက္ကသိုလ်)
အေဒီ ၁၈၂၆ ခုနှစ်၊ ဖေဖေါ်ရီလ(၂၆)ရက်နေ့တွင် ရခိုင်သည် အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့သည်။ ဤခေတ်တွင် “မင်းသားကြီးရွှေဘန်း” “ဒေးဝန်းအောင်ကျော်ရွှီ” “ကင်းဆရာတော်” “ဝါးကျောင်းဆရာတော်” “ရွာချောင်းကြီးဦးမောင်သာအောင်” “တန်ခိုးဆရာထွန်း” စသော ပြည်ကျော်စာ ပေပညာရှင်များ ပေါ်ထွန်းခဲ့သည်။
ဒေးဝန်းအောင်ကျော်ရွှီသည် ဤခေတ်တွင် ပေါ်ထွန်းခဲ့သော စာဆိုတဦးဖြစ်သလို တော်လှန်းရေး သမားတဦး လည်းဖြစ်ပေသည်။ ဒေဝမြို့စားအောင်ကျော်ရွှီသည် ဗြိတိသျှတို့အား စတင်တော်လှန်ရာတွင် ပါဝင်ခဲ့သော ရခိုင့်အာဇာနည်တဦးဖြစ်သည်။
ဒေးဝန်းကြီးသည် ဗြိတိသျှတို့အား စာပေဖြင့်တနည်း၊ လက်ရုံးဖြင့်တဖုံ တော်လှန်ခဲ့သည်။
ဗြိတိသျှလက်အောက်သို့ ကျရောက်ပြီး တနှစ်အကြာ ၁၈၂၇-ခုနှစ်တွင် ရခိုင်တို့သည် ဗြိတိသျှတို့အား စတင် တော်လှန်ခဲ့သည်။ မသမာသူသစ္စာဖေါက်တို့ကြောင့် ဒေးဝန်းကြီးမှာ ဗြိတိသျှနယ်ချဲ့တို့၏ ဖမ်းဆီးခြင်းကို ခံသွားခဲ့ရသည်။ ထောင်(၁၄)နှစ် အပြစ်ဒဏ်ဖြင့် တပြည်တနိုင်ငံသို့ အပို့ခံခဲ့ရသည်။ “ကာလိတထောင်”၌ အချုပ်အနှောင်ခံရချိန်တို့တွင် ဒေးဝန်းကြီးသည် မိမိ၏ခံယူချက် ခံစားချက်များကို ရတုကဗျာများဖြင့် ဖွင့်ဟဖော်ထုတ်ခဲ့သည်။
ဒေးဝန်းအောင်ကျော်ရွှီ၏ မော်ကွန်းဝင်ရတုတွင် ပညာနှင့်ဥာဏ်၊ သတိတို့ကို ပေါင်းစပ်ပြီး တာဝန်သိမှု၊ သစ္စာရှိမှုတို့ဖြင့် အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ကြမှသာ မိမိတို့နိုင်ငံကို နယ်ချဲ့လက်မှ လွတ်မည်ဖြစ် ကြောင်း ရေးစပ်ခဲ့သည်။ “သူ့ကျွန်မခံ” ဟူသော ဇာတိသွေး ဇာတိမာန်အလံကို လွှင့်ထူပြခဲ့သည်။
“ပညာနှင့်ဥာဏ်၊ သင့်စွာဖန်၍၊ တာဝန်မပျက်၊ သစ္စာ ရွက်လျက်၊ အသက်ကိုလှီး၊ သွီးချောင်းစီးမှ၊ အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့၊ အစို့စို့နှင့် ကိုယ့်မြို့ကိုယ့်ပြည်၊ ကိုယ့်ဌာနေကို၊ ရမည်မုချ၊ ဤလောကသည်၊ အောက်ကျမခံ ချင်သောကြောင့်” ဟူ၍ ရေးဖွဲ့ခဲ့သည်။
ဒေးဝန်းကြီး၏ ဘဝသမိုင်းဟုဆိုရမည့်“ရွှန်းလိုက်ရတု”မှာ စာဆို၏ ခံစားချက်များကို ဖွင့်အံလှစ်ပြနေသည်ဟု ဆိုရမည်သာဖြစ်သည်။ မိမိအား အကျဉ်းကျအောင် မတရား သက်သေပြကြသည့် တော်လှန်ရေး၏ သစ္စာဖောက်များအား စာဆိုရှင်သည် ဤသို့ပင် ရေးသားခဲ့သည်။
“မိယုတ်မာ ဘမဲ့သား၊ နောင်သံသရာ၊ ခံဘို့ရာကို၊ ဆံဖြူလွှာ မထွေးငြားဘဲ၊ သမိုက်များဒိဌိတွေ၊ ရုံးလျှင်ဆိုမှု၊ ကျွန်ုပ်ပြု၍၊ တယောက်တစုပင်တည်း”
ဒေးဝန်းကြီး၏ ရတုများတွင် မိသားစုအိမ်အလွမ်း၊ ကိုယ့်တိုင်း ကိုယ့်ပြည် တမ်းတမှုများကိုလည်း တွေ့ထိခံစား ရပေသည်။
“ရှေးသံသာကံကောင်းက၊ ကောင်းဆုယူသည်၊ အလှူမသန့်ခ၍၊ ကိုယ့်ဌာနနီတိုင်းရပ်မြီ၊ ကျောင်းကန်ဘုရား၊ စေတီများကို၊ ပါယ်ထားနောက်ခိုင်းပေ၍” ဟူ၍ ဘာသာတရားကို အလေးထားယုံကြည်စွာနှင့် ဆင်ခြင်ကာ တိုင်းပြည် အပေါ်လွမ်းစိတ်ကို ဖြည်ဆည်ခဲ့လေသည်။
လူ့လောကတွင် ဝမ်းနည်းကြေကွဲစရာနှင့် မတွေ့ကြုံရသူဟူ၍ တဦးတယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ တော်လှန်ရေးသမားများသည်လည်း လူများထဲကလူပင် ဖြစ်ကြသည်။ လူပီပီလူ့ဘဝရဲ့ နိယာမအတိုင်း ဝမ်းနည်းခံစားစရာကြုံရသည့်အခါ ဝမ်းနည်းကြေကွဲမှုဖြစ်ရမည်သာ ဖြစ်သည်။ သို့သော် တော်လှန်ရေးသမား တို့သည် မိမိတိုင်းပြည်နှင့် လူမျိုးအတွက် အသက်တချောင်းကို စတေးခံဖို့ ဝန်မလေးသည့်အပြင် အဆင်သင့် ဖြစ်နေသူများသာ ဖြစ်သည်။
ဒေးဝန်းကြီးသည် တော်လှန်းရေးသမားတို့၏ စံနှင့်အညီ မိမိတိုင်းပြည် မိမိလူမျိုးအတွက် စတေးခံရန် အဆင်သင့်ရှိနေသူ ဖြစ်သောကြောင့် တိုင်းပြည်နှင့်မိသားစုကို လွမ်းဆွတ်ခဲ့သော်ပါလည်း သေမည်ကိုတော့ မကြောက်ပါခဲ့ချေ။
ဒေးဝန်းကြီး၏ ရတုများတွင် မိမိ၏နိုင်ငံရေးခံယူချက်နှင့် ပြည်တမ်းအိမ်လွမ်းသော သောကဝေဒနာများကို တွေ့ရှိသည်သာမက တပြည်တနိုင်ငံသို့ သွားသော ခရီးဘဝအတွေ့အကြုံ၊ နိုင်ငံရပ်ခြား၌ တွေ့မြင်ကြုံဆုံခဲ့ ပုံများကိုလည်း မှတ်တမ်းတင်ထားခဲ့လေသည်။
“သင်္ဘောလည်း၊ သုံးပင်တိုင်၊ ပင်းထွန်းမတင်၊ တက်မဝင်ဘဲ၊ ရွက်လျင်ဖြန့်ကာချည်နှင့်၊ အစဉ်အစဉ် သိယင့်ရာပင်လယ်မြစ်ကြီး၊ သင်္ဘောစီး၍ လွှင့်ပြီးယူသွားပါ” ဟူ၍ သုံးပင်တိုင် သင်္ဘောဖြင့် ရွက်လွှင့်သွားသော ခရီးကိုဖွဲ့ဆိုခဲ့သည်။
ဒေးဝန်းကြီး၏ ရတုများသည် တော်လှန်ရေးသမားတဦး၏ စိတ်ဓာတ်ကိုလည်းကောင်း၊ သာမာန်လူသားတဦး၏ ခံစားမှုမျိုးကိုလည်းကောင်း၊ စာဆိုတဦး၏ မြင်တတ်ကြည့်တတ် ပြောဆိုတတ်ပုံတို့ကိုလည်းကောင်း တွေ့ထိလေ့လာမိစေနိုင်သော ရတုများပင် ဖြစ်ပေသည်။
ဒေးဝန်းကြီး၏ မိဘအမည်၊ မျိုးရိုးတော်တို့ကို ကျွန်တော်တို့ မသိ၍ ဖော်မပြနိုင်ခဲ့ပါ။ ၁၉၂၇-ခုနှစ်တွင် ရခိုင်မင်းမျိုးမင်းနွယ်များ ဦးဆောင်ပြီး ဗြိတိသျှကို တော်လှန်ခဲ့ကြပါသည်။ ဒေးဝန်းကြီးအား ဒေဝမြို့စားလည်း ဖြစ်ခဲ့ပါသောကြောင့် မင်းမျိုးမင်းနွယ်တဦး ဖြစ်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။
ဒေးဝန်းကြီးသည် ထောင်ထဲတွင် သေဆုံးသွားပါ၏။ သေဆုံးသွားသောနေ့ကို ထိုအချိန် ထိုအခါက အုပ်ချုပ်သော ဗြိတိသျှ၏ ထောင်ဝန်ထမ်းအချို့သာ တိတိကျကျသိပါလိမ့်မည်။ ကျွန်တော်တော့ အမှန်မသိပါ။ ကျွန်တော်မသိသေးသော အချက်အလက်များကိုသိထားသော ပုဂ္ဂိုလ်များရှိပါက ကျွန်တော့်အား အသိပေးပါလျှင် နောင်တနေ့နေ့တွင် ကျွန်တော် ပြန်လည်ရေးသားပါဦးမည်။
ကျွန်တော့်အနေဖြင့် ဒေးဝန်းကြီးအောင်ကျော်ရွှီသည် ဤပြည်ထောင်စုမြန်မာနိုင်ငံတွင်“အားလုံးသော လက်ရုံးနှင့် အားလုံးသော နှလုံးသားကို ဆန့်တန်းပြီး” နယ်ချဲ့ဟူသမျှ ဘယ်ပုံစံဖြင့် ချဲ့ချဲ့၊ တိုင်းရင်းသားများ စည်းလုံးညီညွှတ်စွာဖြင့် ထာဝရ ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ မီးမောင်းထိုးပြခဲ့သော မြင့်မြတ်သော မျိုးချစ်စာဆို တော်လှန်ရေးသမားကြီး တဦးဟု ယုံကြည်ပြီး လေးစားမြတ်နိုးလာခဲ့သည်မှာ ကြာပြီးဖြစ်ပါ၏။ ဤပုဂ္ဂိုလ်သာ ယနေ့ရှိနေလျှင် ကျွန်တော်မှာ သူ၏ ဘက်တော်သားနောက်လိုက်ကောင်း တဦး ဧကန်ဖြစ်နေပါလိမ့်မည်။
ထိန်လင်း (ဘဝတက္ကသိုလ်)
စာကိုး
ရခိုင်ပြည်နယ်သမိုင်း ပဉ္စမတွဲနှင့် စစ်တွေ သရဖူကျောင်းတိုက်ဆရာတော်၏ မှတ်စုများ။

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

၂၀၀၉ခု ဇန္နဝါရီလ(၈)ရက်နေ့က ပခုက္ကူဦးအုံးဖေ စာပေဆု(၃)ဆုရှင် ဆရာအောင်သာဆန်း(သံတွဲ) အား ...
Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and
to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: