• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ကဗျာ

ဒိုင်နာစပူခရီးသည်


အချိန်ကာလအားဖြင့် လည်း အနှစ်ငါးဆယ်ကျော်လေပြီ။ အသက်ကလည်း ခုနှစ်ဆယ်ကျော်လာတော့ မှတ်မိသမျှ ဦးနှောက်ထဲပေါ်လာ သမျှကို ရေးသားလိုက်ရတာပဲ။

အလွန်တရာ အေးချမ်းသာယာလှတဲ့ နယ်စပ်မြို့ကလေး မောင်တော။ အရှေ့ဘက်ကစပြီး ရှိတ္တရွာ၊ အလယ်ရွာ၊ ဒက်ရွာနဲ့ အနောက်ဘက်အဆုံး အောက်ရွာလို့ခေါ်တဲ့ ရွာကြီးလေးရွာ ပေါင်းစပ်ထားတဲ့ မြို့ကလေး။ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများသာနေထိုင်ပြီး အိမ်ခြေတစ်ထောင်ကျော်။ လူဦးရေ လေးထောင်ကျော်ရှိတယ်။ မြို့အပြင်မှာတော့ လူမျိုးခြား ကုလားရွာတွေက ဝိုင်းထားတယ်။ မြို့ရဲ့ အနောက်ဘက်မှာ နတ်မြစ်ရှိတယ်။ လေးမိုင်ကျယ်ပါတယ်။ မြစ်တစ်ဘက် (ယခု ဘင်္ဂလားဒေ့ရှ်) မှာတော့ ကယုချောင်း(ခေါ်) (Teknaf) ရခိုင်ဗုဒ္ဓဘာသာ ရွာကြီး တစ်ရွာရှိပါတယ်။

မောင်တောမြို့၊ မြန်မာစာနဲ့ လက်မှုပညာသင် အထက်တန်းကျောင်းက ခုနှစ်တန်း ကျောင်းသားလေး ကျော်ဇောဝေ တစ်ယေက် ကျောင်းပိတ်ပစ်လိုက်လို့ အထူးအံ့အားသင့်နေတယ်။ အိမ်နီးပါးချင်း ဆရာမ ဒေါ်ဖွားဦးကို မေးကြည့်တယ်။ အင်္ဂလိပ်အစိုးရ ရန်ကုန်က ထွက်ပြေးသွားပြီ၊ ဂျပန်စစ်တပ်ဝင်လာပြီလို့ ပြောတယ်။ ညနေရုံးက ပြန်လာတဲ့ ဖခင်ကြီး ကိုမေးတော့၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ မရှိတော့ဘူး၊ တိုင်းပြည်ပျက်ပြီ။ ငါရို့လည်း ဘယ်ပြေးရမလဲ မသိဘူးလို့ ပြောတယ်။ အသက် ၁၃ နှစ်သာရှိသေးတဲ့ ကျော်ဇောဝေတစ်ယောက် ကြောက်ကြီးသံဖက် ကျနေလေတော့တယ်။ အင်္ဂလိပ် စစ်တပ်ပျက်လို့ ထွက်ပြေးလာတဲ့ ရာဇပုတ် ကုလားစစ်သားတွေ ဈေးနားမှာရောက်နေတယ် ကြားလို့ ပြေးသွားကြည့်တယ်။ ရာဇပုတ်စစ်သားဆိုတာ ကာကီခေါင်းပေါင်းကြီး ပေါင်းပြီး ကာကီ ယူနီဖောင်းနဲ့ ရိုင်ဖယ်သေနတ် လွယ်လို့မြင်ရတယ်။ မောင်တောမှာ မကြာခဏ မြင်ရတဲ့ ကရင်စစ်ပုလိပ်တွေက ဦးထုပ်ဆောင်းတယ်။ ရာဇာပုတ်တွေက ခေါင်းပေါင်း ပေါင်းတယ်။ ဒါပဲကွာတာပါ။ ယင်းအချိန်ကစပြီး ကျော်ဇောဝေ စိတ်ထဲမှာ စစ်သား လုပ်ချင်စိတ် ပေါက်နေတော့တယ်။

သတင်းတွေကလည်း အမျိုးမျိုးကြားနေရတယ်။ နောက်တစ်နေ့ မောင်တောအနီးက ရခိုင်ရွာကလူတွေ မောင်တောကို ပြေးလာကြတယ်။ မောင်တောက ၁၂ မိုင်ဝေးတဲ့ အိမ်ခြေ တစ်ရာကျော်၊ လူဦးရေ သုံးရာကျော်ရှိတဲ့ အလယ်သံကျော်ရွာကြီး ပျက်စီးသွားပြီ။ အလယ်သံကျော်ရွာမှာ တာဝန်ကျနေတဲ့ ရဲအုပ်နှစ်ယောက်၊ ရဲသား ၁၈ ယောက်၊ အင်အား၂၀ ရှိတဲ့ ရဲကင်းကို လူမျိုးခြား ကုလားတွေက ထမင်းကျွေးပြီး သတ်ပစ်လိုက်တယ်။ ရွာသားအနည်းငယ်သာ လွတ်လာတယ်။ မောင်တောမြို့ထဲကို လူမျိုးခြားကုလားတွေ လုံးဝမလာတော့ဘူး၊ မြို့အပြင်ကိုလည်း ရခိုင်တွေ မသွားရဲတော့ဘူး။ မောင်တော-ဘူးသီးတောင် ကားလမ်းလည်း အဆက်ပြတ်သွားပြီ။

ရွှီ-ရွှီ-ရွှီ ဝီစီမှုတ်သံဆက်တိုက် ကြားနေရတယ်။ မောင်တောတစ်မြို့လုံး ယောက်ျားကြီး၊ ငယ်မှန်သမျှ ရရာလက်နက်ကိုင်ပြီး ရောက်လာကြတယ်။ မောင်တောချောင်းထဲမှာ ဆိုက်ထားတဲ့ ဝါးဖောင် ဝါးအားလုံး၊ ဝါးချွန်ဖြစ်သွားတယ်။ ကျော်ဇောဝေမှာလည်း သူအရပ်ထက် ရှည်တဲ့ ဝါးချွန်ကို ကိုင်ပြီး ဝီစီမှုတ်ရာကို ရောက်လာတယ်။ အဝေးကို ကြည့်လိုက်တော့ လူမျိုးခြား ကုလားတွေ မောင်းတီးပြီး လူစုနေကြတယ်။ ရခိုင်ပုလိပ်၊ ကရင်စစ်ပုလိပ်တွေကလည်း ရခိုင်ဘက်မှ ပါလာကြတယ်။ အရေးကြုံက အားကိုးရတဲ့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ ရှေ့ ကနေပြီး စောင့်ရှောက်ပေးကြတယ်။ ဆရာတော်ကြီး တစ်ပါး မန်းမှုတ်ပေးတဲ့ ထုံးမန်းကို ထိပ်မှာ(က) ရင်ညွန့်မှာ(သ) ချက်မှာ(ဝ)ဝိုင်းပြီး ဆရာတော်ကြီးနောက်က ရပ်နေကြတယ်။ ထုံးမန်းကွင်းထားသူကို ကျည်ဆံမထိ၊ မပေါက်နိုင်လို့ ပြောတယ်။ ထုံးမန်းကွင်းထားလို့ ကျော်ဇောဝေတစ်ယောက် ကြောက်ရမှန်း မသိတော့ဘူး။ မောင်တော မြို့ပိုင်ကြီး မစ္စတာ မင့်သ်၊ လူမျိုးခြား ကုလားတွေဘက် သွားလိုက်၊ တောင်းပန်လိုက်၊ ရခိုင်တွေဘက် လာလိုက် တောင်းပန်လိုက်၊ အင်္ဂလိပ် ကပြားမြို့ပိုင်ကြီးတောင်းပန်လို့ လူမျိုးခြား ကုလားတွေ မလာတာနဲ့ တိုက်ပွဲ မဖြစ်တော့ဘူး။ ညမိုးချုပ်မှ အိမ်ရောက်သွားတယ်။ ဗိုက်ဆာဆာနဲ့ မိခင်ကြီးချက်ထားတဲ့ ညနေစာ ပုဇွန်ပြားခြောက်ဟင်းနဲ့ စားလို့ကောင်းလိုက်တာ၊ ခုထိသတိရနေ တုန်းပဲ။

နောက်တစ်နေ့ စောစော သတင်းထွက်လာတယ်။ စက်ရှင်မင်းကြီး ဦးအောင်သာကျော် အင်္ဂလိပ်စစ်ဗိုလ် တစ်ယောက်နဲ့ နီပေါစစ်သား ၅၀ ကျော်ရောက်နေတယ်။ ဘူးသီးတောင်ကို သွားမယ်။ ဘုရားကြီးကွင်းပြင်မှာ စုကြပါ။ ကျော်ဇေဝေတို့ မိသားစု၊ ဖခင်ကြီး၊ မိခင်ကြီး၊ မမကြီးနဲ့ ညီငယ် ပေါင်း ၅ ဦး၊ မိမိတို့ကိုယ်စီ နိုင်သမျှပစ္စည်းတွေ ထမ်းပြီး ဘုရားကြီးကွင်းပြင်ကို ရောက်လာပါတယ်။ အား များလိုက်တဲ့ လူအုပ်ကြီး၊ ဘယ်အချိန်ကပင် ရောက်နေလဲမသိဘူး။ ဘုရားကြီးကွင်းပြင်တစ်ခုလုံး ပြည့်ကြပ်နေတယ်။ လမ်းမလျှောက်နိုင်လို့ တွဲခေါ်လာသူ။ တွဲခေါ်မည့်သူ မရှိလို့ ငိုနေသူ၊ နေမကောင်းဖြစ်နေသူ၊ ကြွက်ကြွက်ဆူညံနေတယ်။ တယောက်ကို တယောက် မကူညီနိုင်။ တိုင်းပြည်ပျက်တယ် ဆိုတာဒါပေါ့။ ကြောက်ဖို့ကောင်းလိုက်တာ။

စက်ရှင်မင်းကြီး ဦးအောင်သာကျော် အင်္ဂလိပ်စစ်ဗိုလ်နဲ့ နီပေါစစ်သားတွေ ရောက်လာတယ်။ မောင်တော မြို့ခံ လူကြီးတွေလည်း ပါတယ်။ စက်ရှင် မင်းကြီး ဦးအောင်သာကျော်ဆိုတာ အင်္ဂလိပ်လို ဘောင်းဘီ အတိုဝတ်ထားတယ်။ အင်္ဂလိပ်စစ်ဗိုလ်ထက် အရပ်ရှည်တယ်။ နီပေါစစ်သားဆိုတာ မြင်နေကျ ကရင်စစ်ပုလိပ်လိုပါဘဲ။ နွေရာသီ ကဆုန်လ တမနက်လုံး သာသာယာယာ ရှိနေတယ်။ ဗြုန်းဆို ရာသီဥတုပြောင်းလဲသွားပြီး၊ ကောင်းကင်တစ်ခုလုံး မှိုင်းဝေပြီး မိုးတစ်ဖွဲဖွဲကျလာတယ်။ ဒီလူအုပ်ကြီးနဲ့ (၁၆) မိုင်ဝေးတဲ့ ဘူးသီးတောင်ကို ဘယ်လိုသွားမလဲ၊ အားလုံးဒုက္ခရောက်ကုန်မယ်။ ဘူးသီးတောင်ကို မသွားတော့ဘူး။ ကိုယ့်အိမ်ပြန်ကြမယ်။ လူကြီးတွေဆုံးဖြတ်လိုက်ပြီ။ ကျော်ဇေဝေတို့ အိမ်ပြန်ရောက်တော့ မိုးဖွဲဖွဲမကျတော့ဘူး။ ရာသီဥတုသာယာသွားပြီ၊ မိခင်ကြီးနဲ့ မမကြီးတို့ချက်ပေးတ့ နံနက်စာထမင်းစားနေတုန်း၊ ကယုချောင်း ကိုသွားမယ်။ သင်္ဘောဆိပ်ကို ဆင်းလာကြပါဆိုတာနဲ့ ကမန်းကတန်း သင်္ဘောဆိပ်ကို ဆင်းကြတယ်။ ဘူးသီးတောင်ကို သွားခါ သယ်သွားတဲ့ ပစ္စည်းတွေတောင်မပါလာဘူး။ တစ်ရက်၊ နှစ်ရက်နေရင် ပြန်လာမယ်လို့ထင်နေတယ်။ ကျော်ဇောဝေတို့ ဆင်းလာတော့ လူပြည့်ကြပ်နေပြီ။ သင်္ဘောဆိပ်ကို မကပ်နိုင်ဘူး။ ဗိုလ်တဲရှေ့ကွင်းပြင်မှာပဲ စောင့်နေတယ်။ ဒီလိုစောင့်နေတုန်း ဖခင်ကြီးကို ရုံးကခေါ်လာတယ်။ ဖခင်ကြီးက ငွေတိုက်ရုံး ၀န်ထမ်းတစ်ယောက်ပဲ။ နောက်မှသိရတာက မောင်တောငွေတိုက်က ငွေ (၃၆) သိန်းကို သင်္ဘောပေါ် ပြောင်းရာမှာ စောင့်ကြည့်လိုက်ဖို့ခေါ်သွားတယ်။ ဖခင်ကြီး ညနေ(၅)နာရီလောက်မှ ပြန်ရောက်လာတာ်။

မောင်တောက ကယုချောင်းကို အာရ်ကန်နှစ်ဆင့်ကူးတို့ သင်္ဘောတစ်စင်း၊ ကယုချောင်း၊ မြစ်နားရွာတွေက ရခိုင် အမျိုးသားလောင်းလှေကြီးတွေနဲ့ တစ်နေ့လုံး ပို့ပေးကြတယ်။ ကျော်ဇောဝေတို့ သင်္ဘောပေါ်ကိုတက်ရချိန် ည (၁၂) နာရီ ကျော်နေပြီ။ သင်္ဘောပေါ်တက်ရာမှာ နီပေါ စစ်သားတွေ စောင့်ပေးတယ်။ သိပ်စည်းကမ်းရှိတယ်။ လုမတက်ရဘူး၊ အာရ်ကန်သင်္ဘောမှ တစ်ခါ နတ်မြစ်လယ်မှ ရပ်ထားတဲ့ စစ်တကောင်း သင်္ဘောကြီးပေါ် တက်ရတယ်။ စစ်တကောင်း သင်္ဘောကြီးနဲ့ ကယုချောင်းကို ပို့ပေးတယ်။ ကယုချောင်းရောက်တော့ နံနက် ၄ နာရီ ထိုးနေပြီ၊ ဆွေမျိုးအိမ် တစ်အိမ်မှာ ခေတ္တနေလိုက်ကြတယ်။ မောင်တောတစ်မြို့လုံးကို နောက်နေ့တစ်မနက်နဲ့ အပြီးပြောင်းလိုက်တယ်။ ယင်းအချိန်က ကယုချောင်းမှာ သော်ဒလီ ဦးကျော်မြဦးတို့ အာဏာအရှိဆုံးပေါ့။ ကျော်ဇောဝေတို့က ကယုချောင်းရောက်လို့ နှစ်ရက် အကြာမှာ စက်ရှင်မင်းကြီး ဦးအောင်သာကျော်ရဲ့ သားမယားနဲ့ ဆွေမျိုးတွေက ကယုချောင်းကို ရောက်လာကြတယ်။ မောင်တောသား လူငယ်တချို့လည်း ပါလာတယ်။ ဦးအောင်သာကျော်ကိုယ်တိုင် ဘူးသီးတောင်ကို အင်္ဂလိပ်စစ်ဗိုလ်၊ နီပေါ စစ်သားတွေနဲ့ သွားပြီး ခေါ်ယူလာတာ၊ ဘူးသီးတောင်မြို့ကတော့ မပျက်သေးဘူး၊ မောင်တောတစ်မြို့နယ်လုံးက ရခိုင်လူမျိုး ခြောက်ထောင်လောက် ကယုချောင်းမှာ ဖြန့်ပြီးနေကြတယ်။ လူပြွတ်သိပ်နေတယ်။ မကြာဘူး၊ မိုးကျလာပြီ၊ ရေမကူ၊ မိုးမကူ၊ ဝမ်းရောဂါဖြစ်လို့ သေလိုက်တာ သောက်သောက်လဲပဲ။ တစ်ချို့အိမ်မှာ တစ်အိမ်လုံး တစ်ယောက်ပြီး တစ်ယောက် သေလို့၊ အလောင်းမြှုပ်မဲ့သူတောင် မရှိဘူး။ သော်ဒလီ ဦးကျော်မြဦးတို့ကပဲ အစစကူညီ ပေးတယ်။ မိုးအကုန် တန်ဆောင်မုန်းလမှာ ကယုချောင်းကို ဦးအောင်သာကျော် တစ်ခေါက်ရောက်လာပြန်တယ်။ အင်္ဂလိပ်စစ်ဗိုလ် လက်ဖ်တင်နင်တေလာလည်း ကပ္ပတိန်ဗိုလ်ကြီး တေလာအဖြစ် ရာထူးတိုးပြီး ပါလာတယ်။ မောင်တောသားတွေက ကယုချောင်းမှာ အတိဒုက္ခ ရောက်နေကြပြီ။

အင်္ဂလိပ်အစိုးရမင်းက စစ်နဲ့ဝေးရာ အနောက်ဘင်္ဂလား တစ်နေရာမှာ ရွာချပေးထားတယ်။ ကျွေးမွေးစောင့်ရှောက်ထားမယ်၊ လိုက်လာကြပါလို့ခေါ်တယ်။ တချို့က လိုက်မယ်၊ တချို့က မလိုက်ဘူး၊ တစ်ဘောင်တစ်ခုပေါ်လာတယ်၊ အနောက်သွား ကျွန်ရှာ၊ အရှေ့သွား ဓါးစာ၊ မလိုက်ချင်သူတွေက ကျွန်ခံဖို့တော့ မလိုက်ဘူး။ အရှေ့ရခိုင်ပြည်ဒေသကိုပဲ သွားမယ်။ ဓါးစာခံလည်း ခံရပေါ့တဲ့။ စားစရာမရှိ၊ နေစရာမရှိ၊ နေစရာမရှိ၊ ဆင်းရဲသားလူ နှစ်ရာလောက် ပထမသုတ်မှာ ပါသွားတယ်။ တစ်ဖြတ်၊ တစ်ဖြတ် ပါသွားတာ၊ ကယုချောင်းမှာ လူထက်ဝက်လောက် ကုန်သွားပြီ၊ ကျော်ဇောဝေတို့ ဖခင်ကြီးလည်း လူကြီးတွေနဲ့တိုင်ပင်ပြီး စစ်နဲ့ဝေးရာကို လိုက်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျော်ဇောဝေတို့ မိသားစုနဲ့အတူ လူတစ်ရာကျော် ကယုချောင်းရဲစခန်းရှေ့ ကွင်းပြင်မှာ စုကြတယ်။ လူအို၊ လူနာ၊ ကလေးတွေကို လူနှစ်ယောက်ထမ်းတဲ့ ဝါးထမ်းစင်နဲ့ထမ်း ယူသွားတယ်။ ကျော်ဇောဝေနဲ့ ညီငယ်တို့လည်း ကလေးလေးလို ဘောင်းဘီတိုလေး ဝတ်ပြီး ထမ်းစင်ထဲ ဝင်နေလိုက်တယ်။ ရခိုင်လူမျိုး အထမ်းသားနှစ်ယောက်က ထမ်းတယ်။ ဖခင်ကြီးတို့ကတော့ ခြေလျင်လျှောက်ရတယ်။ ကယုချောင်းက နံနက် ၇ နာရီ စထွက်တယ်။ နီပေါစစ်သားဆယ်ယောက် အစောင့်လိုက်ပါလာတယ်။ လမ်းထက်ဝက်လောက်မှာ ကျော်ဇောဝေ ထမ်းစင်ထဲမှ ထွက်လိုက်တယ်။ အစောင့်ပါလာတဲ့ နီပေါ စစ်သားကို လက်ဟန်ခြေဟန် နဲ့ပြတယ်။ နီပေါ စစ်သားနားလည်တယ်။ သေနတ်ထမ်းချင်တယ်လို့ သိလို့ သူလွယ်ထားတဲ့ ရိုင်ဖယ် သေနတ်ကြီးကို ပေးတယ်။ ကျော်ဇောဝေ တစ်ယောက် ရိုင်ဖယ်က သူ့အရပ်လောက်ရှိတာကို ထမ်းပြီး နီပေါစစ်သားနဲ့အတူ ဘင်္ဂလာ ပင်လယ်သဲသောင်ပြင်မှာ လမ်းလျှောက်နေတာကို ဖခင်ကြီးတို့ကြည့်ပြီး ရယ်လိုက်ကြတာ တသောသောပဲ။ နံနက်စာ ဘယ်မှားစားတယ် ဆိုတာ မမှတ်မိတော့ပါ ဘူး။ ညနေ ၅ နာရီလောက်မှာ စခန်းတစ်ခုကို ရောက်တယ်။ မာထဘင်းဂါ စခန်းထင်တယ်။ ယင်းစခန်းမှာ ညစာစားပြီး အိပ်ရတယ်။ နောက်တစ်နေ့ နံနက် စောစောကပင် ဒီပင်လယ်သဲသောင်ပြင် လမ်းအတိုင်းပဲသွားကြရတယ်။ ညနေ ၅နာရီ လောက်မှာ နဝါခါလီ(ခေါ်) ရဲစူးစခန်းကို ရောက်တယ်။ နောက်တစ်နေ့ ညနေ ၄ နာရီလောက်မှာ (Cox Bazzar) (ခေါ်) ဖလောင်းချိတ်မြို့ကို ရောက်တယ်။ ဖလောင်းချိတ်မြစ်ကမ်းနား ယာယီတဲ စခန်းမှာ ၇ ရက်နေခဲ့တယ်။ ယင်းအချိန်က ဖလောင်းချိတ်မြို့မှာ ရခိုင်အမျိုးသားတွေနဲ့ စည်ကားနေတယ်။ ဖခင်ကြီးနဲ့ ဖလောင်းချိတ်မြို့ထဲကို သွားတယ်။ အဝတ်ထည့်ဖို့ အရှည်သုံးပေရှိတဲ့ သံသေတ္တာတစ်လုံးကို ငွေလေးကျပ်နဲ့ဝယ်ယူခဲ့တယ်။ အခုတိုင် မမကြီးတို့အိမ်မှာ ရှိသေးတယ်။

စစ်တကောင်း သင်္ဘောကြီးနဲ့ ဖလောင်းချိတ်မြို့က နံနက်ပိုင်းထွက်လာတယ်။ စစ်တကောင်းမြို့ကို ညနေ ၅ နာရီလောက်ရောက်တယ်။ စစ်တကောင်းသင်္ဘောဆိပ်မှာ သင်္ဘောဆိုက်နေတုန်း လေယာဉ်ပျံတစ်စင်း ပျံဝဲလာတယ်။ သင်္ဘောပေါ်က စက်သေနတ်နဲ့ လိုက်ချိန်နေတာကို အသဲတယားယားနဲ့ ကြည့်နေရတယ်။ နောက်မှသိရတာက စစ်တကောင်းမြို့စောင့်လေယာဉ်နဲ့ သင်္ဘောအစောင့်တို့ လေ့ကျင့်နေတာပဲ။ စစ်တကောင်း သင်္ဘောဆိပ်မှာ ရခိုင်အမျိုးသား ဝန်ထောက် ဦးထွန်းညို ကြိုနေတယ်။ သိပ်ပြီး သဘောကောင်းတယ်။ အသံကျယ်ကျယ်ကြီးနဲ့ ရယ်နေတယ်။ အားကိုးရပါတယ်။ စစ်တကောင်းမှာ ညစာကျွေးပြီး အိမ်ထောင်စု လူဦးရေ အလိုက် ငွေပေးတယ်။ ဖခင်ကြီးမှာလည်း မိသားစု ၅ ဦး အတွက် ငွေရခဲ့တယ်။ စစ်တကောင်းက ည ၇ နာရီ မီးရထားထွက်မယ်။ ကျော်ဇောဝေတစ်ယောက် စစ်တကောင်းရောက်မှ မီးရထားကို မြင်ဖူးတယ်။ မြင်ဖူးတောင် မကသေး စီးနေရပြီလေ။ မီးရထားစီးလို့ ညသွားရတာ မမြင်မကန်းနဲ့ တစ်မျိုးပါပဲ။ ည ၁၂ နာရီ လောက်မှာ ဗြဟ္မပုတ္တရမြစ်ကို ရောက်တယ်။ မီးရထားပေါ်က ဆင်းရတယ်။ သင်္ဘောပေါ်တက်ပြီး မြစ်တစ်ဘက်ကမ်းကို ကူးတယ်။ သင်္ဘောဘေးနှစ်ဘက် ယက်မကြီးနဲ့ ယက်ပြီး ရေတိမ်မှာသွားတဲ့ သင်္ဘောကြီးပဲ။ တစ်ခါမျှ မမြင်ဖူးဘူး၊ မြစ်တစ်ဘက်ကိုရောက်တော့ စောင့်နေတဲ့ မီးရထားတစ်စီးပေါ် တက်တယ်။ မီးရထား တစ်ညလုံး၊ တစ်မနက်လုံး ခုတ်မောင်းနေတယ်။ မွန်းတည့်၁၂ နာရီလောက်မှာ ဘူတာတစ်ခုမှာ နံနက်စာ ပဲဟင်းနဲ့ ထမင်းကျွေးတယ်။ ဗိုက်ဆာဆာနဲ့စားလို့ ကောင်းလိုက်တာ နတ်သုဒ္ဓါလို့ပြောကြတယ်။ ယင်းနေ့ တစ်နေ့လုံး တစ်ညလုံးခုတ်မောင်ပြီး နောက်တစ်နေ့ နံနက် ၇ နာရီ လောက် ဒိုင်နာစပူမြို့ (Dinajpur)ကို ရောက်တယ်။ ဘူတာအပြင်ဘက်မှာ စောင့်နေတဲ့ကားကြီးတွေနဲ့ ၆ မိုင်ဝေးတဲ့ ရခိုင်ဗုဒ္ဓဘာသာဒုက္ခသည် စခန်းရှိရာ နာစီပူစခန်းကို ပို့ပေးတယ်။ နံနက် ၉နာရီလောက် မှာ နာစီပူစခန်းကို ချောမော့စွာ ရောက်ကြတယ်။

နာစီပူစခန်းဆိုတာ ဒိုင်နာစပူမြို့ကလာတဲ့ ကားလမ်းတစ်ဘက်တစ်ချက် မှာရှိတယ်။ လမ်းအရှေ့ဘက်မှာ စခန်းအမှတ် (၁) ဝါးခင်း၊ ထရံကာ၊ ကောက်ရိုးကို တစ်ပေလောက် အထူမိုးထားတဲ့ အိပ်ခန်း ၈ ခန်းပါ တန်းလျား၊ အလုံးတစ်ရာကျော်၊ လမ်းနောက်ဘက် စခန်းအမှတ် (၂) မှာ တန်းလျား အလုံးရှစ်ဆယ်ကျော်ရှိတယ်။ ရုံး၊ ရဲစခန်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း အပြည့်အစုံရှိတယ်။ နာစီပူစခန်းကို အရေးပိုင် ဦးကျော်ခိုင် (အိုင်စီအက်စ်) ကအုပ်ချုပ်တယ်။ အင်္ဂလိပ်မလင် ဝန်ထောက်ကြီး ဦးကျော်ထွန်း၊ မောင်တောမြို့ပိုင်ကလေး ဦးဦးကျော်ဇံတို့က လက်ထောက်ဖြစ်ကြတယ်။ နာစီပူစခန်းမှာ (Ration Card) လို့ခေါ်တဲ့ ရိက္ခာထုတ်ဖို့ ကပ်ပြား ပေးထားတယ်။ ခုနှစ်ရက် တစ်ကြိမ် ရိက္ခာထုတ်ရတယ်။ ဆန်၊ဆီ၊ ဆား၊ ငါးခြောက်၊ ဆိတ်သား၊ ဟင်းသီးဟင်းရွက်၊ ထင်း၊ ရေနံဆီ၊ အားလုံးပေးတယ်။ စခန်းတဘုံလုံး လူပေါင်း ခြောက်ထောင်ကျော် တယ်။ သုံးနှစ်သုံးမိုး ကျွေးထားတာ ငွေသုံးသိန်းပဲ ကုန်ကျတယ်။ မောင်တောငွေတိုက်က ယူသွားတာက ငွေ ၃၆ သိန်း ဆိုတော့ အင်္ဂလိပ်အစိုးရ ငွေသိန်း ၃၀ ကျော်တောင် အမြတ်ထွက်တယ်လို့ ပြောကြတယ်။ ဂျပန်ခေတ်က တစ်ခေတ်လုံး အေးအေးချမ်းချမ်း နေခဲ့ရတဲ့ နာစီပူ စခန်းကို ထင်းမခွေ၊ ရေမခတ်၊ ဒိုင်နာစပူ၊ နတ်အရပ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဒိုင်နာစပူမြို့က ခြောက်မိုင်ဝေးတဲ့ နာစီပူစခန်းမှာ တစ်နှစ်ကျော် နေလာတဲ့အချိန်၊ ကျော်ဇောဝေ တစ်ယောက် ကြိုးစားသင်လို့ ၊ အင်္ဂလိပ်စာတော်တော်တက်နေပြီ၊ ဆရာဦးရွှေထွန်းဦး၊ ဆရာညိုတို့က အင်္ဂလိပ်စာသင်ပြတယ်။ primary တစ်လုံးကုန်သွားပြီ။ အသက်ကလည်း ၁၅ နှစ်ပြည့်လာပြီ၊ အင်္ဂလိပ်အစိုးရက အသက် ၁၆ နှစ်ပြည့်ပြီး လူငယ် ၁၀၉ ယောက်ကို စစ်တပ်မှာသွင်းလိုက်တယ်။ စစ်သင်တန်းတက်ဖို့ ပန်ဂျပ်ပြည်နယ် အနောက်ပိုင်း (Hoshiapur) ဟော်စီယာပူမြို့ကို ခေါ်ယူသွားတယ်။ စစ်သင်တန်းခြောက်လတက်ပြီး သင်တန်းအောင်လို့ စစ်သားကြီး ခုနှစ်ဆယ်ကျော် ခွင့် တစ်လစီနဲ့ နာစီပူစခန်းကို ရောက်လာကြတယ်။ အစ်ကို စစ်သားကြီးတွေကို မြင်လို့ ကျော်ဇောဝေ တစ်ယောက် ဘယ်လောက် စစ်တပ်ထဲဝင်ချင်တယ်ဆိုတာ ပြောမပြနိုင် ဖြစ်နေတယ်။ အသက်ကမမှီတော့ အနားမကပ်နိုင်ဘူး။ နောက်တစ်ဖြတ်ကျန်ရစ်တဲ့ စစ်သားကြီး သုံးဆယ်ကျော် ရောက်လာတယ်။ သူတို့နဲ့အတူ ဆူပီဒါ ဗိုလ်ကြီး ဂေါ်ရခါးလူမျိုးတစ်ယောက်လည်း ပါတယ်။ နာစီပူ စခန်းမှာ စစ်ရေးပြကြတယ်။ ကျော်ဇောဝေ တို့ ကလေးတွေ ကံကောင်းတယ်လို့ ပြောရမလား မသိဘူး။ B.R.C တပ်ရင်းမှူးကြီး Colonel E.D.Mc Carthy ဗိုလ်မှူးကြီး မကာသီကိုယ်တိုင် နာစီပူစခန်းကို ရောက်လာတယ်။ Boys Coy ကလေးတပ်ခွဲအတွက် အသက် ၁၅ နှစ်ပြည့် ရခိုင်ကလေး ၄၅ ယောက်ကို စစ်ထဲသွင်းလိုက်တယ်။

၁၉၄၄ ခုနှစ်၊ ဧပြီလ ၁ ရက် ညနေ ၃ နာရီ ကလေးစစ်သားတွေနဲ့ ခွင့်စေ့လို့ တပ်ရင်းပြန်တဲ့ စစ်သားကြီး တွေ နာစီပူစခန်းက ထွက်ကြတယ်။ ရှေ့ ဆုံးက စစ်သားကြီးတွေ နှစ်ယောက်တစ်တွဲ တန်းစီးလို့၊ နော်က ကလေးစစ်သား လေးဆယ့်ငါးယောက်၊ နာစီပူစခန်းတစ်ခုလုံး လူအုပ်ကြီး ထွက်ကြည့်နေကြတယ်။ မိဘဆွေမျိုးတွေက လက်ပြနေတယ်။ တချို့ကလည်း မျက်ရည်ကျနေ ကြတယ်။ မှတ်မိသေးတယ်၊ ကျော်ဇောဝေရဲ့ အမေ၊ အသက် ၇၀ ကျော် အဘောင်ရှင်ပြေးလာတယ်။ ကျော်ဇောဝေနားရွက် ပေါ်မှာ ပန်းလိုပန်လိုက်တဲ့ အဘောင်ရှင်ရဲ့ ထမီစ၊ ကျော်ဇောဝေ သိမ်းထားလိုက်တယ်။ ဒိုင်နာစပူမြို့က ည ၇ နာရီ မီးရထားနဲ့ ထွက်ရတယ်။ မီးရထားတစ်စီးလုံး စစ်သားတွေပဲ။ ကျော်ဇောဝေ တို့အတွဲမှာ အစ်ကို စစ်သားကြီး မောင်မြထွန်းပါတယ်။ အနောက် ဘင်္ဂလားပြည် ဒိုင်နာစပူ မြို့က အနောက် ပန်ဂျပ်ပြည် ဟော်စီယာပူ (Hoshiapur) မြို့အထိ ၂ နေ့ ၂ ရက်သွားရတယ်။ ဟော်စီယာပူမြို့ဆိုတာ ဂျလန်ဒါ (Jullendar) ခရိုင်မှာ ရှိတယ်။ မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးဖွားဖွား နဲ့ ခေါင်းပေါင်းကြီး ပေါင်းထားတဲ့ ပန်ချာပီ (ခေါ်) Sikh လူမျိုးတွေ တိုင်းပြည်ပေါ့။ ဟော်စီယာပူမြို့က ၃ မိုင်ဝေးတဲ့ သရက်ဥယျာဉ်မှာ (B.R.C) Burma Regimental Centre, Burma Army ဗမာ့တပ်မတော်နဲ့ Burma Police ဗမာ့ရဲတပ်ဖွဲ့တို့ကို စခန်းချထားတယ်။ ကျော်ဇောဝေ တို့ ကလေးတပ်သား ၄၅ ယောက်ကို ကလေးတပ်ခွဲ (Boys Coy) မှာ ထားတယ်။ ရခိုင်ကလေး ၄၅ ယောက်နဲ့ အတူ ဂေါ်ရခါးကလေး ၄၅ယောက်လည်း ကလေးတပ်ခွဲမှာ သင်တန်းတက်တယ်။ ရခိုင်ကလေး တပ်သား ၄၅ ယောက်ကို တပ်စု ၅ စု ခွဲပြီး သင်တန်းပေးတယ်။ သင်တန်းဆရာတွေ ကတော့ ပန်ချာပီဆရာ ၅ယောက်နဲ့ ရခိုင်ဆရာ ၆ ယောက်ဖြစ်တယ်။ ဂေါ်ရခါးကလေးစစ်သား တွေကို ဂေါ်ရခါးက မော်နီလူမျိုးဆရာ တွေကသင်တန်းပေးတယ်။ ရခိုင်ဆရာ ၆ ယောက်ကတော့ ဆရာ မောင်ဦးကျော်၊ ဆရာဦးသာဇံ၊ ဆရာဦးကျော်လှ၊ ဆရာစံလှဖြူ၊ ဆရာထွန်းစိန်အောင်နဲ့ ဆရာမောင်သာဇံတို့ ဖြစ်တယ်။ ခုထိ အသက်ရှင်နေတုန်းကတော့ ဗိုလ်ကြီး ဦးမောင်ဦးကျော်၊ ဆရာကြီး ဦးသာဇံနဲ့ ဆရာကြီး ထွန်းစိန်အောင်၊ အငြိမ်းစားတွေပါပဲ။ နောက်အရာကြီး သုံးယောက်ကတော့ ကွယ်လွန်ကုန်ပါပြီ။ ကျော်ဇောဝေတို့ ကလေးတပ်ခွဲမှာ ဝါးရင်းတုတ်ကို သေနတ်လို ထမ်းပြီး သင်တန်းဆင်းရတယ်။ ဝါးရင်းတုတ်ထမ်းပြီး အမြန်လျှောက်၊ အနှေးလျှောက်၊ သေနတ်ထမ်း သုံးလသင်ပြီးမှ ရိုင်ဖယ်သေနတ်ကိုင်ခွင့် ရတယ်။ ကလေးစစ်သား တစ်လငွေ ၁၀ိ-ရတယ်။ လူကြီး စစ်သားတွေ ၁၈ိ-ဖြစ်တယ်။ ကျော်ဇောဝေရဲ့ ပထမဆုံးရတဲ့ လစာငွေ ၁၀ိ-ထဲက ငွေ၅ိ-ကို ဖခင်ကြီးဆီပို့ လိုက်တယ်။ ဦးဦးဖျားဖျားရတဲ့ လစာပေါ့။ ကျော်ဇောဝေက ငွေ ၅ိ-ကိုသာသုံးတယ်။ ယင်းအချိန်က ငွေ ၅ိ-ကို တစ်လသုံးလောက်ပါတယ်။ ငွေတစ်ကျပ်မှာ ပြား ၆၄ ပြား။ လက်ဖက်ရည် တစ်ခွက် ၂ ပြားဆိုတော့ လက်ဖက်ရည် ၃၂ ခွက် ရတာပေါ့။ တစ်နေ့ တစ်ခွက်သောက်ရင် တစ်လနဲ့ နှစ်ရက်တောင် သောက်ရတာပဲ။ ကလေးတပ်ခွဲကို ချင်းအမျိုးသား ဂျမဒါ ဗိုလ်ကြီးမောင်ခါး အုပ်ချုပ်တယ်။ စစ်ရေး သင်တန်း တစ်မနက်ပေးပြီး တစ်နေ့လုံး အင်္ဂလိပ်စာ၊ ရိုမန်အူရဒူ (ခေါ်) အင်္ဂလိပ်စာလုံးနဲ့ ကုလားစကားပြော သင်ရတယ်။ ကျော်ဇောဝေ၊ အင်္ဂလိပ်စကားပြော တတ်တဲ့ ဂေါ်ရခါး ကလေးတပ်သားတွေနဲ့ အင်္ဂလိပ်လိုပြောတတ်နေပြီ။ ကုလားရုပ်ရှင်ကိုလည်း လုံးစေ့ပါတ်စေ့ နားလည်နေပြီ။ အူရဒူ စကားကောင်းကောင်း ပြောတတ်က အိန္ဒိယပြည် တစ်ပြည်လုံး ခရီးသွားလို့ အခက်အခဲ မရှိဘူး။ ကလေးတပ်ခွဲမှာ တစ်နှစ်သင်တန်း တက်ရာမှာ အလံကိုင်ပြီး ဆက်သွယ်ရေး အချက်ပြတာလည်း သင်ခဲ့ရတယ်။ ကလေးတပ်ခွဲမှာ တစ်နှစ် နေတယ်။ အသက်ကလည်း ၁၆ နှစ်ပြည့်တယ်။ လူကြီးစစ်သားဖြစ်လာတယ်။ လစာ ၁၈ိ- ရတယ်။ လူကြီးစစ်သား ဘဝနဲ့ နှစ်လသာ နေခဲ့ရတယ်။ တပ်ကြပ်ကြီး စာရေး စာမေးပွဲဝင်ဖြေလိုက်တာ အောင်လို့ တပ်ကြပ်ကြီး စာရေးရာထူးရသွားတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ တပ်ကြပ်ကြီး စာရေးဖြစ်တယ်။ လစာလည်း တစ်လ ၆၅ိ- ရတယ်။ တပ်ရင်းမှူးရုံးကို ပြောင်းရတယ်။ ကျော်ဇောဝေကို ကုလားတွေက ဟာဗီဒါကြီး၊ လို့ခေါ်တယ်။ ရာထူး အခေါ်အဝေါ်တွေက ကုလားလို (Havildar Clerk) ဟာဗီဒါ စာရေး ခေါ်တယ်။ လစာ တစ်လ ၆၅ိ- သုံးလို့ မကုန်ဘူး။ ဖခင်ကြီးဆီ တစ်လ ၄၀ိ- စီပို့ပေးတယ်။ မှတ်တမ်းရုံး ငွေစာရင်း ဌာနက (Family allotment) အနေနဲ့ အစိုးရကိုယ်တိုင် လစာက ဖြတ်ပြီး ပို့ပေးတယ်။ ဂျပန် လက်နက်ချလိုက်ပြီ၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပြီ။ မြန်မာပြည်ကို အင်္ဂလိပ်စစ်တပ်က ပြန်လည် သိမ်းပိုက်လိုက်ပြီ။ အရပ်ဘက် အုပ်ချုပ်ရေးစနေပြီ။ မြန်မာလူမျိုး မေဂျာဂျင်နရယ် အောင်ဆန်း ဗိုလ်ချုပ်တစ်ယောက်လည်း ပေါ်နေပြီ။ ၁၉၄၆ ခုနှစ်၊ နွေဦးရာသီကာလ တစ်နေ့မှာ (B.R.C) ရုံးချုပ်နဲ့ လက်အောက်ခံတပ်ရင်း အားလုံးမြန်မာပြည်ကို ပြောင်းရတယ်။ ကျော်ဇောဝေတို့ ပန်ဂျပ်ပြည် ဟော်စီယာပူမြို့က ည ၇ နာရီ ရထားနဲ့ထွက်လာတယ်။ နှစ်နေ့နဲ့ နှစ်ရက်ကြာမှ ဘင်္ဂလားပြည် ကာလကတ္တားမြို့ကို ရောက်တယ်။ ကာလကတ္တားမြို့မှာ ၂ ရက်နေခဲ့တယ်။ ဘယ်ကိုမှ မသွားခဲ့ရဘူး။ အလွန်တရားကြီးမားလှတဲ့ သင်္ဘောအောက်ဆုံး ထပ်ရေထဲမှာထားတယ်။ တစ်နေ့တစ်ခါသာ အပေါ်ကုန်ပတ်ကို တက်ရတယ်။ ကမ်းမမြင် လမ်းမမြင်နဲ့ သင်္ဘောခေါင်းထဲ မှာ နှစ်နေ့နဲ့ နှစ်ရက်ကြာပြီးမှ ရန်ကုန်မြို့ကို ရောက်တယ်။ ရန်ကုန်မြို့ကို တစ်ခါမှ မရောက်ဘူးတဲ့ ကျော်ဇောဝေ နံနက်စောစော သင်္ဘောပေါ်က မြင်ရတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေတိဂုံစေတီတော်ာကြီးကို လက်အုပ်ချီပြီး ရှိခိုးလိုက်တယ်။ သင်္ဘောပေါ်က ဆင်းလာတဲ့အခါ ဘောင်းဘီ အစုတ်အပြတ်တွေနဲ့ ဂျပန်စစ်သားတွေကို ပထမဆုံးမြင်ဘူးတယ်။ ဂျပန်စစ်သားတွေ ကျော်ဇောဝေကို အလေးပြုပြီး “ဘိရူးမား”လို့ပြောတယ်။ နံနက် ၈နာရီမှာ ဆူးလေဘုရားလမ်းတလျှောက် ဂေါ်ယာကုန်းအထိ တပ်ရင်းတစ်ခုလုံး ခြေလျင်လျှောက်ရတယ်။ ရှေ့ဆုံးမှာ နှဲပိုက်ဘင်ခရာအဖွဲ့က ဦးဆောင်တယ်။ နောက်က ကလေးတပ်ခွဲ၊ နောက်ဆက်ပြီး လေ့ကျင့်ရေးတပ် စစ်သားကြီးတွေ၊ နောက်ဆုံးက ကျော်ဇောဝေတို့ တပ်ရင်း၊ ရုံးချုပ်တပ်ဖွဲ့၊ ဘယ်ညာမှန်မှန် စီတန်းလျှောက်ကြတယ်။ လမ်းတစ်လျှောက် ကြည့်ရှုနေကြတဲ့ မြန်မာလူမျိုးတွေက ဟာ- အားလုံး ကုလားစစ်သားတွေပါလားလို့ ပြောတာကြားရတယ်။ နောက်ဆုံးမှာ လက်မောင်းမှာ သုံးရစ်နဲ့ ကျော်ဇောဝေ ကိုမြင်တော့ ဟော ဟိုမှာ ဗမာတစ်ယောက်ပါတယ်လို့ ပြောပြီး လက်ပြကြတယ်။ ကျော်ဇောဝေလည်း ရယ်ပြီးလက်ပြလိုက်တယ်။ ဂေါ်ယာကုန်းမှာ သုံးရက်နေခဲ့တယ်။ ရွှေတိဂုံစေတီတော်ကြီးကို နှစ်ရက်သွားဖူးတယ်။ ရန်ကုန်မြို့ကနေ အမိုးအကာမရှိတဲ့ ရထားတွဲနဲ့ မန္တလေးကို ပို့ပေးတယ်။ မန္တလေးက ကားကြီးတွေနဲ့ မေမြို့(ပြင်ဦးလွင်)ကို ပို့တယ်။ မေမြို့မှာပဲ တပ်ရင်း တစ်ခုလုံး စခန်းချနေလိုက်ကြတယ်။

မောင်တောကျော်(၁၆-၁-၉၈)
ရခိုင်မဂ္ဂဇင်း(၂၇) ၂၀၀၆ ခုနှစ် ဇန်နဝါရီလ မှ ကူးယူဖော်ပြသည်။

Print Bookmark and Share
 


(Photo: Narinjara.com)
နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် စစ်တွေမှ အမ်းထိ ရထားလမ်း တခုကိုဖေါက်လုပ်လျှက် ရှိသည်။ အဆိုပါ လမ်းဖေါက်လုပ်ရာတွင် ပြည်သူပိုင် လယ်မြေ အမြောက် အမြားကို စစ်အစိုးရမှ လျော်ကြေး တစုံတရာမပေးဘဲ သိမ်းယူ ခဲ့သဖြင့် ရခိုင်လယ်သမား တချို့မှာ လယ်မဲ့ယာမဲ့ ဘ၀သို့ ကျရောက်ခဲ့ကြရသည်။
Arakanpost

အယ်ဒီတာ အာဘော်

“ အာဏာ ရရှိရေးထက် ပြည်သူလူထုဘဝကို ပိုမိုအလေးထားရန်လို”

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

အင်တာဗျူး

ပခုက္ကူဦးအုံးဖေ စာပေဆုရှင် တောင်ကုတ်သား ကဗျာဆရာ အောင်သာဆန်း(သံတွဲ) နှင့် တွေ့ဆုံခြင်း

58x60

၂၀၀၉ခု ဇန္နဝါရီလ(၈)ရက်နေ့က ပခုက္ကူဦးအုံးဖေ စာပေဆု(၃)ဆုရှင် ဆရာအောင်သာဆန်း(သံတွဲ) အား ...

Narinjara logoNarinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: