နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာနည်းဖြစ်တဲ့ အမျိုးသားရင်ကြား စေ့ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးဟာ နအဖစစ်အုပ်စုရဲ့လက်ထဲမှာ အကြိမ်ကြိမ် သေဆုံးနေရတယ်လို့ပြောရင် လွန်မယ် မထင်မိပါ။ တကယ်လည်း စစ်အုပ်စုက တမင်ကြိုတင်စီမံ အကွက်ဆင်ထားတဲ့ ထောက်ချောက်ကြီးထဲကို အတိုက်အခံ အင်အားစုများဟာ သိသိကြီးနဲ့ အကြိမ်ကြိမ်ကျဆင်း နေရတာကတော့ လက်ရှိနိုင်ငံရေးဖြစ်စဉ်ရဲ့ ဇာတ်ကွက်များလို့ ပြောရမယ် ထင်ပါတယ်။
အသေချာဆုံး တခုကတော့ ဗမာ့နည်းဗမာ့ဟန် သိပ္ပံနည်းကျ ဖက်ဆစ်စစ်ဝါဒ ဥခွံထဲက နအဖ ဗိုလ်ချုပ်များ ရုန်းထွက်လွတ်မြောက်ဖို့ မကြိုးစားသေးသရွေ့ ယဉ်ကျေးနူးညံ့သိမ်မွေ့တဲ့ သံတ မန်ရေးရာ မဟာဗျူဟာများနဲ့ စားပွဲခုံပေါ်မှာ အဖြေရှာခြားဟာ အကောင်အထည် ပေါ်လာဖို့ ခက်ခဲနေမှာဖြစ်ပြီး တဘက်မှာ လူထုမျှော်မှန်းတဲ့ ဒီမိုကရေစီ အပြောင်းအလဲ ရောင်နီသန်းမှု ကလည်း အလှမ်းဝေးနေမှာပါပဲ။
နိုင်ငံတကာရဲ့ ဖိအားများကလည်း နအဖဗိုလ်ချုပ်များရဲ့ အသိညာဏ်မဲ့မှုအောက်မှာ သဲထဲ ရေသွန်မိတဲ့အဖြစ်မျိုး ဆိုက်ရောက်နေရပါတော့တယ်။ ကမ္ဘာ့လူသမိုင်းထဲက အာဏာရှင် များစွာတို့ရဲ့ ဝသီအတိုင်း အာဏာရဲ့အရသာကို ခံတွင်းတွေနေတဲ့ စစ်အုပ်စုကတော့ သေတဲ့ အထိ ဒီလိုပုံစံမျိုးပဲ ဆင်ကန်းတောတိုး သွားနေမယ်ဆိုတာ ပေါ်လွင်ထင်ရှားလွန်းလှပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ ဘာဆက်လုပ်သင့်သလဲ။ လူထုရဲ့ငတ်ခြင်းကို လက်ငင်း ဖြေရှင်းဖို့ ဘယ်သူတွေက စွမ်းဆောင်ပေးနိုင်မလဲ။ ဇာတ်ရှိန်မြင့်လာနေတဲ့ ဒီမိုကရေစီ တော် လှန်ရေးကြီးကိုရော အောင်မြင်မှု ပန်းတိုင်ထိရောက်အောင် ဘယ်လိုသယ်ဆောင်သွားကြမလဲ စတဲ့မေးခွန်းပေါင်း များစွာအတွက် အဖြေပေါင်းများစွာရှိနေမှာ မလွဲပါ။ ဒါပေမဲ့ အကောင်းဆုံးနဲ့ အသင့်လျော်ဆုံး အဖြေတခုကို ရွေးချယ်ပြီး အကောင်အထည် ဖော်ရမှာကတော့ ကျနော်တို့ရဲ သမိုင်းက ပေးအပ်လာတဲ့ တာဝန်ပါပဲ။
လူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပဋိပက္ခနဲ့ လက်ရှိ ဖြစ်စဉ်များကို အဖြေရှာတဲ့ ဘက်က ချဉ်းကပ်ကြည့်မယ်ဆိုရင် အပိုင်းနှစ်ပိုင်း တွေ့ရမှာဖြစ်ပါတယ်။ ပထမအပိုင်းက စစ် အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒုတိယအပိုင်းက နိုင်ငံကိုပြန်လည်တည်ဆောက် ရေးပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ပထမအပိုင်းထက် ဒုတိယအပိုင်းက ပိုပြီး သိမ်မွေ့ နက်နဲခက်ခဲ နေပါလိမ့်မယ်။ ဒီတော့ ပထမအပိုင်းကို အဖြေရှာတဲ့အခါ ထွက်လာ တဲ့ရလဒ်က ဒုတိယနိုင်ငံ ပြန်လည်တည်ဆောက်ရေး အပိုင်းကို အထောက်အကူပြုနေရင် အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်။
(၄၅) နှစ်တာ အမြစ်တွယ်လာနေတဲ့ စစ်စနစ်ရဲ့ ဖျက်ဆီးမှု့ကြောင့် အလုံးစုံနဲ့ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးနေတဲ့ ဗဟုလူ့ဘောင်ကို ခေတ်သစ်ကြီး၊ စနစ်သစ်ကြီးတခုဆီ ခေါ်ဆောင်သွား ဖို့ ကြိုးပမ်းတဲ့အခါ ယေဘုယျဝါဒီများရဲ သာမန်အတွေးများနဲ့တော့ အပြောင်းအလဲလမ်း ကြောင်း သစ်တခုကို ပီပီပြင်ပြင် ဖန်တီးနိုင်စွမ်းရှိမယ် မထင်ပါ။ ဆိုလိုတာက သန်းချီသော ထုတ်ပြန်ကြေငြာချက်များရဲ့ ဆူညံပွက်လောထနေတဲ့ တောင်းဆိုသံများနဲ့ နားထောင်လို့ ကောင်းတဲ့ အာလောကထဲက ဝေလည်လည် အိပ်မက်များဟာ စစ်အုပ်စုနဲ့ သူတို့ရဲ့ စစ်ယန္တရား လည်ပတ်နေမှုကို ဘယ်လိုမှ ရပ်တန့်ပစ်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။
ထိရောက်မှန်ကန်တဲ့ အဖြေရရှိဖို့အတွက် နိုင်ငံရေးပြဿနာရဲ့ အတိမ်အနက်ကို လေ့လာ ဆန်းစစ်ကြည့်ဖို့ လိုအပ်သလို သမိုင်းထဲမှာ ဖြေရှာကြည့်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ မြန်မာ့နိုင်ငံရေးသမိုင်း ဖြစ်စဉ်ကို ယေဘုယျအနေနဲ့ ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် ကာလ အပိုင်းအခြားကြီးနှစ်ခုပဲ တွေ့ရမယ် ထင်ပါတယ်။ ယဉ်ကျေးမှု ထွန်းကားစကာလ သက်ဦး ဆံပိုင် ဘုရင်စနစ်နဲ့ ထိုစနစ်လိုပဲ ထူးမခြားနားတဲ့ ကိုလိုနီစနစ် သို့မဟုတ် စည်းမျဉ်းခံဘုရင် စနစ်က ပထမအပိုင်းအခြားကြီးအဖြစ် သမိုင်းစာမျက်နှာများပေါ်မှာ နေရာယူထားကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီကာလမှာ လူထုရဲ့ အခန်းကဏ္ဍဟာ အလွန်မှေးမှိန် လွန်းလှပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစတဲ့ နယ်ပယ်အရပ်ရပ်တိုင်းကို အုပ်စိုးတဲ့ အာဏာပိုင် လူတစု လောက်ကသာ ချယ်လှယ်းသွေးစုပ် ထိန်းချုပ်ထားခဲ့တာ အားလုံးအသိပါပဲ။ အထူးသဖြင့် နိုင်ငံ ရေး ဖြစ်စဉ်မှာ လူထုပါဝင်နိုင်မှုကို လုံးဝကန့်သတ်ထားခြင်းပါပဲ။ ဒီလို ဆိုးရွားလှတဲ့ ပထမ အမှောင်ခေတ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်းခြင်းဖြင့် နိဂုံးချုပ် ပေးလိုက်ပြီး ဒုတိယ အပိုင်းအခြားကာလဆီ ရွေ့ပြောင်းသွားနိုင်ခဲ့ကြပါတယ်။
နိုင်ငံရေးအသိစိတ် မြင့်မားစွာနဲ့ လူထုကိုယ်တိုင် ဦးဆောင်ဦး ချီတက်လာခဲ့တဲ့ ဒီဒုတိယခေတ် ကာလကြီးဟာ တကယ့်ကို လွတ်လပ်မှုရနံ့သင်းတဲ့ လူထုကိုယ်တိုင်းရေးတဲ့ ရွှေရောင်သမိုင်း စာမျက်နှာများလို့ ပြောရမှဖြစ်တယ်။ ဒီနေရာမှာ အဓိကပြောချင်တာက လူထုကနိုင်ငံရေး တော်လှန်ရေးမှာ ပါဝင်မှုအားကောင်းခြင်းဟာ ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွက် အခြေ ခံအုတ်မြစ်ပါပဲ။ နိုင်ငံရေးဖြစ်စဉ်မှာ လူထုပါဝင်မှု အားကောင်းလေလေ ဒီမိုကရေစီ အတွက် ရေခံကောင်း မြေခံကောင်း ဖြစ်လေလေလို့ ပြောရမှာပါ။
ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ၆၂-ခနှစ်မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်သွေးကြွအုပ်စုက အာဏာသိမ်းပြီး တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို အမှောင်ခေတ်ကာလဆီ လှည့်ပြန်ခေါ်ဆောင် သွားနေခဲ့တာ ဒီနေ့အချိန်ထိပါပဲ။ ဆိုတော့ ၄၅-နှစ်တာ သက်တမ်းရင့်လာနေတဲ့ စစ်အာဏာ ရှင်စနစ်ကို အပြီးသတ်နိဂုံးချုပ် မြေမြှုပ်ပစ်ဖို့ဆိုတာ လူထုကိုယ်တိုင် ဦးဆောင်တဲ့ လူထုတော် လှန်ရေးကပဲ စွမ်းဆောင်နိုင်ပါပါလိမ့်မယ်။ လူတဦးချင်းစီက နိုင်ငံရေးအသိစိတ်ရှိရှိ နိုင်ငံရေး ဖြစ်စဉ်မှာပါဝင်ပြီး လူထုတိုက်ပွဲကို ဖေါ်ဆောင်ခြင်းကသာ ဒီမိုကရေစီခေတ်ကာလဆီ ပြန် ရောက်နိုင်ပါလိမ့်မယ်။ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဘာသာရေး အစခပ်သိမ်း ဖျက်ဆီးခံရပြီး အခုလို လူ့အဖွဲ့အစည်းကြီးတခုလုံး ရင်ဆိုင်နေရတဲ့ ပြဿနာများ ကို လူ့အဖွဲ့အစည်းကြီးတခုလုံး ပေါင်းစည်းမှုအင်အားနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ပြီး အနာဂတ် လမ်း ကြောင်းတခုကို ရေရှည်တည်ဆောက် လျှောက်လှမ်းနိုင်ပါလိမ့်မယ်။
တကယ်လို့သာ ဒုတိယ ကမ္ဘာစစ်ကာလတုန်းက မဟာမိတ်တပ်ဖွဲ့တွေဟာ ဟစ်တလာကို အပြတ်မတိုက်ပဲ တွေ့ဆုံးဆွေးနွေးဖို့ ကြိုးစားနေခဲ့မယ်ဆိုရင် ယနေ့ကာလ ဥရောပတိုက်ကြီး ဟာ နာဇီသမဂ္ဂရဲ့ အုပ်ချုပ်မှုအောက်မှာ ပြားပြားမှောက် နေရမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စ ရာလိုမယ် မထင်ပါ။ ယောင်ဝါးဝါး မျှော်လင့်ချက်တွေနဲ့ ပြောင်းလဲလားနိုးနိုး စိတ်ကူးယဉ်မှု အောက်မှာ မျိုးဆက်တွေ အစိမ်းသက်သက် မကြွေသင့်တော့ဘူးလို့ ထင်ပါတယ်။
ကိုယ်ပိုင်နိုင်ငံရေးမာနနဲ့ လူထုနဲ့ထပ်တူကျတဲ့ ကြည်လင်ပြတ်သားသော နိုင်ငံရေးအမြင်နဲ့ လူ့အဖွဲ့ အစည်းကို ထူထောင်ဖို့ ကြိုးစားသင့်တဲ့ အချိန်ရောက်နေပါပြီး။
ဒီထက် ပျက်စီးဆုံးရှုံးစရာဘာမှ မကျန်တော့ပြီးမို့ လာမယ့်နေ့ရက်တွေမှာ အသစ်က ပြန်စရမှာ မလွဲပါ။ စိမ်းစိုတောက်ပတဲ့ အနာဂတ်အခင်းအကျင်းမှာ အသစ်တွေ ရှိနေမှာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အနာဂတ်လမ်းဟာ လူထုခင်းတဲ့လမ်းပဲ ဖြစ်သင်ပါတယ်။