ရည်မှန်းချက်နှင့်ပန်းတိုင် အပိုင်း(၄)
အီစွတ်နှင့် သူ၏ပုံပြင်များ


တခါက နက္ခတ္တဗေဒပညာရှင်တဦးနှင့် “ ၂၀-ရာစုနှစ်၏ ကမ္ဘာ့လူသား (Person of the Century) ”အဖြစ် ရွေးချယ်ခံခဲ့ရသူ သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း (Albert Einstein) တို့ တွေ့ဆုံကြရာ နက္ခတ္တပညာရှင်မှ “လူသည် စကြာဝဠာကြီးနှင့်နိုင်းစာလျှင် ဘာမှမပြောပလောက်သော အရာဝတ္တုကလေးဖြစ်ကြောင်း” ပြောရာ အိုင်စတိုင်းမှ “ထို ဘာမှမပြောပလောက်သောလူကပင် စကြာဝဠာအကြောင်းကို သိနေခြင်းဖြစ်ကြောင်း” ပြန်ပြောခဲ့လေသည်။

ဤသတ္တလောက၌ “လူ” သည် ဦးနှောက်ဥာဏ် စွမ်းရည်အမြင့်မားဆုံးနှင့် တီထွင်ဆန်းသစ်မှု အားအကောင်းဆုံး သက်ရှိဖြစ်သည်။ ထို့ကြောင့်လည်း လူသည် ဤလောကရှိ တခြားသက်ရှိများအားလုံးကို လွှမ်းမိုးထားနိုင်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာထို “လူ” ဟူသော သတ္တ၀ါကို နည်လမ်းပြရာ၊ ပညာပေးရာ၊ ဆုံးမရာ၌ တခြားသက်ရှိများကို ပြုမူသကဲ့သို့ တုတ်တချက်ပြ၊ ကျောတချက်သပ်၊ အစာတလုပ်ကျွေး ပုံစံမျိုးလောက်ဖြင့် မလုံလောက်ချေ။ လူကိုပညာပေးရာ၊ ဆုံးမရာ၌ တိုက်ရိုက်ချဉ်းကပ်ရသည်များ ရှိသကဲ့သို့ သွယ်ဝိုက်သောနည်းလမ်းကို အသုံးပြုရသည်များလည်း ရှိသည်။ တိုတိုတုတ်တုတ်ပြောပြ၍ အဆင်ပြေမှုများရှိသလို ရှည်ရှည်ဝေးဝေးရှင်းလင်းဟောပြောမှ လိုရာရောက်နိုင်သည် များလည်းရှိသည်။ တချို့အခြေအနေ၌ တိုက်ရိုက်တည့်တိုးကြီး ဟောကနဲ၊ ဒိုင်းကနဲ ပုံစံမျိုးဖြင့် အလုပ်ဖြစ်သလို တခါတရံ၌ ဥပမာ၊ ဥပမေယျများဖြင့် ခိုင်းနှိုင်း တန်းဆာဆင်ကာ “လူ”များကိုပညာပေးမှုများ ကမ္ဘာ့နေရာအနှံ့အပြား၌ လူသားတို့သမိုင်းတလျောက်တွင် ပုံစံမျိုးစုံဖြင့် တည်ရှိခဲ့ကြသည်။ ယခုလည်းတည်ရှိနေကြသည်။ နောင်ကိုလည်းတည်ရှိနေ ကြမည်ပင်။ ထိုသို့ ဥပမာ၊ဥပမေယျလေးများဖြင့် ခိုင်းနှိုင်းပြောဆိုမှုများ၌ မြန်မာနိုင်ငံတွင် ဆိုလျင် သင်္ဂဇာဆရာတော်ဘုရားကြီး၏ ဥပမာများမှာ လွန်စွာနာမည်ကြီးပေသည်။

ပုံဝတ္တုတိုငယ်များဖြင့် လူများကို ဆုံးမ၊ လမ်းပြရာ၌ အီစွတ်၏ပုံပြင်များမှာ ကမ္ဘာတွင် အကျော်ကြားဆုံး ပုံဝတ္တုများပင်ဖြစ်သည်။

အီစွတ်ပုံပြင် ၇၀ နီးပါးခန့်ကို ကျွန်တော်ဖတ်ကြည့်ရာ ထူးခြားသောအချက်များကို ကျွန်တော် အောက်ပါကဲ့သို့ သွားတွေ့ရပါသည်။

(က)အီစွတ်သည် သူ၏ပုံပြင်တပုဒ်ချင်းစီကို တိကျသောရည်ရွယ်ချက်တခုစီဖြင့် ပြောဆို ခဲ့ခြင်း။

(ခ) ပုံပြင်ပါအဓိက ဇာတ်ကောင်အများစုမှာ တိရိစ္ဆာန်များဖြစ်ခြင်း။
(ဂ) သမိုင်းမှတ်တမ်းမှတ်ရာများ၏အဆိုအရ အီစွတ်သည် ပညာတတ်ကြီးတဦး မဟုတ်သည်သာမက “ကျွန်”တဦးဖြစ်ခဲ့ခြင်း။
(ဃ)အီစွတ်ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀၀ ကျော်မှ သူ့ပုံပြင်စုစည်းမှုစာအုပ် စတင်ပေါ် ပေါက်လာခြင်း။

အီစွတ်သည် လူ့သဘော၊ လူ့သဘာဝတို့ကို အတိုင်းအတာတခုထက်ပို၍ နားလည်တတ်ခဲ့သူ၊ လူတို့၏ ပညာဥာဏ်အမြှော်အမြင်ရှိမှု၊ ကြီးကျယ်မြင့်မြတ်မှုများကိုလည်း ကောင်း၊ မိုက်မဲမှု၊ ယုတ်ညံ့သိမ်ဖျင်းမှု အစရှိသည်များကိုလည်းကောင်း အတော်ပင် စူးရှစွာ ကြည့်မြင်တတ်ခဲ့သူတဦးဖြစ်သည်။ “လူ”ဟူသောသတ္တ၀ါသည် အတုနှင့်အစစ်တွင် အစစ်ကို ပို၍မြတ်နိုး၊ တန်ဘိုးထားစရာ ဖြစ်ရကောင်းမှန်းသိသော်လည်း “အတု”များတွင် ပို၍ သာယာယစ်မူး တတ်သော သဘောရှိသည့်သတ္တ၀ါဖြစ်သည်။ မျက်စိကန်းသောသူတဦးကို “အကန်း”ဟု တိုက်ရိုက်သွားပြော၍မရချေ။ လောဘအလွန်ကြီးသူတဦးကို “လောဘကြီး”ကြောင်း သွားပြော၍မဖြစ်။ တနည်းအားဖြင့် သက်ရှိသတ္တ၀ါများအားလုံးထဲတွင် “လူ”သည် အရာရာကို ဝေဖန်တတ်သည့် “အဝေဖန်တတ်ဆုံး” သက်ရှိဖြစ်သကဲ့သို့ ထို“ဝေဖန်မှုကိုမကြိုက်ဆုံး” သော သတ္တ၀ါမှာလည်း “လူ”ပင်ဖြစ်သည်။

သို့ဖြစ်ရာ ကျွန်တော်အထက်တွင် တင်ပြခဲ့သလိုပင် လူသားများကို သည်အတိုင်း ပညာပေးသည်ထက် (လူသားတို့က မိမိတို့ထက် နိမ့်ကျသည်ဟု ယုံကြည်ထားသော) တိရိစ္ဆာန်များ ဖြင့်ခိုင်းနှိုင်းကာ ပညာပေးမှုမှာ ပို၍သင့်တော်ကောင်းမွန်ကြောင်းကို အီစွတ်ကောင်းစွာ ရိပ်မိ၊ သိရှိခဲ့သည်။ ထို့ကြောင့်လည်း တိရိစ္ဆာန်များနှင့်ခိုင်းနှိုင်းလျက် မိမိပြောလိုသည်ကို တိုတိုတုတ်တုတ်နှင့် ထိထိရောက်ရောက်ပြောကာ လူများကို ပညာပေးဆုံးမခဲ့သည်။ တနည်းအားဖြင့် အီစွတ်သည် “လူများကိုပညာပေး ဆုံးမရန်”ဟူသည့် သူ၏ရည်မှန်းချက်နှင့် ပန်းတိုင်သို့ ရိုးစင်းသော်လည်း ပညာပါလှသည့် လိမ္မာပါးနပ်မှုအပြည့်ဖြင့် ရောက်အောင် ချီတက်နိုင်ခဲ့သူဖြစ်သည်။ စကားမပြောတတ်သည့် ခြင်္သေ့နှင့်တောဝက်တို့ စကားအချီအချ ပြောခန်းကို ဖတ်ရသည့်အခါ စာဖတ်သူလူသားသည် ပုံပြင်ထဲရှိ ဇာတ်ကောင်များအားလုံးမှာ လူသားများကိုပင် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ကောင်းစွာသိရှိသော်ငြားလည်း အခင်းဖြစ်နေ ကြသူများမှာ ခြင်္သေ့နှင့်တောဝက်တို့ ဖြစ်ကြောင်း မိမိတို့နှင့်မဆိုင်လွန်းစွာ မြင်ယောင်၊ ထင်ယောင်ကာ ဖတ်ဖြစ်သည်။ ခံစားဖြစ်သည်။ သို့သော်ဖတ်ရ ကောင်းသည်။ သည်ပုံပြင်က ဘာဆိုလိုကြောင်း သင်္ခန်းစာကိုတော့ယူသည်။ သည်အပိုင်းမှာ အီစွတ်၏ပညာ အပါဆုံးအပိုင်း ပင်ဖြစ်သည်။

ဤနေရာ၌ အလျဉ်းသင့်၍ အီစွတ်အကြောင်းကိုလည်း စာရှုသူများ ဗဟုသုတအလို့ငှာ အနည်းငယ်ပြောပြလိုပါသည်။

အီစွတ်သည် လွန်ခဲ့သည့်နှစ်ပေါင်း သုံးထောင်(၃၀၀၀)ခန့်က ဂရိနိုင်ငံတွင်ပေါ်ပေါက်ခဲ့သူ ပညာရှင်တဦးဖြစ်ပါသည်။ တိရိစ္ဆာန်များနှင့် ခိုင်းနှိုင်းကာ လူ့သဘော၊ လူ့မနောများကို ဖော်ထုတ်ပညာပေးသည့် သူ၏ပုံပြင်များကြောင့် လွန်စွာ နာမည်ကြီးသူတဦး ဖြစ်လာခဲ့လေသည်။ သူသည် ငွေဝယ်ကျွန်တဦးဖြစ်ခဲ့ပြီး သူ၏ပညာပါ လှသော ထိုပုံပြင်များကြောင်းပင်လျင် ကျွန်ဘ၀မှလွတ်မြောက်ခွင့်ရကာ ဘုရင့်နန်းတော်တွင် ဂုဏ်ထူုးဆောင် ဧည့်သည်တော် တဦးပင် ဖြစ်လာခဲ့သည်ဟု အဆိုရှိပါသည်။

ထူးခြားချက်တခုမှာ သူ့တွင် ရေးသားထားသည့် မှတ်တမ်းစာမူ ဘာတခုမှမရှိခဲ့ချေ။ အီစွတ်ပြောခဲ့သည့် ပုံပြင်များကို ကြားဖူးလိုက်သူတို့က သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောကြားခဲ့ကြကာ သူကွယ်လွန်ပြီးအနှစ် ၂၀၀ခန့်ကြာမှ ပထမဦးဆုံးသော သူ့ပုံပြင်စုစည်းမှု စာအုပ် ပေါ်ထွက်လာခဲ့လေသည်။ ထိုအချိန်မှစ၍ အီစွတ်၏ပုံပြင်များကို ကမ္ဘာ့ဘာသာ အားလုံးနီးပါးသို့ ဘာသာပြန်ဆိုခဲ့ကြပြီး ပုံပြင်အတော်များများမှာ ကမ္ဘာ့နိုင်ငံအသီးသီး၏ စာရိတ္တနှင့်စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ စာပေများအဖြစ် ရပ်တည်လာခဲ့သည်မှာ ယနေ့ အချိန်ထိပင် ဖြစ်ပါသည်။

အီစွတ်ပုံပြင်များ၏ ကမ္ဘာတလွား သြဇာညောင်းမှုမှာ အံ့သြစရာ ကောင်းလှသည်။ ငွေဝယ်ကျွန်အီစွတ်၏ ပုံပြင်များသည် ကမ္ဘာ့စာပေ လောကကိုလွမ်းမိုးပြီး သူ့ပုံပြင်များထဲမှ ဝေါဟာရများ၊ အကြောင်းအရာများသည် ကျွန်တော်တို့ နေ့စဉ်ဘ၀ ပြောဆိုသုံးစွဲမှုများ၏ စံပြုဝေါဟာရများ ဖြစ်လာခဲ့သည်အထိပင် ဖြစ်ပါသည်။ ဥပမာ အင်္ဂလိပ် စာပေလောက၌ တစုံတရာကို တိကျသေချာစွာမသိရှိရသေးမီ ကြိုတင်စိုးရိမ်ပူပင်တတ်သည့်၊ စိတ်ကူးယဉ်ကာ ကြိုတင်ပျော်ရွင်တတ်သည့် လူများကို သတိပေးပြောကြားသည့် ဥပမာအားဖြင့် “Don’t cont chickens before they are hatched” ဟူသောစကားရပ်များ၊ အဆင်ပြေချောမွေ့နေကြရာမှ အကြောင်းမညီညွတ်၍ ကတောက်ကဆဖြစ်ကြရာ တဦးနှင့်တဦး၊ တဖက်နှင့်တဖက် မဖွယ်မရာစကားများသုံးစွဲကာ ပြောဆိုတတ်ကြသည်ကို ရည်ညွန်းပြောဆိုတတ်သည့် “စပျစ်သီးလေးတော့ ချဉ်ကုန်ပြီဟေ့”ဟူသော အသုံးအနှုန်းလေးများမှာ အီစွတ်ပုံပြင်များတွင် အခြေခံသောဝေါဟာရများပင်ဖြစ်ပါသည်။

မြန်မာစာပေနယ်ထဲတွင်လည်း အခြေခံပညာမူလတန်းတွင် သင်ယူလေ့လာကတည်း က အီစွတ်ပုံပြင်ပေါင်းများစွာကို ကျွန်တော်တို့ ဖတ်မှတ်လေ့လာခဲ့ကြပြီးဖြစ်ပါသည်။ ဥပမာ “ယုန်နှင့်လိပ်အပြေးပြိုင်ပွဲ” “မစူးစမ်းမဆင်ခြင်သောယုန်သူငယ်” “အဘိုးအို၏ ထင်းစည်းနှင့် သားများ” “လောဘကြီးသောမြေခွေး” အစရှိသည်တို့မှာ အီစွတ်ပုံပြင် ဘာသာပြန် များပင်ဖြစ်ပါသည်။

သည်နေရာ၌ ကျွန်တော်တင်ပြလိုသည်မှာ ပါရမီရှင်များ အာဂပုဂ္ဂိုလ်များသည် သူဖြစ်လို သည်ကိုဖြစ်အောင် သူအလိုရှိသည်ကိုရရှိအောင်၊ တနည်းအားဖြင့် သူ၏ရည်မှန်းချက်နှင့် ပန်းတိုင်ကို သူ့နည်းသူ့ဟန်နှင့်သူ အရောက်လှမ်းတက်နိုင်ကြသူများ ဖြစ်ကြပါသည်။

ဤဆောင်းပါး၏ အပိုင်း(၃)တွင် ကျွန်တော်တင်ပြခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရား၊ အေသင်မြို့မှသူရဲကောင်း၊ ဂေါ်ရခါးစစ်သည်တော်တို့ကဲ့သို့သော ပုဂ္ဂိုလ်များမှာ မိမိတို့ ပန်းတိုင်သို့ ရောက်အောင် မိမိတို့သွားရောက်ရာ၌ ကျားကုတ်ကျားခဲ၊ ဇွဲနပဲသန်သန်၊ သတ္တိရှိရှိဖြင့် ချီတက်ခဲ့ကြသည့် အာဇာနည်များပင် ဖြစ်ကြပါသည်။ ယခုအီစွတ်ကတော့ ထိုသို့မဟုတ်ချေ။ တိုတိုနှင့်လိုရင်းကိုသာပြောထားသည့် ပုံတိုလေးများဖြင့် သူပေးလိုသော ပညာ(သို့မဟုတ်) အဆုံးအမကို လူသားတို့အား လိမ္မာပါးနပ်စွာဖြင့် ပြသပေးသွားခဲ့ လေသည်။

အီစွတ်သည် ကျွန်တော်တို့လူသားသမိုင်းတွင် မည်သည့်အတန်းစာကိုမှ မသင်ခဲ့ ဘူးသည့် ပညာရှိကြီးတဆူပင်ဖြစ်ပါသည်။ ထိုကြောင့်လူအချို့သည် မိမိအလိုရှိသည့် ပန်းတိုင်ကို ပညာဥာဏ်ရှိရှိ၊ လိမ္မာပါးနပ်စွာဖြင့်လည်း သူ့နည်းသူ့ဟန်ဖြင့် ကြံဆတီထွင်၊ ချဉ်းကပ်မှုများပြုလုပ်ကာ အရောက်ချီတက်နိုင်ကြကြောင်းကို အနည်းငယ်ဆွေးနွေးလိုသဖြင့် ကမ္ဘာကျော်ပုံပြောက၀ိမော်ကြီး အီစွတ်နှင့်သူ့ပုံပြင်များအကြောင်းကို မိတ်ဆက်သဘော ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

အပိုင်း(၅)ကို နောက်လတွင် ဆက်လက်ဖတ်ရှုပါရန်။
အားလုံးကိုလေးစားလျက်
မောင်ဦးသိန်းမောင်

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.