မြန်မာပြည်အရေးအား လုံခြုံရေးကောင်စီမှ ဖြေရှင်းမှုအပေါ် ကာကွယ်ပေးနေသော တရုတ်အား သပိတ်မှောက်သင့်ပြီ


ဆရာတော်သည် (၇၅)နှစ်တိုင်တိုင် ဘ၀ခရီးအတွေ့အကြုံများကို တတ်နိုင်သလောက်ကြိုးစားပြီး မှတ်မိရာများကို ကမ္ဘာသို့ တင်ပြချင်သောမခံနိုင်သော စိတ်ရောက်နေပါသဖြင့် ကမ္ဘာ့သို့တင်ပြရခြင်း ဖြစ်ပါသည်။ မြန်မာပြည် လွတ်လပ်ရေးမရခင် ဂျပန်ခေတ်ကို ဆရာတော်မှတ်မိသလောက် အတွေ့အကြုံများကို တင်ပြရမည်ဆိုပါလျင် ဖက်ဆစ်ဂျပန်များသည် မြန်မာပြည်ကို (၃)နှစ်အုပ်စိုး ခဲ့သည်။ ယင်းအခါ ဆရာတော်၏ အသက်(၁၂)နှစ်အရွယ်သာရှိခဲ့သည်။ ဂျပန်များသည် အရိုင်း အစိုင်းများဖြစ်ကြသည်။ ဘုန်းတော်ကြီးကျောင်းဝင်းများထဲတွင် ဂျပန်စစ်သားများသည် နွားကောင်များ ကို သတ်ဖြတ်ခြင်း၊ အကောင်လိုက်တွဲချိတ်ထားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ဘာသာရေးကို လုံးဝမလေးစားပါ။ သို့သော်လည်း ဘုရား၏ သားတော်များ ဖြစ်ကြသော ဘုန်းကြီးရဟန်းများကိုကား သတ်ဖြတ်ခြင်း၊ရိုက်နှက်ခြင်း၊လူထုတ်ခြင်းများ မလုပ်ခဲ့ကြပါ။ ယခုမြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ တခုလည်းဖြစ် ပြည်သူ(၈၀)ရာခိုင်နှုန်းမှာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာလူုမျိုး သည် ယဉ်ကျေးပြီး ဗုဒ္ဓအဆုံးအမကို လက်ကိုင်ထားကြ၍ ဂါရဝေါစနိဝါတောစဆိုသော မင်္ဂလာ တရားများကို လိုက်နာကြပါသည်။ ရတနာသုံးပါးကိုလည်း လေးစားကြည်ညိုကြပါသည်။

မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် (ဖဆပလ)(ပထစ) အစိုးရ အုပ်စိုးခဲ့ပြီးသည့်နောက်မှာ ၁၉၆၂-ခုနှစ်ကပင် တော်လှန်ရေး ကောင်စီအစိုးရ။ နေ၀င်း(မဆလ)အစိုးရကပင် မြန်မာပြည်အတွင်းရှိ ရဟန်းရှင်များ။ ပြည်သူများမှာ အေးချမ်းသာယာမှုနှင့် မတွေ့ကြုံရသည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ (မဆလ) နေ၀င်းအစိုးရပြုတ်ကျပြီးနောက် ယခုန (န၀တ)(နအဖ)စစ်အုပ်စုလက်ထက်မှာ နေ၀င်းက စောမောင်ကပိုဆိုးလာပြီး၊ ယခု(နအဖ) အာဏာရူးသန်းရွှေဆိုလျင် နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ကလဲ ဆိုသလိုပိုပြီး ဆိုးလာသည်ကို တွေ့ကြုံခံစားနေကြရပါသည်။

နေ၀င်း၊စောမောင်လက်ထက် ၈၈ အရေးအခင်းမှာလည်း ရဟန်းရှင်လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသဘည်။ ယခု သန်းရွှေအာဏာရူးလက်ထက်မှာ ထိုထက်ပိုမိုဆိုးဝါးလာပါသည်။ သန်းရွှေကျောက်ဆည်သား အမိအဘဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသလောဟုပင် သံသယဖြစ်မိလာပါ သည်။ ဗုဒ္ဓဘာသာဝင်များ အစစ်အမှန်တယောက်ဖြစ်လျင် မေတ္တာ၊ဂရုနာတရား ရှိသင့်ပါသည်။

ယခုအခါသန်းရွှေစစ်အုပ်စု အာဏာရူးများသည် ဗုဒ္ဓဘာသာဝင်များ အစစ်မဟုတ်သည်မှာ ထင်ရှား ပါသည်။ သူနှင့်ပေါင်းဖော်ဆွေမျိုး တရုတ်ကွန်မြူနစ်နှင့် အပေါင်းအဖော် ရုရှားသည်လည်း ကွန်မြူနစ်အစစ် ဘုရားမရှိ၊တရားမရှိ သံဃာမယုံ ဖားတပိုင်းငါးတပိုင်း ၊လင်းမြွေတပိုင်း မြွေဟောက် တပိုင်း ၊အိန္ဒိယတို့ သုံးယောက်နှင့် ပေါင်းနေကြသဖြင့် ဇာတ်တူသားကို စားနေကြသည်။ သန်းရွှေ ဗုဒ္ဓဘာသာအစစ်ဆိုလျင် ရဟန်းသံဃာများကို ရက်ရက်စက်စက် သတ်ဖြတ်မည်ဟု မထင်ပါ။ ယခု ဗုဒ္ဓဘာသာ အစစ်မဟုတ်၍ ဘုရားသားတော်များဖြစ်ကြသော သံဃာတော်များနှင့် ကျောင်းသား ပြည်သူများကို အာဃတိ ကြီးစွာဖြင့် မတရားသဖြင့် သတ်ဖြတ်နေသည်။

အင်္ဂလိပ် အုပ်စိုးခဲ့စဉ်ကလည်း (နအဖ) စစ်အုပ်စုကဲ့သို့ ရက်စက်ခြင်းမရှိပါ။ အာရှနေ၀န်း လွတ်လပ်ရေးခေါင်းဆောင်ကြီး အသျှင် ဦးဥတ္တမကိုလည်း တရားဥပဒေနှင့်အညီ ထောင်ချခဲ့ပါသည်။

ယခု(နအဖ)သန်းရွှေအုပ်စုသည် တရားဥပဒေဆိုသည်မှာ လုံးဝမရှိ၊ ကြွေးကြော်ထားသည်မှာ တရား ဥပေဒစိုးမိုးရေး၊ တိုင်းရင်းသားများမပြိုကွဲရေးလို့ စာအုပ်ကြီးမှာရေးထားသည်။ တိုင်းပြည်၏ အနာဂတ် အချုပ်အခြာအာဏာ တည်မြဲရေးဆိုသည့်အပိုဒ်သည် အမှန်တကယ် တိုင်းပြည်၏အနာဂါတ် အချုပ် အခြာအာဏာတည်မြဲရေး မဟုတ်တော့ပါ။ သန်းရွှေနှင့်သူ၏အပေါင်းအပါ လက်တဆုတ်စာ အာဏာရူး၊ မင်းရူးများ၏ အာဏာတည်မြဲရေးအတွက်သာ ဖြစ်နေသည်။ သန်းရွှေ(နအဖ)စစ်အုပ်စုအား သူတို့နှင့် ထိုက်တန်သော နာမည်တခု ပေးလိုသည်။ ယင်းနာမည်ကတော့ “မောင်ဒိုးနွယ် အုပ်စု” ဖြစ်သည်။

ဒိုးနွယ်သည် တောတခုလုံးမှာရှိသော အပင်များကို လိမ်ကျိတ်၍ အသက်ရှင်သန်ကြီးထွားရသည့် အပြင် တောထဲတွင်အသက်ရှင်သန်ရန် လိမ်စရာအပင်မရှိတော့လျင် မိမိကိုယ်ကိုလိမ်၍ အသက်ရှင် သန်သော နွယ်ပင်ဖြစ်သည်။ ယင်းမောင်ဒိုးနွယ်အုပ်စုများသည် မိမိတိုင်းပြည်မှ ပြည်သူများကို လိမ်လည်သည်သာမက ကမ္ဘာကိုပါ တက်လိမ်နေသည်။ ကြိုးတို့မည်သည် အလိမ်များလျင် အဆွဲ မခံဘဲ ပြတ်သွားတတ်ပါသည်။

သို့ဖြစ်ပါ၍ သန်းရွှေစစ်အာဏာရှင် ဒိုးနွယ်အုပ်စုများလည်း မြန်မာပြည်သူ ရဟန်းရှင်သူများ အဆွဲမခံ နိုင်ဘဲ များမကြာမီ ပြတ်သွားမည်မှာသေချာနေပေသည်။

နအဖ ကိန်းကုန်တော့ပါမည်။ ဆွေမျိုးပေါက်ဖော်တရုတ်ကလည်း မြန်မာပြည်မှာ ပြည်တွင်း ပြဿနာ သာဖြစ်သည် ကုလသဂ္ဂအရေးမဟုတ်ဟု တရုတ်က အစဉ်အမြဲပြောနေသည်။ မြန်မာနိုင်ငံသည် ကုလ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံမဟုတ်ပါလော။ ဥပမာတခု နှိုင်းပြရလျင် ရွာတရွာမှာ အိမ်တဆောင်ကို မီးလောင်နေသည်မှာ ငါတို့နှင့်မဆိုင်ဆိုပြိး လောင်နေသောမီးကို စုပေါင်းဝိုင်းဝန်းပြီး ငြိမ်းမသတ် လိုက်ပါက ယင်းအိမ်မှတဆင့် တရွာလုံးသို့ ကူးစက်လောင်လာနိုင်သည်။

မြန်မာနိုင်ငံကို စီးပွားရေး၊စစ်ရေးပိတ်ဆို့လိုက်လျက် တရုတ်အတွက်စီးပွားရေး၊ စစ်ရေးဆုံးရှုံး သွား မည်ကိုမြင်သည်။ ၎င်းအတွက်နှင့် တရုတ်၊ ရုရှားနှင့်အိန္ဒိယ နောက်လိုက်တို့က မြန်မာအရေးအပေါ် ကုလသမဂ္ဂမှ အရေးယူဆောင်ရွက်မည်ဆိုသည်ကို သူတပါးပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုမပြု ပြည်တွင်းပြဿနာများသာဆိုသည်ကို သူတပါးပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုမပြု၊ ပြည်တွင်း ပြဿနာများသာဆိုပြီး အကြောင်းအမျိုးမျိုးပြကာ အစဉ်တစိုက် ကန့်ကွက်နေခြင်း သာဖြစ်သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများသည်လည်း ပွဲလန့်တုန်းဖျာခင်း၍ “မောင်ဒိုးနွယ်”များရှိက သူတို့ထင်သလို ချယ်လှယ်နိုင်သောကြောင့် ကုလသမဂ္ဂမှ ၀င်ရောက်ဖြေရှင်းမည်ဆိုသည်ကို ကန့်ကွက်နေခြင်းများသာ ဖြစ်ကြသည်။ လူမျိုးတိုင်းမှာ အဓိကသုံးရပ်ရှိပါသည်။၎င်းတို့မှာ စားရေး၊နေရေးနှင့် ၀တ်ရေး ထိုအရေး သုံးပါသည် လူသားတိုင်းမှာ အရေးအကြီးဆုံးဖြစ်သည်။

တိုင်းပြည်တပြည်မှာလည်း စစ်ရေး၊စီးပွားရေးနှင့် နိုင်ငံရေး အရေးကြီးသည်။ တရုတ်သည် မြန်မာပြည်မှ အဖိုးတန်သယံဇာတပစ္စည်းများကို မက်မောလျက်ရှိ၍ အလွန်လိုချင်နေသည်။ အလွယ်တကူ ယူလည်း ယူနေသည်။ မောင်ဒိုးနွယ်တို့ကလည်း သူတို့အာဏာတည်မြဲရေးအတွက် ပေါက်ဖော်များအား တိုင်းပြည်၏ သယံဇာတပစ္စည်းများကို ဈေးပေါပေါနှင့်ရောင်းချနေသည်။ ရုရှားနိုင်ငံကလည်း အကျိုး အမြတ်ရရှိနေသည့်အတွက် (နအဖ)စစ်အုပ်စုကို အကာအကွယ်ပေးနေသည်။ အိန္ဒိယကလည်း မြေခွေများကဲ့သို့ မြန်မာပြည်အား ရရာအပေါက်မှဝင်ပြီး မိမိအကျိုးရရှိရေးကိုသာ ကြိုးစားနေသည်။

တရုတ်က သူတပါးပြည်တွင်းရေးကို ၀င်မစွက်လို့ အစဉ်အမြဲပြောနေသော်လည်း ဦးနုအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံပြည်တွင်းရေးအား စစ်ရေးအရ ပြောင်တိုက်ဝင်ရောက် စွက်ဖက်လာရာ မြို့နယ်(၃)ခုကိုပေးပြီး ပြေငြိမ်းလိုက်ရသည်။ ယခုလက်ငင်းကာလတွင်လည်း မြန်မာပြည် အထက်ပိုင်း တွင် တရုတ်များလွမ်းမိုးလျက်ရှိသည်။ ရခိုင်ပြည်မှ ရွှေဂတ်(စ်)လုပ်ကွက်များတွင်လည်း သူတပါးတိုင်း ပြည်များထက် လက်တို့စနစ်ဖြင့် ဈေးပေါပေါဖြင့် ၀ယ်ယူလျက်ရှိနေသည်။

ဆရာတော်အနေဖြင့် နောက်ဆုံးနိဂုံးချုပ်ပြောလိုသည်မှာ တရုတ်သည် မြန်မာပြည်အရေးနှင့် ပတ်သက် ၍ ဤကဲ့သို့ အမျိုးမျိုးအကြောင်းပြ ကာကွယ်တားမြစ်နေမည်ဆိုပါက ၂၀၀၈-ခုနှစ် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်အား တရုတ်မှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသွားမည်ကို နိုင်ငံတကာမှ ကန့်ကွက် သပိတ်မှောက် သွားကြရန်နှင့် တရုတ်သွင်းပစ္စည်းများကိုလည်း သပိတ်မှောက်သွားကြရန် တိုက်တွန်း လိုက်ရပေသည်။

ဆရာတော် ဦးသုစိတ္တ မဟာထေရ်
ရခိုင်အမျိုးသားကောင်စီ
(ANC) နာယက
၂၀၀၇-ခု အောက်တိုဘာ (၂၃)

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.