မပြောချင်ဘူး။ မရေးချင်ဘူး။ ဝေဖန်တိုက်ခိုက်မှုတွေလည်း လုပ်လိုစိတ်မရှိပါဘူး။ ဒါပေမယ့်လည်း ကိုယ်တကိုယ် ကောင်းစားရေးအတွက် ပြည်သူတွေရဲ့မျက်နှာကိုမထောက် ပြည်သူတွေကို သစ္စာ ဖောက်ပြီး နအဖစစ်အစိုးရအကြိုက် မျက်နှာလိုမျက်နှာရ ရေးနေပြောနေတာတွေကို မြင်ရ၊ကြားရ ဖတ်နေရတော့ မရေးရင်မရ၊ရေးရပြောရဖို့ ဖြစ်လာတယ်။ဘယ်အကောင်တွေလဲကွာ။ မျိုးရိုးဗီဇကိုမစစ်၊ မိဘမျက်နှာကိုမထောက်၊ ရခိုင်ပြည်သူတွေရဲ့ ဒုက္ခတွေကို မျဝေခံစားလိုစိတ်မရှိဘဲနဲ့ နအဖ စစ်အစိုးရ လက်အောက်မှာ ရခိုင်ပြည်နယ် မကြုံစဖူးအောင် တိုးတက်နေတယ်လို့ဆိုတာ၊ ဘယ်နေရာ ဘယ်အစိတ်အပိုင်းများမှာများ ရခိုင်ပြည်နယ် တိုးတက်နေသလဲ။ ရခိုင်ပြည်နယ်မှာ တိုးတက်လာ တာဆိုလို့ ဗမာစစ်သားများလာတာနဲ့ ဗမာပြည်ကအခြေစိုက်တဲ့လူတွေ တိုးပွားလာတာကလွဲပြီး ဘယ်နေရာမှာမှ တိုးတက်တာမရှိဘူး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့်စီးပွားရေး အကုန်ကြည့် လိုက်စမ်းပါ။
ဘယ်ကဏ္ဍများမှာ တိုးတက်လာတာတုံး။ နအဖ စစ်အုပ်စု တိုင်းပြည်ကို အုပ်ချုပ်တာ နှစ်(၂၀)နီးပါး ရှိပြီး။ ဘယ်မှာလဲ ရခိုင်လူမှုအဖွဲ့အစည်းတခုလုံး တိုးတက်ရေးအတွက် အခရာအကျဆုံး လျပ်စစ်မီး၊ တနေ့မှာ(၂)နာရီ စစ်တွေမြို့မှာရတာနဲ့များ တိုင်းပြည်တိုးတက်လာသလား။ လမ်းပန်းဆက်သွယ် ရေးမှာ ရခိုင်ပြည်နယ်နဲ့ပြည်မကို ဆက်သွယ်တဲ့ ကားလမ်းဖောက်တာကိုများ တိုင်းပြည်တိုးတက် လာတယ်လို့ မင်းတို့ပြောမလား။ ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာများ ကားလမ်းရထားလမ်း မရှိဘဲ ရှိနေလို့လဲ။ တိုင်းပြည်တိုင်းမှာ ကားလမ်းရှိတယ်။ ရထားလမ်းရှိတယ်။ ကားလမ်းဖောက်တာကိုများ တိုင်းပြည်တိုးတက်လာတယ်လို့ ပြောရင်တော့ လဲသေဖို့ဘဲရှိတယ်။ စီးပွားရေးကို ကြည့်မလား။ ဘယ်စီးပွားရေးက ရခိုင်ပြည်နယ်မှာ တိုးတက်လာတာတုံး။ စီးပွားရေးကိုကြည်မလား။ ဘယ်စီးပွားရေး က ရခိုင်ပြည်နယ်မှာ တိုးတက်လာတာတုံး။ ဆင်းရဲနွမ်းပါးသူတွေသာ တနေ့ထက်တနေ့ များလာ တယ်။ ထမင်းငတ်တဲ့သူဦးရေသာ တိုးလာတယ်။ လက်တဆုတ်စာ လူတစုချမ်းသာနေတာကိုများ စီးပွားရေး တိုးတက်တယ်လို့ ဆိုမလား။
ဘယ်မှာလဲ ရခိုင်ပြည်နယ်မှာ အလုပ်ရုံစက်ရုံတရုံ၊ ဘယ်မှာလဲ ရခိုင်ပြည်သူတွေအတွက် တိုးတက်ရာ တိုးတက်ကြောင်း စက်မှုလက်မှုနည်းပညာ တိုးတက်မှုတွေ ကျောက်တော်က သကြားစက်ကိုပြောမ လား။ ရခိုင်တွေလူညွန့်တုံးအောင် ထုတ်နေလိုက်တဲ့ အရက်တွေတနေ့ တနေ့ကို ဂါလံထောင်ချီ တယ်။ ပညာရေးပိုင်းမှာကော ရခိုင်ပြည်နယ်မှာ ဘယ်လောက်ထိ တိုးတက်လာသလဲ။ ခေတ်သစ်နည်း ပညာတွေကို ရခိုင်လူငယ်တွေ ဘယ်လောက်ထိ ဆည်းပူးသင်ကြားနိုင်သလဲ။ ကွန်ပျူတာ၊ အင်တာနက် သုံးစွဲမှုဘယ်ရာခိုင်းနှုန်းများ တိုးတက်လာသလဲ။ ကုန်ကုန်ပြောရရင် နအဖ စစ်အုပ်စုလက်အောက်မှာ ရခိုင်ပြည်နယ်အတွင်းမှာ ဘာမှတိုးတက်လာတာမရှိဘူး။ ပိုလို့သာ ဆုတ်ယုတ်သွားတယ်။ ပြည်နယ်လူထု တခုလုံးပိုမို ချွတ်ခြုံကျသွားတယ်။ ရခိုင်ပြည်နယ်ဟာ အမှန် တကယ်ဆိုရင် ရေခံမြေခံကောင်းတဲ့အတွက် မြန်မာနိုင်ငံမှာ မဆိုထားနဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်တည်ဆောက်ရရင် ကမ္ဘာမှာ ချမ်းသာတဲ့စာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်နိုင်တယ်။ တနှစ်တနှစ်ကို ရခိုင်ပြည်ကထွက်တဲ့ ဂတ်(စ်)ကိုရောင်းပြီး နအဖ ဘယ်လောက်ကြီး
ပွားနေသလဲ ဂတ်(စ်)ကို ရောင်းလို့ရတဲ့ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းကိုတောင်မှ နအဖ စစ်အစိုးရက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ မသုံးဘူး။ နအဖစစ်အစိုးရဲ့ တနှစ်နိုင်ငံတော် ၀င်ငွေ ၆၆ ရာခိုင်နှုန်းဟာ သဘာဝဓါတ်ငွေ့ကို နိုင်ငံခြားကို ရောင်းချရာက ၀င်တာဖြစ်တယ်။ အဲဒီအထဲမှာ အများဆုံးဟာ ရခိုင်ပြည်နယ်က ဖြစ်တယ်။
ဒီလို နအဖစစ်အုပ်စုက ရခိုင်ပြည်သူတွေအပေါ် ဂုတ်သွေးစုတ်ပြီး ဆင်းရဲတွင်းနက်အောင် လုပ်နေတာ ကို သိပါလျက်နဲ့ ဒါတွေကို မသိကျိုးကျွန်ပြုပြီး ရခိုင်ပြည်သူတွေရဲ့ဘ၀ကို မျက်ကွယ်ပြုကာ မိမိတကိုယ်စာ ကောင်းစားရေးအတွက် နအဖစစ်အစိုးရကို သူကောင်းပြုချီးမြှင့်ပြီး အနဖလက် ထက်မှာ ရခိုင်ပြည်နယ် အကြုံစဖူးအောင် တိုးတက်လာတယ်လို့ ပြောရက်ရေးရက်တဲ့ မင်းတို့ တထွေကိုတော့ ဘကြီး ထိုးကန်း အံ့ပါရဲ့ အံ့ပါရဲ့-------ကွာ။
(အောက်တိုဘာလ ၁၂ရက်နေ့က စစ်တွေ ဓည၀တီအားကစားကွင်းတွင် ပြုလုပ်သော နအဖ၏ အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံကြိုဆိုပွဲတွင် နအဖ လက်အောက် ရခိုင်ပြည်နယ် မကြုံစဖူးအောင် တိုးတက်နေသည်ဟု ပြောကြားခဲ့ကြသော စစ်တွေတက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဦးဘရွှေ၊ ရခိုင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှု မစန္ဒာသန်း၊ ပြည်နယ် ဥပဒေရေးရာအရာရှိ (အငြိမ်းစား)ဦးသာလှ၊ ကျန်းမာရေးအရာရှိ ဒေါက်တာစန်းရွှေ၊ စစ်တွေ စစ်မှုထမ်းဟောင်းအဖွဲ့မှ ဗိုလ်ကြီး အောင်ကျော်ညွန့်(အငြိမ်းစား)နှင့် ပေါက်တော မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ခင်ခင်စံတို့အား ရည်ရွယ်သည်။)
*****