
ယနေ့ကမ္ဘာတ၀ှန်းတွင် စက်မှုလက်မှုနှင့် သိပ္ပွံပညာတို့ တိုးတက်မြင့်မားလျက်ရှိနေရာ လောကီအတတ် ပညာအကြောင်း ပြောပြမည်ဆိုပါလျင် တချို့ကမယုံကြည်ချင်ကြပါ။ သို့သော်လည်း ယနေ့ရခိုင်လူမျိုးနှင့် မြန်မာလူမျိုးများမှာ လောကီပညာကို ယုံကြည်သက်ဝင်သော လူမျိုးများဟု ကျနော်အနေဖြင့်သတ်မှတ်ပါသည်။ သို့အတွက်ကြောင့် ဤဆောင်းပါးအား ကျနော်ရေးသားပြီး ရခိုင်ပြည်သူများသာမက မြန်မာနိုင်ငံသူနိုင်ငံသား များပါ သိရှိစေရန်တင်ပြ လိုက်ရခြင်းဖြစ်ပါသည်။
လောကီပညာဆိုသည်မှာ အင်မတန်နက်ရှိုင်းသော ပညာရပ်ဆိုသည်ကို အားလုံးအသိပင် ဖြစ်ပါသည်။ အဆိုပါပညာမှာ ကမ္ဘာဦးအစကတည်းကပင် ရှိနေပြီးဖြစ်ကြောင်း ကျွန်တော့်အနေနှင့်လေ့လာတွေ့ရှိရပါသည်။ ကမ္ဘာဦးလူသားတို့သည် ဗြဟ္မာပြည်မှဗြဟ္မာများ ကမ္ဘာကြီးကို ဆင်းသက်ရောက်ရှိလာရာမှစ၍ လူသားများ စတင်ပေါ်ပေါက်လာကြောင်းကို ရခိုင်ရာဇ၀င်များတွင်တွေ့ရှိရပြီး ထိုအချိန်မှစတင်ပြီး ဤလောကီပညာရပ်တို့ ရှိနေပြီးသား ဖြစ်ကြောင်းကို စာပေကျန်းဂန်များအား ဖတ်ရှု၍သိရှိရပါသည်။ သာဓကအနေဖြင့် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ကောသလမင်းကြီးသည်း (၁၆)ချက်သောအိပ်မက်ကို တညဥ့်တည်းဖြင့် ထူးဆန်းစွာ မက်သောကြောင့် မြတ်စွာဘုရားထံလျောက်စဉ်က အိပ်မက် မက်သည့်အကြောင်း အတိတ်နိမိတ်ကိုပြန်ပြပြီး မြတ်စွာဘုရားက မိန်းကြားလိုက်သည်မှာ မြတ်သောမင်းကြီး အဝေးမှရောက်ရှိ လာကြမည့်ဖြစ်သော ယတြာတတ်၊ ဟူရားတတ်၊ နိမိတ်တတ်၊တရင်းတတ်၊န၀င်းတတ်၊ စမ်းတတ်၊ နက္ခတ်တတ်စသည့်ဖြင့် တတ်ကျွမ်း သော ပညာရှင်များရောက်ရှိလာလျင် အနီးအနားတွင် ဆုလာဒ်ပေးတော်မူပြီးထားရမည့်အကြောင်း မိန့်တော်မူ ခဲ့ကြောင်း ဗုဒ္ဓရာဇ၀င်တွင် တွေ့ရှိရပါသည်။ ထိုသို့သောအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်ပင်လည်း ဤလောကီပညာများကို ယုံကြည်မှုရှိ၍ မိန့်ကြားခြင်းဖြစ်သည်ဟု ကျနော်အနေဖြင့် သုံးသပ်ကောက်ချက် ချနိုင်ပါသည်၊
ကျွန်တော်တို့အနေဖြင့် လောကီပညာကို လေ့လာကြည့်လိုက်မည်ဆိုလျင် ရက်ကောင်းရာဇာ ရွေးချယ်ခြင်း၊ ပြဿဒါး၊ ရက်ပုတ် ၊ရက်ကြမ်း၊သမညို၊သမဖြူ၊ လဆန်း-လဆုတ်၊မြေခံကောင်း-မကောင်းရွေူးခြင်း၊ ဗေဒင်၊နက္ခတ် ၊ယတြာ၊ ဓါတ်သတ်-နံသတ်သတ်ခြင်း၊ပြုခြင်းစသည်များစွာ ရှိပါသည်။
ထိုလောကီပညာဖြင့် စီရင်၍ လုပ်နည်းတချို့ကို ကျွန်တော်တင်ပြပါမည်။ ရခိုင်ပြည်ကို မင်းဟရီမင်းအုပ်စိုးစဉ်က မိဖုရားမနတ်ရှင်မေသည် ငကုသလအမတ်နှင့်ဖောက်ပြန်၍ မင်းဟရီအား ဓါတ်သတ်သတ်ရန်အတွက် မင်းပြားမြို့ နယ်ဘူးပင်ရွာမှ “ဘာရဲဖ” ဆိုသော လူကိုခေါ်တော်မူပြီး ငစွယ်ဖြူကို အရှာခိုင်းစေ၍ ထိုငစွယ်သွေးဖြင့် ဓါတ်သတ် နံသတ် သတ်ခဲ့ပါသည်။ ယတြာယာယီအကြောင်းကို ပြောရပါလျင် ရခိုင်ပြည်သမ္မတ နိုင်ငံတော်ဟာ အတိတ်နိမိတ်နှင့် ဖွဲ့စည်းထားခဲ့သော နိုင်ငံတနိုင်ငံဖြစ်ပါသည်။ ရခိုင်ပြည်ကို တိုင်(၁၂)လုံး၊ထုပ်(၃)တန်၊ ယောက်(၃)စည်း(၄)တန်ဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရပါသည်။ မြောက်ဦးခေတ်သို့အရောက် မင်းမှု့ထမ်း ပညာရှင်များက တွက်ကြည့်ချက်အရ ရခိုင်ပြည်တွင် အစီအမံထုပ်ကျိုးနေကြောင်းသိရှိရသည့် အတွက်ကြောင့် ရခိုင်ပြည်သမ္မတနိုင်ငံတော်သည် ပျက်စီးတော့မည်ဟု ဟောကိန်းထုတ်ပါသည်။ထိုအခါ ဘုရင်မင်းမြတ်က တိုင်းပြည်မပျက်စီးရအောင် မည်ကဲ့သို့ယတြာယယီဖြင့်ပြုလုပ်လျင် ရနိုင်မလဲဟုမေးရာ ပညာရှိအမတ်က ထုပ်ကျိုးလျင်ကန်ထောက်ကန်(ထောက်)ဆိုသော လျောက်ထားချက်အရ မြောက်ဦးမြို့၌ (ထုပ်ကန်သိမ်)ကို ယတြာအစီအမံဖြင့် တည်ထားခဲ့ခြင်း ဖြစ်ပါသည်။
၁၁၄၆-ခုနှစ်တွင် ရခိုင်ပြည်ထီးနန်းကျိုး၍ သူ့ကျွန်ဘ၀သို့ရောက်နေတုန်း အချိန်ကာလကလည်း ရခိုင်နိုင်ငံ ပြန်လည် မပေါ်ပေါက်နိုင်အောင်ဆိုပြီး အင်္ဂလိပ်-ဗမာစစ်ခေါင်းဆောင်တချို့က ယတြာများပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ အင်္ဂလိပ်ယတြာနည်းကတော့ ရခိုင်လူမျိုးတို့တွင် ကြောသား(ကျောကုန်း)အထက် အမနက် ပေါက်လျင် သေပါသည်။ ထိုကြောင့်ရခိုင်လူမျိုးများ အသေအပျောက်များအောင်ဆိုပြီး ရခိုင်ပြည်တွင်ရှိသော ရခိုင်တို့၏ ကြောသားဖြစ်သော တောင်ထိပ်၊တောင်ကုန်း၊တောင်ကြားတို့တွင် ကျောက်တိုင်များဖြင့် ထိုးစိုက်၍ ရခိုင်ပြည်နှင့်အတူ ရခိုင်လူမျိုးကိုပါ သတ်ဖြတ်ခဲ့ကြပါသည်။ ယင်းယတြာယာယီ အစီအမံဖြင့် ကျောက်တိုင် စိုက်ထူခဲ့သော နေရာများမှာ သြရမတောင် ၊မြေပုံမြို့နယ် ကွန်းချောင်းတောင်နှင့် တောင်မြင့်တောင်ထိပ်ဖျား၊ ဘင်္ဂလာဒေ့င်္ချနိုင်ငံရှိ မဟားဇိုးနှင့် ပန်းဝါချောင်းဖျားရှိ ဘူးသီးတောင်တို့တွင် ပြုလုပ်ခဲ့ကြပါသည်။
ရခိုင်ပြည်သည် ၁၁၄၆-ခုနှစ်မှစ၍ ကျွန်ဘ၀သို့ရောက်ရှိနေသည်မှာ ယခုအချိန်ထိ တွက်စစ်ကြည့်ပါလျင် ကျွန်သက်တမ်းနှစ်ပေါင်း (၂၂၃)နှစ်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။ ရခိုင်ရာဇ၀င်နှင့် ငမှန်ကန်သစ်ကျမ်း ရာဇ၀င်တို့အရ ဗုဒ္ဓသာသနာ(၂၅၀၀)ကျော်လျင် ရခိုင်ပြည်၌ ဗုဒ္ဓရာဇာ တရားစောင့်ထိမ်းသောမင်းတပါး ပေါ်လာမည်ဖြစ်ကြောင်း၊ထိုမင်းမှာ စကြာဝဠာတခုလုံးပိုင်သော စကြာမင်းဖြစ်မည်ဖြစ်ကြောင်းနှင့် မင်းနှင့်အတူ ဆင်ဖြူတော်(၃)စီးပါမည် ဖြစ်ကြောင်းနှင့် အနောက်ဘက်မှ ၀င်ရောက်လာပြီး ရခိုင်ပြည်ရှိ ဝေသာလီတွင် နန်းစိုက်မည်ဟု ရာဇ၀င်တွင်တွေ့ရှိရပါသည်။ လက်ရှိနအဖစစ်အုပ်စုကယင်းကဲ့သို့ မဖြစ်အောင် ယတြာယာယီ ပြုလုပ်သည်ကို ကျွန်တော်ရှင်းပြပါမည်။ ဘုရင်မင်းလောင်းသည် ဗိုလ်ခြေတသောင်းဖြင့် အနောက်ဘက်မှ ၀င်ရောက်လာမည်ဖြစ်သောကြောင့် နအဖစစ်အုပ်စုက ဆင်ဖြူ(၃)စီးကို ရခိုင်ပြည်နယ်အနောက်ဘက် မေယူတောင်မှဖမ်းယူခဲ့သည်။ လာမည့်မင်းမှာ တရားစောင့် ထိမ်းသော ဗုဒ္ဓရာဇာဖြစ်သောကြောင့် မင်းဓမ္မကုန်းဟု အမည်မှည့်သော နေရာတွင်ထားခြင်း၊ ရခိုင်မင်းဖြစ်မည့်အတွက်ကြောင့် ဗမာဆင်ဦးစီးကိုမထားဘဲ မောင်တော လေးမိုင်ဇာတိဖြစ်သော မောင်သန်းစိန် ရခိုင်လူမျိုးကို ဆင်ဦးစီးထားခြင်း၊ ဘုရင်မင်းမှာ ဝေသာလီတွင် နန်းမြို့တည်မည် ဖြစ်သောကြောင့် မောင်တောမြို့နယ်သုံးမိုင်ရှိ အမှတ်(၆)ရပ်ကွက်တွင် ဝေသာလီရွာသစ် တည်ဆောက်ပြီး အနောက်ဘက် ဘင်္ဂလာဒေ့ခ်ျမှလာသော မိသားစုများကိုသာထားရှိခြင်း သုံးမိုင်သည် ၃ ဂဏန်း ဖြစ်သောကြောင့် တရင်းဖြစ်သည်။ ၎င်း၃ကို ၃ ဖြင့်မြှောက်လျင် ၉ ဖြစ်သည်။ ၉သည်န၀င်းဖြစ်သည်။၎င်း ၉ဂဏန်းကို ၃ဖြင့်ပြန်၍မြှောက်လျင် ၂၇ တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် သုံးမိုင်ဆိုနေသော နေရာမှာ တရင်းကျေ န၀င်းကျေ နက္ခတ်ကျေဖြစ်သော နေရာဖြစ်သောကြောင့် ၎င်းနေရာတွင် ဝေသာလီရွာကိုတည်ပြီး အစီအမံများ ပြုလုပ်ခြင်းဖြစ်ပါသည်။
ထို့အပြင် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်တဆူကို တဖန်နအဖ စစ်အုပ်စုမှ တည်ထားပြန်သေးသည်။ ၎င်းစေတီတည်ရန်အတွက် သချိင်္ုင်း(၁၈)ခုမှ စိမ်းသေအရိုးများကိုယူ၍ နတ်များကိုခေါ်ယူပြီး ဌာပနာထည့်၍ တည်ထားခြင်းဖြစ်ပါသည်။ လုပ်ရခြင်းအကြောင်းအရင်းမှာ (လော)သည်ဗုဒ္ဓနာမ်ဖြစ်သည်။ ဗုဒ္ဓဟူးမှာ ရခိုင်နာမ် ရက်သားဖြစ်သည်။ (ကာ)မှာ စည်းထားခြင်းကာဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်၌ စကြာမင်းမပေါ်ရန် ရခိုင်လူမျိုးမှ ပညာရှိမထွန်းကားရန်၊ရခိုင်ပြည်မှချမ်းသာသူများ စီးပွားရေးသမားများ မအောင်မြင်အောင် နတ်စိမ်းဖုတ်များဖြင့် မြို့တည်ပေးခြင်း ဖြစ်ပါသည်။၎င်းလောကာနန္ဒာ(ခ)နတ်မြို့မှ နတ်များသည် နေ၀င်သည်နှင့် သောင်းသောင်းဆူ၍ ထွက်ပြီးစစ်တွေမြို့နှင့် ရခိုင်ပြည်နယ်နေရာအနှံ့အပြားသို့ သွားရောက်ပြီး နအဖစစ်အုပ်စုတို့၏ ခိုင်းစေသည့် အစီအမံအတိုင်း ရခိုင်ပြည်အားဖျက်ဆီးနေကြခြင်းဖြစ်ကြောင်း အကြားအမြင်ရ နားလည်သူများက ပြောပြ ပါသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖျက်သိမ်းခြင်းမှာလည်းယတြာ ယာယီပင်ဖြစ်ပါသည်။ “ အနောက်တရိုး လွှမ်းမိုးစစ်ကြီး ဖြစ်လိမ့်မည်”ဟု ရာဇ၀င်တွင်ရှိသည်ကို ယာယီပြုလုပ်ခြင်း ဖြစ်ပါသည်။ စစ်တွေမြို့၌ ကုလား-ရခိုင်အဓိကရုန်း ဖြစ်ပြီးသည်နှင့် စစ်တွေမြို့မှမထင်ရှားသော ပညာရှင်(သို့) ဓါတ်ကျသော ပညာရှိတယောက်ကို ခေါ်ယူပြီး ၎င်း၏ထွက်ဆိုချက်အတိုင်း အနောက်ပိုင်းတိုင်းအား အမ်းသို့ပြောင်းပြီး ယတြာပြုလုပ်ခြင်း ဖြစ်ပါသည်။
နအဖ စစ်အစိုးရသည် စစ်တွေရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပြည်မြို့မှ တပ်ရင်းတရင်းကို ဖျက်သိမ်း ခဲ့ပါသည်။ စစ်တွေသည် မြန်မာနိုင်ငံ၏ အနောက်ဖက်တွင်ရှိသည်။ စစ်မှာ ၃ ဂဏန်းအင်္ဂါ စစ်နာမ်ဖြစ်သည်။ ၎င်းပြောင်းရွှေ့နှစ် သက္ကရာဇ်မှာ ၂၀၀၁-ခုနှစ်ဖြစ်သည်။ ၎င်းသက္ကရာဇ်ကို ပေါင်းလျင်လည်း ၃ဖြစ်သည်။ ၃မှာအင်္ဂါ ရက်ဖြစ်၍ စစ်နာမ်ဖြစ်သည်။ ၎င်း၃ကို ၃ဖြင့်ပြန်မြှောက်ပါက ၉ ရရှိပါသည်။ ၎င်း၉ ဂဏန်းကိုပြန်၍ ၃ဖြင့် မြှောက်လျင် ၂၇ ရရှိပါသည်။ နက္ခတ်လုံးရေဖြစ်သောကြောင့် တရင်းကျေ၊ န၀င်းကျေ၊ နက္ခတ်ကျေဖြင့် ယတြာ ယာယီပြုလုပ်ခြင်း ဖြစ်ပါသည်။
တဖန် နအဖစစ်အုပ်စုမှ ရခိုင်ပြည်နယ် တခုလုံးတွင် ကြက်ဆူပင် စိုက်နေခြင်းမှာလည်း ယတြာယာယီပြုလုပ် နေခြင်းဖြစ်ပါသည်။ ကြက်ဆူဆီဖြင့် ဒီဇယ်အစားထိုးလောင်စာ ပြုလုပ်မည်ဆိုတာအကြောင်း ပြခြင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်ရှိ ရခိုင်သဘာဝဓါတ်ငွေ့ သိုက်များမှထွက်ရှိသော သဘာဝဓါတ်ငွေ့များနှင့် ရေနံများကို နအဖစစ်အုပ်စုမှ နိုင်ငံခြားသို့ ရောင်းစားနေပြီး ခြံစည်းရိုးကြက်ဆူဆီဖြင့်သာ နိုင်ငံအတွင်း စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည်ဆိုသည်မှာ အလွန်ရယ်စရာကောင်းလှပါသည်။
ခြံစည်းရိုး ကြက်ဆူစိုက်ခြင်းဟာ ယတြာယာယီဟုတ်မဟုတ် စည်းစားကြည့်နိုင်ပါသည်။ ခြံစည်းရိုး ကြက်ဆူ ဆိုသည်မှာ ကုလားမခြံတိုင်ပင်ဖြစ်ပါသည်။ ကုလားမခြံစည်းရိုးအပင်ဆိုလျင်ရနိုင်ပါသည်။ အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်မှာ အနောက်နိုငံသား အင်္ဂလိပ်လူမျိုးတဦးနှင့် အိမ်ထောင်ကျသည်။ မြန်မာတို့၏ အယူအဆတွင် မိန်းမဆိုတာမျိုးရိုးမရှိ အင်္ဂလိပ်နှင့်အိမ်ထောင်ကျရင် အင်္ဂလိပ်မလို့သတ်မှတ်ပါသည်။ မြန်မာနဲ့ အိမ်ထောင်ကျလျင် မြန်မာမလို့ သတ်မှတ်သည်။ ယခုက အင်္ဂလိပ်နှင့်အိမ်ထောင်ကျတော့ သူမကိုကုလားမလို့ သတ်မှတ်ပါသည်။ အကြောင်းက အင်္ဂလိပ်ကို မြန်မာတို့က ကုလားဖြူလို့ခေါ်ပါသည်။ သို့အတွက်ကြောင့် ကုလားမဟု သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပါတီလုပ်ငန်း မအောင်မြင်ရန်၊သူတို့၏လုပ်ငန်းများကို ကာကွယ်ရန်၊ အနောက်နိုင်ငံများဖြစ်သော ကုလားဖြူ၊ ကုလားမဲများ၏ ဖိအားပေးမှုကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံ၏ အပြင်ဘက်မှ နိုင်ငံရေးအတိုက်အခံ ပါတီများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အဆိုပါခြံစည်းရိုး ကြက်ဆူ (ခ)ကုလားမခြံတိုင်ကို နအဖစစ်အုပ်စုက စိုက်ပျိုးခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ စစ်အစိုးရသည် လောကီပညာရပ်ကို ယုံကြည်စွာဖြင့် ရခိုင်ပြည်နယ် အနှံ့အပြားတွင် အမျိုးမျိုးသော ယတြာယာယီများကို ငွေကုန်ကြေးကျ အများအပြား အကုန်အကျခံပြီး ဘုရားတည်၊ကျောင်းဆောက်၊ လမ်းဖောက် ရွာများကိုတည်ဆောက်လုပ်နေပါသည်။ အမျိုးမျိုးသော လုပ်နည်းလုပ်ဟန်ဖြင့် ယတြာယာယီများကို ပြုလုပ်လျက် ရှိနေပါသည်။ ထိုကဲ့သို့ ပြုလုပ်ထားသော ရခိုင်ပြည်နယ်ရှိ ယတြာယာယီများကို ဖျက်ဆီးပစ်ရန်အတွက် ကျွမ်းကျင်သော ရခိုင်လောကီပညာရှင်များ၊ ကမ္ဘာလောကီပညာရှင်များ အများအပြား ကမ္ဘာပေါ်တွင်ရှိပါလိမ္မည်။ ထိုကဲ့သို့ ပညာရှင်များတွေ့လျင်လူထုအား၊ ပညာရှင်အား၊ စိတ်စွမ်းအားများဖြင့် အဘက်ဘက်မှဖိတ်ခေါ်၍ အဆိုပါပြုလုပ် ထားသော ယတြာယာယီများကို ဖြိုဖျက်ပစ်ရန်အတွက် အကူအညီတောင်းကြပါရန် ဤဆောင်းပါးမှတဆင့် ရေးသားတင်ပြလိုက်ရပါသည်။
*****