Advertising
English News

ကိုယ့်သမိုင်းနှင့် ကိုယ့်စာပေကို တန်ဖိုးထားတတ်လာအောင် ရည်ရွယ်၍ စစ်တွေတွင် ရခိုင်သမိုင်းနှင့် ကျောက်စာသင်တန်းဖွင့်လှစ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဖေဖေါ်ဝါရီ ၂

27544587_1817254091619993_4022534031790343130_n

ကိုယ့်သမိုင်းနှင့် ကိုယ့်စာပေတွေကို လူငယ်မျိုးဆက်သစ်များ တန်ဖိုးထားတတ်လာအောင် ရည်ရွယ်ပြီး သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့မှ စစ်တွေမြို့တွင် ရခိုင်သမိုင်း၊ ရခိုင်သမိုင်းသုတ နှင့် ကျောက်စာ သင်တန်းတစ်ခုကို ဖွင့်လှစ်ပို့ချပေးနေကြောင်း သတင်း ရရှိသည်။

၎င်းသင်တန်းကို ဂြစ်ဘက် ဘုန်းတော်ကျောင်းတိုက်တွင် ဖွင့်လှစ်နေခြင်း ဖြစ်ပြီး ရခိုင်သမိုင်း၊ ရခိုင်သမိုင်းသုတနှင့် ကျောက်စာနှင့် ပတ်သက်ပြီး ဆရာဖြစ်သင်တန်ဖြစ်ကြောင်း၊ တက်ရောက်သူ သင်တန်းသား ၄၀ ကျော် ရှိကြောင်း သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ရခိုင်မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရခိုင်နဲ့ပတ်သက်ပြီး ကျောက်စာ အပါအ၀င် ရခိုင်သမိုင်းနဲ့ ရခိုင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သိရှိအောင် ရည်ရွယ်ပြီး ပြသင်ခြင်းဖြစ်ပါတယ်။ ဒီလို ပြသခြင်းအားဖြင့် နောက်မျိုးဆက်သစ်တွေဟာ ကိုယ့်သမိုင်းနဲ့ စာပေတွေကို တန်ဖိုးထားလာကြမှာ ဖြစ်ပါတယ်”ဟု သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သင်တန်းကို ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး မတ်လအကုန်ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကာ သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီးလျှင် အခြားမြို့နယ်များတွင် ဆရာအဖြစ် သင်ကြားပေးနိုင်မည်ဟု ဆိုသည်။

သင်တန်းကို စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် သင်ကြားပေးနေခြင်းဖြစ်ပြီး ပထမနေ့ ကျောက်စာကို သာဂီမဏ္ဍိုင်ဥက္ကဋ္ဌ ဆရာ ဦးကျော်ဇံမောင်ကလည်းကောင်း၊ ဒုတိယနေ့ ရခိုင်သမိုင်းသုတကို ဆရာဦးသိန်းထွန်းကလည်းကောင်း၊ တတိယနေ့တွင် ရခိုင်သမိုင်းသုတေသီ ဆရာကြီး ဦးအောင်လှသိန်းက ရခိုင်သမိုင်းအစဉ်အဆက်များကို သင်ကြားပို့ချ ပေးနေခြင်း ဖြစ်သည်။
ယခုသင်တန်းသည် ယခင်က ၅ ကြိမ်တိုင်တိုင် ပြသခဲ့သည့် သင်တန်းနှင့်မတူဘဲ ရခိုင်ကျောက်စာ ၃ မျိုးကို ထိထိရောက်ရောက် တတ်မြောက်အောင် သင်ကြားပေးနေသည့် သင်တန်းဖြစ်သည်ဟု ဆိုသည်။

“ကျောက်စာ ၃ မျိုးကတော့ အနန္ဒစန္ဒြားကျောက်စာ၊ ရက္ခ၀ဏ္ဏကျောက်စာနဲ့ ဗြဟ္မီကျောက်စာတို့ ဖြစ်ကြပါတယ်”ဟု ဦးကျော်ဇံမောင်က ပြောသည်။

ယခုသင်တန်းတွင် သံဃာများ၊ တက္ကသိုလ်ကျောင်းသားများ၊ ဆရာ ဆရာမများလည်းပါဝင် သင်ယူလျက်ရှိသည်ဟု သိရသည်။

“ကျမအနေနဲ့ အခုလည်း ကျောင်းမှာ ရခိုင်စာကို သင်ကြားပေးနေတော့ ရခိုင်လူမျိုးတစ်ယောက် အနေနဲ့ ရခိုင်သမိုင်းကြောင်းကို အတွင်းကျကျ သိချင်တဲ့ ရည်ရွယ်ချက်နဲ့ တက်နေတာပါ။ ရခိုင် သမိုင်းကြောင်းကို ရခိုင်သားတိုင်း သိထားစေချင်ပါတယ်” ဟု အမက ရူပမြောက်ကျောင်းတွင် အင်္ဂလိပ်ဘာသာကို ပြသနေသည့် ဆရာမ ဒေါ်လှအေးနုက ပြောသည်။

ရခိုင်သမိုင်း၊ သုတ နှင့် ကျောက်စာသင်တန်းပြီးဆုံးသွားပါက မိမိတတ်ထားသည့် အသိပညာ ဗဟုသုတများကို ကလောင်လက်နက်ဖြင့် ဖော်ထုတ်ပေးသွားမည်ဟု သင်တန်းသား ကိုလှဌေးမောင်က ပြောသည်။

“ရခိုင်သားတစ်ယောက်အနေနဲ့ ကိုယ်သိထားသိထိုက်တဲ့ ရခိုင်တို့ရဲ့ အမျိုး၊ ဗီဇလက္ခဏာ၊ နောက်ပြီးတော့ ဓလေ့ထုံးတမ်းနဲ့ ရိုးရာအစဉ်အလာတွေကို ပိုပြီးနားလည်သိရှိဖို့နဲ့ ကိုယ်တတ်ချင်တဲ့ ရခိုင်စာပေကို တစိုက်မတ်မတ် အားထုတ် လေ့လာလို့ ရအောင် တက်ရခြင်း ဖြစ်ပါတယ်”ဟု ပေါက်တောမြို့နယ်မှ စစ်တွေတွင် နေထိုင်နေသည့် ကိုလှဌေးမောင်က ပြောသည်။

သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့သည် ရခိုင်သမိုင်းနှင့် ကျောက်စာများကို သင်ကြားပြသပေးနေသည့်အပြင် ရခိုင်ရိုးရာအကများ၊ ရခိုင်စည်တီးခတ်နည်းများကိုလည်း ဖော်ထုတ်ပြသ သင်ကြားပေးလျက်ရှိသည်ဟု လေ့လာသိရှိရသည်။