Advertising
English News

ကုလားတန်မြစ်တွင် စက်လှေချင်းတိုက်မိ၍ ကျောင်းဆရာ ၃ ဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးတို့ ဒဏ်ရာရ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၂၉

42699971_2114459475232785_2956927091708264448_n

ရခိုင်ပြည်နယ်မှ ကုလားတန်မြစ်အတွင်း စက်လှေချင်းတိုက်မိ၍ ကျောင်းဆရာ ၃ ဦးနှင့် အုပ်ချုပ်ရေးမှူး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

“ကျောင်းဆရာတွေထဲက တစ်ယောက်ကတော့ ညာဘက်မျက်ခုံးကွဲသွားလို့ ၅ ချက်ချုပ် လိုက်ရတယ်။ ဒဏ်ရာကတော့ နည်းနည်းပြင်းတယ်။ ဆရာဝန်ကတော့ စိုးရိမ်စရာမလိုဘူးလို့တော့ ပြောပါတယ်” ဟု လိုက်ပါကူညီခဲ့သူ အပေါက်ဝကျေးရွာမှ ကိုအောင်ကျော်ဇောက နိရဉ္စရာသို့ ပြောသည်။

ကျောက်တော်မြို့မှမောင်းနှင်လာသည့် ဟွန်ဒါစက်လှေငယ်နှင့် အထက်ယွန်းချောင်း ကျေးရွာသို့ သစ်ပို့ပြီး ကျောက်တော်ဘက်သို့မောင်းနှင်လာသည့် စက်လှေတို့သည် ယမန်နေ့ ည ၇ နာရီခွဲခန့်တွင် ကျောက်တော်မြို့နယ် ပေါက်တောပလောင်ကျေးရွာအနီး တိုက်မိခဲ့ခြင်းဖြစ်သည်။

“ညည့်ဆိုတော့ ဗြုန်းစားကြီးဆိုတော့ စက်လှေလာတာကို မမြင်ဘူးပေါ့လေ။ မှောင်လည်း မှောင်နေတော့ စက်လှေလို့မြင်လိုက်တဲ့အခါ ကျောက်တော်ကိုသွားတဲ့အစီးက ကမ်းနား ကိုကပ်ခံပါတယ်။ ကျောက်တော်ဘက်က အစီးက ကမ်းနားဘက်မှာရှိနေတော့ စက်အရှိန်လည်း သတ်လို့မရတော့ ကန့်လန့်ဖြတ်တိုက်ပစ်လိုက်တဲ့ပုံစံမျိုးပါ “ဟု အပေါက်ဝရဲစခန်းမှ စခန်းမှူးရဲအုပ်ဌေးဇော်က နိရဉ္စရာသို့ ပြောသည်။

ကျောက်တော်ဘက်မှမောင်းနှင်လာသည့် စက်လှေငယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦး၊ ကျေးရွာအုပ်စုစာရေး ၁ ဦး၊ ကျောင်းဆရာ ၃ ဦးနှင့် စက်လှေမောင်းသမား ၁ ဦး၊ စုစုပေါင်း ၁ဝ ဦးလိုက်ပါလာပြီး သစ်ပို့ခဲ့သည့်စက်လှေတွင် စက်လှေမောင်းသမားအပါအဝင် လူ ၃ ဦးလိုက်ပါခဲ့ကြောင်းလည်း ရဲက ဆိုသည်။

အတိုက်ခံရသည့် စက်လှေငယ်တွင် စက်အုံတစ်ခုလုံး မြစ်ထဲသို့ကျသွားပြီး အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းဆရာများ၏လက်ကိုင်ဖုန်းအချို့အပြင် ပိုက်ဆံအချို့လည်း မြစ်ထဲသို့ ကျပျောက် သွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သစ်ပို့လာသည့်စက်လှေမောင်းသူ ငါးဆောင်ပေါက်ကျေးရွာမှ ဦးသန်းသန်းမောင်အား အတိုက်ခံရသည့်စက်လှေမှ အောင်ကျော်ထွန်းက တရားလိုလုပ်ကာ အပေါက်ဝရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ – စက်လှေတိုက်မိမှုကြောင့် အပေါက်ဝဆေးရုံတွင် ဆေးကုသမှုခံယူနေသူတစ်ဦးအားတွေ့ရစဉ်။

Photo – ကိုအောင်ကျော်ဇော