English News

ဂျပန်နိုင်ငံတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကိုကျင်းပပြီး ရခိုင်ကို ပိုမိုသိရှိလာစေရန် ဆောင်ရွက်မည်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၁၂

20729596_1614525505226187_4131690546587489456_n

ဂျပန်လူမျိုးများ အနေဖြင့် ရခိုင်အကြောင်းကို ပိုမိုသိရှိလာစေရန် ရည်ရွယ်ပြီး ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်လူမှုရေးအသင်း(ဂျပန်)မှ ဦးဆောင်ပြီး ဂျပန် နိုင်ငံ တိုကျိုမြို့တွင် သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပသွားမည်ဟု သိရှိရသည်။

၎င်းရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဂျပန်နိုင်ငံ တိုကျိုမြို့ပန်းခြံတွင်ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

“ အခုပြုလုပ်မယ့် ရခိုင်သင်္ကြန်ပွဲတော်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ရခိုင်ရိုးရာယဉ်ကျေးမှုကို ဂျပန်လူမျိုးတွေ ပိုမို သိရှိစေဖို့အတွက်ရယ်၊ နောက် တစ်ခုက ဂျပန်နိုင်ငံရောက် ရခိုင်လူမျိုးတွေ အကြားမှာ စုစည်းညီညွတ်မှု ရရှိဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ် ရခြင်းဖြစ်ပါတယ်”ဟု ရခိုင် လူမှုရေးအသင်း (ဂျပန်) ဥက္ကဋ္ဌ ကိုကျော်သန်းလှိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် နံ့သာသွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် မင်္ဂလာစည်တော်တီး၍ ဘုရားရေသပ္ပာယ်မည် ဖြစ်ကြောင်း၊ ရခိုင်ရိုးရာယိမ်းအက နှစ်ခုဖြင့် ဖျော်ဖြေမည် ဖြစ်ကြောင်း၊ နံနက် ၁၁ နာရီမှ စတင်၍ ရခိုင်ရိုးရာ ရေလောင်းပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော် အစီအစဉ်နှင့် ပတ်သက်ပြီး ကိုကျော်သန်းလိုင်က ပြောဆိုသည်။

20729753_1614525575226180_8146544793688257554_n

“ မနက်ဖြန် သြဂုတ် ၁၃ ရက် စစ်တွေ ဆန်ပြသနာနေ့ ဖြစ်ပေမယ့်လည်း ဂျပန်အာဏာပိုင်တွေက အဲဒီနေ့ကိုဘဲ ခွင့်ပြုချက်ပေးတဲ့အတွက် ခွင့်ပြုချက်ရတဲ့နေ့မှာ ပြုလုပ်ဖို့ စီစဉ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီသင်္ကြန်ပွဲတော် ကျင်းပခွင့်ရရှိဖို့ အတွက် ရခိုင်လူမှုရေးအသင်း (ဂျပန်) အနေနဲ့ ကြိုးစားလာခဲ့တာ ၅ နှစ်ရှိပါပြီ။ ပူပြင်းတဲ့ရာသီမှာ ရေလောင်းကြလို့ရှိရင် ကျန်းမာရေး ထိခိုက်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျပန်အာဏာပိုင်တွေက ခွင့်မပြုခဲ့ကြပါဘူး။ ဒီနှစ်မှ မကျင်းပလိုက်ရင် နောက်နှစ်တွေမှာလည်း ခွင့်ပြုချက်မရမှာကို စိုးရိမ်တဲ့အတွက် သူတို့ ခွင့်ပြုတဲ့ နေ့မှာပဲ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ကိုကျော်သန်းလှိုင်က ပြောသည်။

အဆိုပါ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်သို့ ဂျပန်သတင်းဌာနများကိုလည်း ဖိတ်ကြားထားပြီး သတင်းဌာနများအနေဖြင့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို တိုက်ရိုက်လွှင့်သွားရန် မျှော်လင့်ကြောင်း ၄င်းက ဆက်ပြောသည်။

ရခိုင်လူမှုရေးအသင်း(ဂျပန်) ကို ၁၉၉၃ ခုနှစ်တွင် ဂျပန်ရောက် ရခိုင်လူမျိုးများက ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ဂျပန်ရောက် ရခိုင်လူမျိုးတို့၏ လူမှုဒုက္ခများကို ကူညီဖြေရှင်းခြင်း၊ မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးသော ရခိုင်ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးခြင်း၊ ရခိုင်ပြည်နယ်အတွင်း ရေဘေး၊ လေဘေး၊ မီးဘေးနှင့် ကျူးကျော်သူ ဘင်္ဂါလီတို့၏ ရန်ဘေးဖြစ်ပေါ်လာပါကလည်း အကူအညီပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် သြဂုတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိကို နွေရာသီ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသောကြောင့် အဆိုပါရုံးပိတ်ရက်တွက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။