Advertising
English News

ငပလီကမ်းခြေ ထိန်းသိမ်းမှုအားနည်း၍ ကမ္ဘာ့သာယာလှပဆုံး ကမ်းခြေအဆင့် (၈)မှ အဆင့်(၂၅)သို့ ကျဆင်း

နောင်ခိုင်အောင်
နိရဉ္စရာ၊ ဧပြီ ၁၁

30595270_1889916524353749_7482960875159027712_n

ကမ္ဘာ့သာယာလှပဆုံး ပင်လယ်ကမ်းခြေ အဆင့် နံပတ် (၈) နေရာတွင် ရှိနေခဲ့သည့် ရခိုင်ပြည်နယ် သံတွဲခရိုင်မှ ငပလီ ပင်လယ်ကမ်းခြေသည် ထိန်းသိမ်းမှု အားနည်းရာမှ ယခုအခါ အဆင့် နံပတ် (၂၅) သို့ ကျဆင်းသွားကြောင်း သိရသည်။

ငပလီကမ်းခြေသည် ယခင်က အရှေ့တောင်အာရှတွင် နံပတ်(၁) နေရာတွင် ရှိနေခဲ့ပြီး ကမ္ဘာ့ ကမ်းခြေ သာယာလှပဆုံးနေတွင်လည်း အဆင့် (၈) နေရာတွင်ရှိခဲ့သည့် ကမ်းခြေတစ်ခု ဖြစ်ကြောင်း၊ သို့သော်လည်း ယခုအခါ ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ကမ္တာ့အဆင့် နံပတ် (၈) နေရာမှ အဆင့်(၂၅)အထိကျဆင်းခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။

အင်တာနက် စာမျက်နှာများမှ ရရှိသော အချက်အလက်များကို ကိုးကားပြီး ပြည်ထောင်စု ၀န်ကြီးက ၂၀၁၈ ခုနှစ် မတ်လ ၁၁ ရက်နေ့က ငပလီတွင် ပြုလုပ်သည့် ကမ်းခြေဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်းရေး ညှိနိုင်း အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဟိုတည်နှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမိုးအောင်က“ကျနော်တို့ သံတွဲ ငပလီဟာ ဆိုလို့ရှိရင်လည်း တချိန်က အာရှမှာ နံပတ်(၁)နေရာမှာရှိခဲ့တဲ့ သာယာလှပတဲ့ ကမ်းခြေတစ်ခုဖြစ်ခဲ့ပါတယ်။ အခုဆိုလို့ရှိရင် ဒီကမ်းခြေဒေသဟာ ပတ်ဝန်းကျင် တွေရဲ့ ပျက်စီးယိုယွင်းမှုတွေကြောင့် အာရှမှာတော့ အဆင့်နည်းနည်း နိမ့်ကျသွားတာတော့ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ဒေသမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ၊ ဒေသအာဏာပိုင်တွေ၊ ကျနော်တို့ ဝန်ကြီးဌာန လမ်းညွှန်မှုတွေနဲ့ ဒီကမ်းခြေဒေသ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက်လည်း ကျနော်တို့ အဖွဲ့ဖွဲ့ပြီးတော့ တက်နိုင်သလောက် စည်းကမ်း ထိန်းသိမ်းရေးတွေ လုပ်နေတော့ ရေရှည်မှာ ပြန်လည်ပြီးတော့ တိုးတက်မှုရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

စည်းကမ်းမဲ့စွာ ဟိုတယ်များကို ပင်လယ် ကမ်းစပ် သဲသောင်ပြင်ထိ တိုးချဲ့ တည်ဆောက်မှု၊ သဘာဝ အလှအပများကို ပျက်စီးစေသည့် စည်းမဲ့ကမ်းမဲ့ အမှိုက်များကို စွန့်ပစ်မှုတို့ ကြောင့် ငပလီ ပင်လယ်ကမ်းခြေသည် တစ်ဖြည်းဖြည်း ပျက်စီးလာရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

၎င်းပြင် ငပလီ ကမ်းခြေ၏ သာယာလှပမှုသာမက အရိပ်ရရှိမှု အနေအထားတွင်လည်း အာရှတိုက်၌ အဆင့်(၁)နေရာတွင် ရှိခဲ့ရာမှ ယခု အဆင့်(၃)နေရာသို့ ကျဆင်းသွားပြီးဟု အင်တာစာမျက်နာတွင် ဖော်ပြထားသည်။

30572285_1889916781020390_597172364504989696_n

ယခင်က ခရီးသွားများအနေဖြင့် သွားရောက်လည်ပတ်ရန်အတွက် လေကြောင်း ခရီးတစ်ခုတည်း ကိုသာ အားထား၍ သွားလာရသော်လည်း ယခုအချိန်တွင် လမ်းပန်း ဆက်သွယ်ရေးအခြေအနေ တစ်စုံတရာ တိုးတက်လာသည့်အတွက်ကြောင့် လေကြောင်းလမ်းတစ်ခုတည်းမဟုတ်ပဲ ကုန်းလမ်း ရေလမ်းခရီးများဖြင့် သွားရောက်လည်ပတ်နိုင်ပြီဖြစ်သည်။

“အရင်တုန်းကတော့ ကျနော်တို့ ရခိုင်ပြည်နယ်ဟာ လာရောက်လည်ပတ်မယ်ဆိုလို့ရှိရင် လေယာဉ်ခရီးကို အဓိကထားပြီးတော့ လည်ပတ်ရပါတယ်။ ကုန်းလမ်း ခရီးဟာဆိုလို့ရှိရင် ရခိုင်ပြည်ဟာ မြစ်ချောင်းပေါများပြီးတော့ အရင်ကတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့ အတွက်ကြောင့် ဧည့်သည်တွေကလည်း လာရောက်ဖို့က တော်တော်ကို ခက်ခဲ့လှပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမိုးအောင်က ဆက်လက် ပြောသည်။

ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းကို တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ် စီမံကိန်းတွင် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း နှစ်အလိုက်ဆောက်ရွက်သွားရန်အတွက် စီမံကိန်း တစ်ရပ်အနေဖြင့် ရေးဆွဲထားပြီးသားလည်းဖြစ်ကြောင်း သူက ပြောဆိုထားသည်။

သို့သော်လည်း သံတွဲနှင့် တောင်ကုတ်လမ်း၊ သံတွဲနှင့် ဂွကားလမ်း တို့မှာ အလွန်ကျဉ်းပြီး ကားတစ်စီး မောင်းနှင်ရုံသာ ရှိသဖြင့် ကားလမ်းများကို အဆင့်မြင့်တင်ရန် လိုအပ်နေကြောင်း ငပလီမှ ကားလုပ်ငန်း လုပ်ကိုင်နေသူ ဦးမြင့်စန်းက ပြောကြားသည်။

“ တောင်ကုတ်နဲ့ သံတွဲကားလမ်းကိုဘဲ ကြည့်ကြည့်၊ သံတွဲနဲ့ ဂွ ကားလမ်းကိုဘဲ ကြည့်ကြည့် လမ်းအကျယ်က ကားတစ်စီးမောင်ရုံသာ ရှိတဲ့ အတွက် မလိုအပ်ဘဲ အချိန်တွေ ကြန့်ကြာ နေပါတယ်။ ငပလီပင်လယ်ကမ်းခြေဆိုတာကလည်း ကမ္ဘာကျော် ကမ်းခြေတစ်ခု ဆိုတော့ ကမ္ဘာလှည့် ခရီးသွားတွေ၊ နိုင်ငံတွင်းက ခရီးသွားတွေနဲ့ အများအပြား လာရောက်လည်ပတ်တဲ့ ကမ်းခြေ တစ်ခု ဖြစ်ပါတယ်။ အခုတော့ ကားလမ်းတွေက မကောင်းတော့ နိုင်ငံရဲ့ ပုံရိပ်၊ ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်ကို များစွာ ထိခိုက်နေပါတယ်” ဟု ပြောဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ်နှင့် ပြည်မကို ဆက်သွယ်ထားသည့် တောင်ကုတ်နှင့် ပဒေါင်းလမ်းမှာလည်း တာဝန်ယူ ပြုပြင်မည့်သူမရှိသဖြင့် လက်ရှိ အခြေအနေတွင် လွန်စွာဆိုးရွားနေကြောင်း ဒေသခံ တစ်ဦးမှလည်း ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြည်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အဖွဲ့၏ လုပ်ဆောင်ချက်(၉)ချက်တွင်လည်း ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍပိုမိုဖွံ့ဖြိုးအောင်ဆောက်ရွက်သွားရန် အချက်တစ်ချက်ကိုလည်း ထည့်သွင်းထားသော်လည်း ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းကို တစ်စုံတစ်ရာ တိုးတက် ကောင်းမွန်အောင် မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

“ကျနော်တို့က အလည်အပတ်လာတာပါ။ ပျော်ချင်လို့ပေါ့။ မရောက်ဖူးတာလည်း ပါတယ်။ ဒီမှာကကျတော့ ပင်လယ်နဲ့ဆိုတော့ ရေထဲ ဆင်းဆော့ရတာ ပိုပြီးတော့ ပျော်ဖို့ကောင်းပါတယ်။ အခြားဒေသကတော့ ဘုရားဖူးဘာညာလောက်ပဲသွားဖြစ်တယ်။ ရေဆော့တာဘာညာမရှိဘူး။ အခုတော့ ပျော်စရာ အရမ်းကောင်းပါတယ် ” နေပြည်တော်မှ အပန်းဖြေရန် လာရောက်လည်ပတ်သူ ကိုဇေယျာက ပြောသည်။

ငပလီမြို့ ငပလီကမ်းခြေဒေသသို့ နှစ်စဉ်လာရောက်လည်ပတ်ကြသည့် ပြည်တွင်း ပြည်ပက ခရီးသွားများမှာ ၂ဝ၁၄ နှစ်တွင် ပြည်တွင်းဧည့်သည်(၁၄ဝဝဝ)ကျော်နှင့် ပြည်ပ ဧည့်သည် (၃၆၇ဝဝ)ကျော်၊ ၂ဝ၁၅ နှစ်တွင် ပြည်တွင်းဧည့်သည်(၁၅၆ဝဝ)ကျော်နှင့် ပြည်ပ ဧည့်သည် (၃၈၅ဝဝ)ကျော်၊ ၂ဝ၁၆ ခုနှစ်တွင် ပြည်တွင်းဧည့်သည်(၂၇၈ဝဝ)ကျော်နှင့် ပြည်ပ ဧည့်သည် (၄၃၄ဝဝ)ကျော်၊ ၂ဝ၁၇ ခုနှစ်တွင် ပြည်တွင်းဧည့်သည်(၃၉၄ဝဝ)ကျော်နှင့် ပြည်ပ ဧည့်သည် (၅ဝ၄ဝဝ)ကျော်အထိ လာရောက်လည်ပတ်မှုများ ရှိကြောင်း သိရသည်။