English News

စက်တင်ဘာ ၂၀ စစ်တွေရုန်းရင်းဆန်ခတ်မှု ICRC အားနည်းချက်ကြောင့် ပေါ်ပေါက်ခဲ့ဟု ပြည်နယ်အစိုးရဆို

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၃၀

22049909_1689483307730406_5805274929428889263_n

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ICRC ရိက္ခာတင်ထားသည့် မော်တော်ဘုတ်နှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၀ နေ့က ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ICRC ဘက်မှ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် သူတို့၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ထုတ်ဖော်ပြောဆိုသည်။

စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက နိုင်ငံတကာ အဖွဲ့အစည်းများက ဒုက္ခသည်များအား ကူညီ ထောက်ပံ့ရေးနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီထောက်ပံ့ရေး ရဟန်းတော်များက ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေဆုံစဉ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထိုသို့ ထုတ်ဖော် ပြောကြား ခဲ့သည်ဟု စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီထောက်ပံ့ရေး ရဟန်းတော်များ၏ နာယကဖြစ်သူ ဆရာတော် ဦးဓမ္မိကက နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

ICRC ဘက်က လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအား ပွင့်လင်း မြင်သာစွာ ချပြပြီးမှ လုပ်ဆောင်ရန် မှာကြားထားသော်လည်း ICRC ဘက်က ပျက်ကွက်ခဲ့မှုများရှိ၍ ယင်းသို့ ဖြစ်ပွား ခဲ့ရခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရက ရှင်းပြကြောင်း ဆရာတော် ဦးဓမ္မိကမှ ပြောသည်။

၎င်းပြင်ဆရာတော်က “မကြာသေးမီက ICRC အဖွဲ့နဲ့ ရခိုင်ပြည်သူလူထုအကြား မပြေမလည် ဖြစ်ပွားခဲ့မှုဟယ ပြည်နယ်အစိုးရအနေနဲ့ ပြည်သူကို ချပြမှုအားနည်းခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ နောက်နောင်ဒီလိုမျိုး ပြဿနာတွေ မဖြစ်ရအောင် ပြည်နယ်အစိုးရအနေနဲ့ ကြပ်မတ်လုပ်ဆောင်မယ်သွားမယ်လို့ လျှောက်ထားပါတယ်”ဟု ဆရာတော် ဦးဓမ္မကက ပြောသည်။

နောက်နောင် အကူအညီပေးရာတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်းများက ပြည်နယ်အစိုးရကို ကြိုတင်အကြောင်း ကြားရမည်ဖြစ်ပြီး၊ မည်သည့်လမ်းကြောင်းက သွားမည်၊ မည်သို့အကူအညီပေးမည်၊ မည်မျှအတိုင်းအတိုင်းအတာထိ ပေးမည်ဆိုသည်ကိုလည်း ပြည်နယ်အစိုးရကို တင်ပြရမည်ဟု စည်းကမ်းချက်များ သတ်မှတ်ထားသည်ဟု သိရသည်။

“ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတကာ ဘယ်အဖွဲ့တွေကို ဘယ်လိုခွင့်ပြုထားတာလဲ၊ သူတို့ ဘယ်လို အကူအညီ ပေးနေတာလဲ ဆိုတာတွေကို မေးမြန်းဖြစ်ပါတယ်။ အစိုးရဖက်ကတော့ ဒုက္ခသည်တွေကို အကူအညီပေးမယ့် အဖွဲ့ ၃ ဖွဲ့ကို မြန်မာနိုင်ငံ ကြက်ခြေနီ အဖွဲ့အောက်မှာပဲ ခေါင်းစည်းထားပြီး တစ်ခုတည်း အနေနဲ့ အကူအညီပေးဖို့ စီစဉ်ထားတယ်လို့ လျှောက်ထားပါတယ်”ဟု ဆရာတော် ဦးဓမ္မိကက နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

ရခိုင်ပြည်နယ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှု ရလဒ်အပေါ်တွင် အားရကြေနပ်မှုရှိပြီး၊ ပြည်နယ် အစိုးရ အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် ကြပ်မတ်ဆောင်ရွက်မှု ရှိမရှိနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ တရားမျှတမှုရှိမရှိ ဆိုသည်များကို လေ့လာစောင့်ကြည့်သွားမည်ဟု မိန့်ကြားသည်။

ယနေ့ဆွေးနွေးပွဲသို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီထောက်ပံ့ရေး ရဟန်းတော်များဘက်မှ နာယဆရာတော်များ အပါအ၀င် ၈ ပါးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် အခြားဝန်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညဥ့်က စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော လူစုလူဝေးနှင့် မတည်ငြိမ်မူ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အရပ်သား ၉ ဦးကို ဖမ်းဆီးထားပြီး ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားထားသည်။

ဓါတ်ပုံ-U Nyi Pu ဖေ့စ်ဘုတ် စာမျက်နှာ