Advertising
English News

စစ်တွေကန်တော်ကြီးမှ ရေကို ရေသန့်စက်မှတစ်ဆင့် စမ်းသပ်ထုတ်လွှတ်မှု ဖေဖော်ဝါရီလကုန်တွင် ပြုလုပ်မည်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃

27332309_1816447511700651_4804695251265420125_n

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကန်တော်ကြီးမှ ရေကိုသန့်စင်ပေးမည့် ရေသန့်စက်မှတစ်ဆင့် ရေစမ်းသပ်ထုတ်လွှတ်မှုကို ဖေဖော်ဝါရီလကုန်တွင် ပြုလုပ်သွားမည်ဟု စစ်တွေမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယခင်က စစ်တွေကန်တော်ကြီးမှ ရေကို တစ်စုံတစ်ရာ သန့်စင်မှု မရှိဘဲ ဖြန့်ဖြူးနေရာမှ JAICA အစီအစဉ်ဖြင့် ရေသန့်စက်တည်ဆောက်ကာ ဖြန့်ဖြူးပေးသွားမည်ဟု ဆိုသည်။

အဆိုပါရေသန့်စက်မှ တစ်ဆင့် ထုတ်လွှတ်နိုင်ရန် ရေဂါလံ ၆ သိန်းကို သိုလှောင်ထားနိုင်မည့် ရေသိုလှောင်ကန်များကို စက်ရုံစုရပ်ကွက်တွင် ရဲမာန် ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်နေကြောင်း သိရသည်။

“JAICA စီမံကိန်းနဲ့ တည်ဆောက်နေတဲ့ ရေသန့်စက်ကတစ်ဆင့် ထုတ်လွှတ်တာကို ဖေဖော်ဝါရီလကုန်လောက်မှာ စမ်းသပ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု စစ်တွေမြို့နယ် စည်ပင်သာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မိုးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

27540619_1816447625033973_8985146119780344756_n

ရေသန့်စက်မှတစ်ဆင့် စစ်တွေမြို့သို့ ရေဖြန့်ဝေပေးရာတွင် ယခင်ကကဲ့သို့ တိုက်ရိုက် ထုတ်လွှတ်မည် မဟုတ်ဘဲ ရေတွန်းစက်ကို အသုံးပြုကာ ဖြန့်ဝေသွားမည်ဟု ဆိုသည်။

“လက်ရှိ ကန်တော်ကြီးကရေကို Gravy Flow အနိမ့်အမြင့် စီးဆင်းစနစ်နဲ့ ဖြန့်ဝေပေးနေတာပါ။ နောက်ပိုင်းတော့ ရေအလေအလွင့်လည်း နည်းအောင် မော်တာနဲ့ ရေစုကန်နဲ့ ရေစုပြီးတော့ Pump နဲ့ တွန်းတဲ့ စနစ်နဲ့ ရေလွှတ်အားပိုကောင်းအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးကျော်မိုးက ပြောသည်။

JAICA စီမံကိန်းဖြင့် ဆောက်လုပ်နေသည့် ရေသန့်စက်ရုံသည် အခြားရေသန့်စက် ပုံစံမျိုး မဟုတ်ဘဲ ကျောက်စရစ်နှင့် သဲများကို အသုံးပြုသည့် ရေသန့်စင်စနစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုလက်ရှိ ကန်တော်ကြီးက ရေကို တိုက်ရိုက်ပေးတယ်။ နောက်ပိုင်း ရေသန့်စနစ်ကို အသုံးပြုလာတဲ့အခါ တိုက်ရိုက်မပေးဘဲ ကျောက်စရစ်၊ သဲများနဲ့ သန့်စင်ပြီးတဲ့ ရေတွေကို ကလိုရိန်းအစချ ပိုးသတ်ပြီးမှ ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

27458953_1816447738367295_4379909524644863708_n

စစ်တွေကန်တော်ကြီးတွင် ပင်မရေကန်ကြီး တစ်ကန်နှင့် အရံ ရေကန်ငယ် ၅ ကန်ရှိပြီး၊ နွေရာသီအတွက် ရေကို ကန်တော်ကြီးမှ ထုတ်လွှတ်နိုင်ရန် ကန်တော်ငယ်မှ ရေများကို ကန်တော်ကြီးသို့ စက်ဖြင့် စုပ်သွင်းခြင်းကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

စစ်တွေကန်တော်ကြီးသည် အင်္ဂလိပ်ကိုလိုနီ လက်ထက်ကတည်းက တူးဖော်ခဲ့သည့် ရေကန်တစ်ကန်ဖြစ်ကြောင်း သိရသည်။