Advertising
English News

စစ်တွေဆန္ဒဖော်ထုတ်ပွဲတွင် အသံချဲ့စက်အသုံးပြုသဖြင့် ဦးဆောင်သူအမျိုးသမီးကို ငြိမ်းစုစီဖြင့် တရားစွဲ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မေ ၁၆

32684961_1924526944226040_5581042059617239040_n

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မေလ ၁၃ ရက်နေ့၌ ပြုလုပ်ခဲ့သည့် NVC ကဒ်အား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် အသံချဲ့စက် အသုံးပြုခဲ့သဖြင့် ဦးဆောင်သူ အမျိုးသမီးကို ငြိမ်းစုစီဖြင့် တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။

တရားစွဲဆိုခံရသူမှာဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဒေါ်ဖြူဖြူသန်းဖြစ်ပြီး သူမအား စစ်တွေ အမှတ် ၂ ရဲစခန်းမှူးက ဆန္ဒပြရာတွင် အသံချဲ့စက် အသုံးပြုမှုကို အကြောင်းပြ၍ ငြိမ်းစုစီဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

တရားစွဲဆိုခံရသူ ဒေါ်ဖြူဖြူသန်းက “ကျမတို့ ၁၃ ရက်နေ့က ဆန္ဒထုတ်ဖော်တယ်။ ၁၄ ရက်နေ့ ညနေပိုင်းက အမှတ် ၂ ရဲစခန်းကပေါ့နော် ဖုန်းနဲ့ ဆက်ခေါ်တယ်။ ကျမသွားတော့ ကျမကို တရားစွဲဆိုထားတယ်။ ဆန္ဒဖော်ထုတ်ရာမှာ အသံချဲ့စက် အသုံးပြုတဲ့ အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ ဆန္ဒထုတ်ဖော်အပြီး ၀င်္ကဘာကွင်းမှာ ဆရာဦးစိန်စောလှ ပရိသတ်ကို နှုတ်ဆက်စကား ပြောတာနဲ့ ပတ်သက်ပြီး စွဲဆိုတယ်လို့ ပြောပါတယ်”ဟု ပြောသည်။

ယခင်က ဆန္ဒထုတ်ဖော်သည့် အခါတိုင်းတွင် အသံချဲ့စက်ကို အသုံးပြုခဲ့သော်လည်း ငြိမ်းစုစီဖြင့် စွဲဆိုခဲ့ခြင်း မရှိဘဲ အခုအချိန်မှ တရားစွဲဆိုသည်မှာ မတရားဟု ဆိုသည်။

“နှုတ်ဆက်စကား ပြောတာလည်း အပြစ်မဟုတ်ပါဘူး။ တစ်ခွန်း ၂ ခွန်းပဲ ပြောတာပါ။ ဆန္ဒ ထုတ်ဖော်တဲ့ အချိန်တိုင်းမှာ ကျမတို့ အသံချဲ့စက်ကို အသုံးပြုခဲ့တာပဲ။ အခုကျမှ ဒီလိုမျိုး ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ တရားစွဲဆိုတာဟာ မတရားဘူးလို့ မြင်တယ်။ ကျမတို့ နိုင်ငံတော်ကို ပုန်ကန်နေတဲ့ အချက်အလက်နဲ့ ဆန္ဒထုတ်ဖော်တာလည်း မဟုတ်ဘူးလေ။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ပြီးတော့ နိုင်ငံတော်က ခွင့်ပြုမိန့်နဲ့ ကျမတို့ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်”ဟု ဒေါ်ဖြူဖြူသန်းက ပြောသည်။

ယင်းသို့ တရားစွဲဆိုခြင်းသည် အပြစ်မရှိ အပြစ်ရှာပြီး ဖိနှိပ်ချုပ်ချယ်သည်ဟု မြင်ကြောင်း သူမက ဆိုသည်။

“သူတို့က ၁၅ ရက်အတွင်းမှာ ရုံးတင်မယ်လို့ ပြောတယ်။ အခုလောလောဆယ်မှာ ကျမကို လက်ခံနဲ့ လွှတ်ပေးထားတယ်ပေါ့”ဟု ၄င်းက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲအတွက် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့က စစ်တွေမြို့နယ် မြို့မရဲစခန်းမှ မြို့နယ်မှူး၊ စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ တရားဝင်ခွင့်ပြုချက်တင်ပြီးမှ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဆန္ဒဖော်ထုတ်သူများသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးများအား NVC ကတ် ထုတ်ပေးခြင်းကို ၁၉၈၂ ခု နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။