Advertising
English News

စစ်တွေတွင်ပစ်ခတ်ခံရ၍ သေဆုံးသူမှာအမှတ်(၁)စရဖမှ တပ်ကြပ်တစ်ဦး ဖြစ်သည်ဟုသိရ

နိရဉ္စရာ၊ စက်တင်ဘာ ၂၆

42495767_2110739115604821_1232256242123014144_n

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီ အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသူမှာ အမှတ် (၁) စရဖ ရန်ကုန်မှ တပ်ကြပ်အဆင့်ရှိ တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ သူက အမှတ် (၁) စရဖ ရန်ကုန်က တပ်ကြပ်ဖိုးလုံးဖြစ်ပါတယ်” ဟု စစ်တွေ အမှတ်(၂) ရဲစခန်းမှူး ရဲအုပ် အေးကျော်က ပြောသည်။

တပ်ကြပ်ဖိုးလုံးကို ရခိုင်တွင် ဘဦးဟု အသိများပြီး သူသည် ၀င်္ကဘာကွင်း ဈေးပွဲတော်သို့ လာရောက်ပြီး အပြန်တွင် သူစီးလာသော ဆိုင်ကယ်အား ထားရှိရာနေရာမှ ယူဆောင်ရန် သွားစဉ် အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

“သူက ၀င်္ကာကွင်း ဈေးပွဲတော်ကိုလာရင်းနဲ့ ပြန်ခါနီး ဆိုင်ကယ်ကို ယူမယ်လုပ်တော့ အပစ်ခံရတာပါ။ နောက်စေ့ကို အပစ်ခံရတာ။ ခေါင်းကိုပေါ့နော်” ဟု စခန်းမှူးက ပြောကြားသည်။

တပ်ကြပ်ဖိုးလုံး ပစ်ခတ်ခံရချိန်မှာ ည ၉ နာရီ ၁၅ တွင် ဖြစ်ပြီး ဆေးရုံကို ယူဆောင်ရာတွင် လမ်းတစ်ဝက် သေဆုံးသွားသည်ဟု ဆိုသော်လည်း ဆေးရုံကို ယူချိန်ကတည်းက အသက်မပါလာဟု ပြောဆိုမှုများရှိနေသည်။

ယခုလောလောဆယ်တွင် ပစ်ခတ်သူအား စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ တစ်စုံတစ်ဦးမှ အဆိုပါ အမှုနှင့် ဆက်စပ် ဖမ်းဆီးခြင်း မရှိသေးကြောင်း ယနေ့နံနက် ၉ နာရီခွဲက နိရဉ္စရာမှ ဆက်သွယ်မေးမြန်းစဉ် စစ်တွေ အမှတ်(၂) ရဲစခန်း စခန်းမှူးက ပြောကြားသွားသည်။