Advertising
English News

စစ်တွေနည်းပညာတက္ကသိုလ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇူလိုင် ၇

36704876_1989239427754791_6665905104429776896_n

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နည်းပညာတက္ကသိုလ် မေဂျာပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို ဇူလိုင် ၆ ရက်နေ့က စစ်တွေမြို့ ဓည၀တီအားကစားကွင်းတွင် ဖွင့်လှစ်ခဲ့သည်။

“မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပြုလုပ်ရတာကတော့ အဓိက ကျန်းမာဖွံ့ဖြိုးဖို့ရယ်၊ ကျောင်းသား တစ်ယောက်နဲ့ တစ်ယောက်၊ မေဂျာတစ်ခုနဲ့တစ်ခု ချစ်ခင်ရင်းနှီးမှု ရရှိဖို့ရယ်၊ အားကစားစိတ်ဓာတ် ရှိလာဖို့ရယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်”ဟု နည်းပညာတက္ကသိုလ် အားကစားမှူး ဆရာ ဦးဇော်ရှိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဘောလုံး ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲတွင် ပြုလုပ်ခဲ့ပြီး Civil အသင်းနှင့် Electrical Power (EP) အသင်းတို့ ပထမ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားကြရာတွင် Civil အသင်းက EP အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ဒုတိယပွဲစဉ်ကို Electrical Communication (EC) အသင်းနှင့် Mechanical (MECH) တို့ ဆက်လက်ကစားခဲ့ကြသည်။

ယခုဘောလုံးပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေကြသည့် မေဂျာ ၄ ခု အနေဖြင့် ပတ်လည် ကစားသွားမည်ဖြစ်ပြီး၊ အကောင်းဆုံးနှစ်သင်းက ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဘောလုံးပွဲတွင် ပထမဆုရရှိသည့်အသင်းကို ၃ သိန်းကျပ်နှင့် ဒုတိယဆု ရရှိသည့်အသင်းကို ၂ သိန်းကျပ် ဆုချီးမြှင့်မည့်အပြင် နေရာအလိုက် အကောင်းဆုံး အားကစားသမား ၆ ဦးကိုလည်း ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဟု သိရသည်။

36840248_1989240431088024_983952874092363776_n

နည်းပညာတက္ကသိုလ်တွင် ကျောင်းသူကျောင်းသား ၇၀၀ ခန့်ရှိသည့်အနက် ယနေ့ ဘောလုံးပွဲသို့ ၅၀၀ ခန့် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်ဟု ဆိုသည်။

“ကျနော်တို့ စစ်တွေနည်းပညာတက္ကသိုလ်ရဲ့ ဘောလုံးပွဲတွေကို ကစားတဲ့နေရာမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှု ရှိလာတာကို တွေ့ရပါတယ်”ဟု အားကစားမှူး ဆရာ ဦးဇော်ရှိန်းက ပြောသည်။

ယခုကျင်းပနေသည့် စစ်တွေနည်းပညာတက္ကသိုလ် မေဂျာပေါင်းစုံ ဘောလုံးပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဇူလိုင် ၁၁ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။