English News

စစ်တွေအမှတ်(၁) ရဲစခန်းအနီးရှိ ရွှေဗဟိုအီလတ်ထရွန်နစ်အရောင်းဆိုင် ဖောက်ထွင်းခံရ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆

27544891_1819633871382015_413170681357638422_n

စစ်တွေမြို့ အမှတ်(၁)ရဲစခန်း အနီးရှိ ရွှေဗဟို အီလတ်ထရွန်နစ် အရောင်းဆိုင် ဖေဖော်ဝါရီ ၄ ရက်နေ့ ညအချိန်တွင် ဖောက်ထွင်းခံရကြောင်း သတင်းရရှိသည်။

ဖောက်ထွင်းခံရသဖြင့် လက်ကိုင်ဖုန်းအလုံး ၃၀၊ HP အမျိုးစား ကွန်ပျူတာတစ်လုံးနှင့် Memory stick အချောင်း ၁၀၀ ၊ တန်ဖိုး စုစုပေါင်း ကျပ်သိန်း ၃၀ ကျော်ဖိုး ဆုံးရှုံးသွားသည်ဟု ရွှေဗဟိုဆိုင်ပိုင်ရှင် ဦးသန်းမောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းဆိုင်သည် အမှတ် (၁) ရဲစခန်း တောင်ဘက်တွင် ကပ်ရပ်တည်ရှိသည့် ကုန်သည်လမ်း၊ နေလ လမ်းကြားတွင် တည်ရှိပြီး ဖောက်ထွင်းသူများသည် ဆိုင်တံခါးသော့ကို သံတူရွင်းဖြင့်ဖျက်ပြီး ဖောက်ထွင်းသွားခြင်းဖြစ်သည်။

ဖောက်ထွင်းသူများ အသုံးပြုသည့် သံတူရွင်းကိုလည်း အနီးအနားတွင် တွေ့ရှိရ၍ သက်သေခံ ပစ္စည်းအဖြစ် ထိန်းသိမ်းထားသည်ဟု ဆိုင်ပိုင်ရှင်က ဆိုသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်က အမှတ် (၁) ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ရာ ရဲစခန်းမှ တာဝန်ရှိသူများ ဆိုင်သို့လာရောက်ကာ ကြည့်ရှု သွားခဲ့ပြီး ဆိုင်လုံခြုံရေးကို ဆိုင်ပိုင်ရှင်များက ကိုယ်တိုင် တာဝန်ယူကြပါဟု ပြောကြားခဲ့သည်ဟု သိရသည်။

27655303_1819634101381992_9133949927265984193_n

“လုံခြုံမှု မရှိလို့ ဒီလိုမျိုး အမြဲတမ်းလိုလို ဖောက်ထွင်းခံနေရပါတယ်။ အရောင်း မကောင်းတဲ့ ကြားထဲ ဒီလိုမျိုး ဖောက်ထွင်းခံရမှုအပေါ်မှာ စိတ်ပျက်မိပါတယ်။ အခု တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဆိုင်မှာတောင် မထားရဲတော့ဘူး။ ဒီလိုမျိုး ဖောက်ထွင်းမှုတွေ မဖြစ်ပွားအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် တာဝန်ရှိသူ တွေအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ဦးသန်းမောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း အောင်သစ်ဆန်း ဖုန်းဆိုင် ဖောက်ထွင်းခံခဲ့ရပြီး ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖောက်ထွင်းခံရသည့် ဖုန်းဆိုင်ပေါင်း ၁၀ ကျော်ရှိပြီ ဖြစ်သော်လည်း ဖောက်ထွင်းသူများကို ရဲက တစ်စုံတစ်ယောက်ကိုမှ ဖမ်းဆီး ဖော်ထုတ် နိုင်ခြင်းမရှိဟု သိရသည်။

ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ စစ်တွေ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ရဲအရာရှိတစ်ဦးက ယင်းသို့ ဖောက်ထွင်းခံနေရမှုများကို သူမသိရှိသေးကြောင်း နိရဉ္စရာ သတင်းဌာနသို့ ဖြေကြားသည်။

ယင်းသို့ ဖောက်ထွင်းခံနေရမှုအပေါ် ရဲက ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မေးမြန်းသော်လည်း မည်သို့ဆောင်ရွက်နေကြောင်းကို တစ်လုံးတစ်ပါဒမှ ဖြေကြားသွားခြင်းမရှိပါ။