English News

စစ်တွေကောလိပ်ကျောင်းသားကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ငပလီကမ်းခြေတွင် ကျင်းပမည်

နိရဉ္စရာ၊ ဒီဇင်ဘာ ၂

24231762_1750818244930245_1029775073512671365_n

စစ်တွေ ဒေသကောလိပ်၊ စစ်တွေကောလိပ်၊ စစ်တွေ ဒီဂရီ ကောလိပ်တို့တွင် ၁၉၇၆ မှ၁၉၈၈ ခုနှစ်ထိ ပညာရင်နို့ သောက်စို့ ဆည်းပူခဲ့ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ရခိုင်ပြည်နယ်၏ အလှပဆုံး ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည့် သံတွဲခရိုင် ငပလီကမ်းခြေတွင် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

“ ငြိမ်းချမ်းကောင်းမွန်သော လူ့ဘောင်သစ်တစ်ခုဆီသို့” ဆောင်ပုဒ်ဖြင့် ကျင်းပနေသည့် စစ်တွေ ကောလိပ်ကျောင်းသား ကျောင်းသူဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ယမန်နှစ်က စစ်တွေတွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ငပလီကမ်းခြေတွင် ကျင်းပရန် ရွေးချယ် ခဲ့သည်။

24296581_1750818324930237_1399969964121834732_n

“ ငပလီကို ဘာကြောင့် ရွေးချယ်ရသလဲဆိုရင် ဟိုနှစ်က စစ်တွေမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲကနေ ငြိမ်းချမ်းကောင်းမွန်သော လူ့ဘောင်သစ်တစ်ခု ဖော်ဆောင်ရေးကို လုပ်ဖို့ ကျောင်းသား ကျောင်းသူ ဟောင်းတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ သံတွဲခရိုင် အတွင်းမှာ လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီဆောင်ပုဒ်နဲ့ အညီ သာယာလှပတဲ့ ငပလီ ကမ်းခြေမှာ ကျောင်းသား ကျောင်းသူဟောင်းတွေရဲ့ တွေ့ဆုံပွဲကို လုပ်ပြီး ကျွန်တော်တို့ မျှော်မှန်းထားချက်ကို သိုက်သိုက်ဝန်းဝန်း အားဖြည့်ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု စစ်တွေ ကောလိပ်ကျောင်းသား ကျောင်းသူဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ ဖြစ်မြောက်ရေး ကော်မတီ (၂၀၁၇) ဥက္ကဋ္ဌ သံတွဲဒေသခံ ကိုဖိုးရီအောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ငပလီကမ်းခြေတွင် မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ပြုလုပ်ခြင်းအားဖြင့် ပိုပြီး ပျော်ရွှင်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမို ရရှိစေနိုင်သည်ဟုလည်း သူကဆိုသည်။

“ ကျောင်းသား ကျောင်းသူဟောင်းတွေနဲ့ ဆရာမတွေ အကြား ဆုံတွေ့ကြတဲ့အခါ အရမ်းဝမ်းသာ ပီတိဖြစ်စရာ ကောင်းပါတယ်။ ဒီလို ၀မ်းသာပီတီဖြစ်မှုကို အခုလို သာယာ လှပတဲ့ ငပလီ ကမ်းခြေရဲ့ သာယာလှပမှုနဲ့ ပေါင်းစပ်လိုက်တဲ့ အခါ အားလုံးကို ပိုပြီးပျော်ရွှင်မှုကို ဖြစ်စေနိုင်တဲ့ အတွက် ဒီနှစ် ငပလီ မှာ ကျင်းပမယ့်ပွဲက တကယ့်ကို ကြည်နူးစရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ” ဟု ကိုဖိုးရီအောင်က ပြောသည်။

24294098_1750818401596896_2587352457621229693_n

စစ်တွေ ဒေသကောလိပ်၊ စစ်တွေကောလိပ်၊ စစ်တွေ ဒီဂရီ ကောလိပ်တို့တွင် ပညာသင်ကြား ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ စာသင်ပြခဲ့ကြသည့် ဆရာ ဆရာမများ အနေဖြင့် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာနိုင်ရန် ရန်ကုန်မှ ဘတ်စ်ကားများ၊ စစ်တွေနှင့် ကျောက်ဖြူမှ လာရောက်ရန် ရွှေပြည်တန် အမြန်ရေယာဉ်များကို စီစဉ်ထားသည့် အပြင် တည်းခို နားနေရန်နှင့် အခမ်းအနားကျင်းပရန် Diamond Ngapali ဟိုတယ်တွင် ရွေးချယ် စီစဉ်ထားကြောင်း သိရသည်။

“ ဒီနှစ် ကျောင်းသားကျောင်းသူဟောင်းတွေရဲ့ တွေ့ဆုံပွဲကတော့ တကယ်ကို ခမ်းခမ်းနားနား ဖြစ်အောင်စီစဉ်ထားပါတယ်။ ကျွန်တော်တို့ ကျောင်းသား ကျောင်းသူဟောင်းတွေအနေနဲ့ တစ်ဖက်တစ်လမ်း ကိုယ့်ပြည်နယ် တိုးတက်ရေးကို ၀ိုင်းဝန်း လုပ်ပေးနိုင်ဖို့ ဆုံးဖြတ်ချက်ကောင်း တွေလည်း ထွက်လာလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ထားပါတယ်။ ဒီဒေသရဲ့ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက်လည်း အခုလို လုပ်ခြင်းအားဖြင့် ပိုပြီး အာရုံစူးစိုက်မှုတွေ ရလာမယ်။ တစ်ဖက်တစ်လမ်းက အကျိုးပြု နိုင်တဲ့ သဘောပါ” ဟု ဦးဖိုးရီအောင်က ဆက်လက် ပြောဆိုသည်။

လာရောက်ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများ၊ ဆရာ ဆရာမများနှင့် မိသားစုဝင်များ အားလုံးကို ဖိတ်ကြားထားကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေကတည်းက ၀င်ရောက် တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း၊ စုစုပေါင်း လူပေါင်း ၄၀၀ နီးပါးခန့် တက်ရောက် လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း အခမ်းအနားဖြစ်မြောက်ရေး အတွက် အင်တိုင်အားတိုက် ဆောင်ရွက်နေသူ ကိုတင့်ဆွေ (ဖိုးသာအောင်) က ပြောကြားသည်။

(မိတ်ဆုံစားပွဲနှင့် မြတ်ဆရာပူဇော်ပွဲလုပ်မည့် ဟိုတယ်/ ဓာတ်ပုံ- နိရဉ္စရာ)