Advertising
English News

စစ်တွေကောလိပ်ကျောင်းသူကျောင်းသားဟောင်းများ၏ ပထမအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲ ရန်ကုန်တွင် ကျင်းပမည်

တင့်ဆွေမောင်(တောင်ကုတ်)
နိရဉ္စရာ၊ ဇူလှိုင် ၂

36462453_1981304538548280_5723950233033900032_n

စစ်တွေကောလိပ်ကျောင်းသူ ကျောင်းသားဟောင်းများ၏ ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဇူလှိုင် ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပပြုလုပ်မည်ဟု သတင်းရရှိသည်။

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို လာမည့် တနင်္ဂနွေနေ့ နံနက်(၉)နာရီတွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဖြစ်မြောက်ရေးဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ကျောင်းသားဟောင်း ဦးမောင်မောင်ကျော်က ပြောသည်။

“ ကျောင်းသားကျောင်း ကျောင်းသူဟောင်းတွေနဲ့ ဆရာ/ဆရာမတွေ တပေါင်းတစည်းတည်း ကုသိုလ်ယူနိုင်ရန် ရည်ရွယ်ချက်နဲ့ ခုလိုမျိုး ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ကျင်းပပြုလုပ်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။ ကျောင်းနေဘက်အပေါင်းအသင်းတွေ ပြန်လည်ဆုံတွေ့ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခြင်းအားဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရရှိကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဦးမောင်မောင်ကျော်က နိရဉ္စရာသို့ ပြောသည်။

ယင်းပူဇော်ပွဲတွင် အနယ်နယ် အရပ်ရပ်သို့ ရောက်ရှိနေကြသည့် စစ်တွေ ကောလိပ် ကျောင်းသား ကျောင်းသူဟောင်း(၃၀၀)ကျော်တက်ရောက်နိုင်မည်ဟု ခန်းမှန်းထားကြောင်း၊ ပူဇော်ပွဲအပြီးတွင်အားလုံးပျော်ရွင်နိုင်ရန် ကံစမ်းမဲဖောက်ပေးမည်ဖြစ်ကြောင်း ကျောင်းသူ ဟောင်း တစ်ဦးဖြစ်သူ ဒေါ်မိုးမိုးလေးက ပြောသည်။

ကျောင်းသူဟောင်း တစ်ဦးဖြစ်သူ ဒေါ်လီလီဇံက စစ်တွေ ကောလိပ် ကျောင်းသား ကျောင်းသူ ဟောင်းများအနေဖြင့် မဖြစ်မနေ ၀ါဆိုသင်္ကန်းကပ်ပွဲသို့ လာရောက်ကြရန် ဖိတ်ခေါ်လိုကြောင်း ပြောကြားသည်။

“ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်မှာက ရခိုင်ဆရာတော်ကြီး(၁၁)ပါးဖြစ်ပါတယ်။ ပူဇော်ပွဲအတွက် အလှူငွေတွေ ထည့်ဝင်နိုင်အောင်လည်း စီစဉ်ထားပါတယ်။ ပူဇော်ပွဲနေ့မှာလည်း ထည့်ဝင် နိုင်ကြပါတယ်။ အလှူငွေထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ ဆရာ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေ အားလုံး ပူဇော်ပွဲတက်ရောက်ကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ဒေါ်လီလီဇံက ဆိုသည်။

စစ်တွေကောလိပ်ကျောင်းသားဟောင်းများ(ရန်ကုန်)သည်၂၀၁၃ခုနှစ်တွင်စတင်ထူထောင်ပြီး၊ အာစရိယပူဇော်ပွဲ(၃)ကြိမ်၊ မိတ်ဆုံစားပွဲ(၆)ကြိမ်ကို ရန်ကုန်မြို့တွင်ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပြီ ယခု ၀ါဆိုသင်္ကန်းကပ်လှူပွဲမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။