English News

စစ်တွေကောလိပ် ကျောင်းသား ကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲပြုလုပ်

မဘုကေ
စစ်တွေ၊ ဒီဇင်ဘာ ၃ဝ

15697859_1387832174562189_1963159691530174736_n

ရခိုင်ပြည်နယ် စစ်တွေ ဒေသကောလိပ်၊ စစ်တွေကောလိပ်တွင် ၁၉၇၉-၁၉၈ဝ ပညာသင်နှစ်မှ ၁၉၈၇-၁၉၈၈ ပညာသင်နှစ်အတွင်း တက်ရောက်ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို အဆိုပါ ကောလိပ် ကျောင်းဟောင်းတွင် ဒီဇင်ဘာလ ၃ဝ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

“အမိကျောင်းတော်ကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ ဆရာမတွေကို ပူဇော်ကန်တော့လိုတာ အပါအဝင် မတွေ့ရတာကြာပြီဖြစ်တဲ့ ကျွန်တော်တို့ ကျောင်းသူ၊ ကျောင်းသားဟောင်းတွေ ပြန်လည် တွေ့ဆုံချင်တဲ့ အတွက် ဒီပွဲကို ပြုလုပ်ရတာပါ”ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ကျောင်းသားဟောင်း ဦးအောင်စန်းမြက နိရဉ္စရာကိုပြောသည်။

အခမ်းအနားတွင် အသက် ၆ဝ နှင့်အထက် အငြိမ်းစား ဆရာ၊ ဆရာမ ၁၂ ဦးကို ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ စစ်တွေ ကောလိပ် ကျောင်းသူ၊ ကျောင်းသားဟောင်း ၄ဝဝ ခန့်က ပူဇော် ကန်တော့ခဲ့ကြသည်။

15747382_1387832324562174_5893351489868133832_n

“ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့ထုံးစံနဲ့ အညီ ပူဇော်ထိုက်သူကို ပူဇော်ရတဲ့ အတွက် အလွန်တရာမှ ဝမ်းမြောက် ပီတိဖြစ်ရပါတယ်။ နောက်ပြီး မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရလို့လည်း တအားပျော်မိပါတယ် ”ဟု ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ တောင်ကုတ်မြို့နယ်မှ ဦးတင့်ဆွေ (ခ) ကိုဖိုးသာအောင်က နိရဉ္စရာကိုပြောသည်။

ဆရာ ဆရာမ တစ် ဦးလျှင် အလှူငွေ ကျပ် ၂ သိန်းနှင့် ဝတ္ထုပစ္စည်းများကိုလည်း လှူဒါန်း ခဲ့ကြသည်။

(ဓာတ်ပုံ – နိရဉ္စရာ/ နောင်ခိုင်အောင်)