Advertising
English News

စစ်တွေကောလိပ် ကျောင်းသား ကျောင်းသူများ၏ မိတ်ဆုံစားပွဲမှ လေးရပ်ဝတီ၏ ညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ဟုဆို

နိရဉ္စရာ၊ ဇန်န၀ါရီ ၎

26166475_1784271521584917_5225837706447947804_n

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့တွင် ဒီဇင်ဘာ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် စစ်တွေ ဒေသကောလိပ်၊ စစ်တွေကောလိပ်၊ စစ်တွေ ဒီဂရီ ကောလိပ် ကျောင်းသား ကျောင်းသူ ဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲသည် လေးရပ်ဝတီ ညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့သည်ဟု ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ကိုနေစိုးက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ စစ်တွေ ကောလိပ် ကျောင်းသား ကျောင်းသူဟောင်းများရဲ့ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံ စားပွဲဟာ ရည်မှန်းထားတာထက်ကို အောင်မြင်ခဲ့ပါတယ်။ ဒီပွဲကနေ ကျောင်းသား ကျောင်းသူဟောင်းတွေရဲ့ ညီညွတ်မှုကို ရရှိခဲ့သလို ရခိုင်ပြည်နယ် လေးရပ်ဝတီရဲ့ ညီညွတ်မှုကို ဖော်ဆောင် ပြသနိုင်ခဲ့ပါတယ်။ ဒီညီညွတ်မှုမှသည် မြန်မာတစ်နိုင်ငံလုံးရဲ့ ညီညွတ်ရေးကို ရှေ့ရှုနိုင်ဖို့ ပြသနိုင်ခဲ့တဲ့ ပွဲလို့လည်း သုံးသပ်ပါတယ်” ဟု ကိုနေစိုးက ပြောဆိုသည်။

ငပလီကမ်းခြေတွေင် ပြုလုပ်သော မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲသို့ အငြိမ်းစား ယူသွားခဲ့ကြပြီ ဖြစ်သည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့် မိသားစုဝင် စုစုပေါင်း တစ်ထောင်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများမှ သိုက်သိုက်ဝန်းဝန်းဖြင့် ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြသည်ဟု သိရသည်။

ဒေသကောလိပ်၊ စစ်တွေကောလိပ်၊ စစ်တွေ ဒီဂရီ ကောလိပ် ကျောင်းသား ကျောင်းသူ ဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို “ ငြိမ်းချမ်းကောင်းမွန်သော လူ့ဘောင်သစ်တစ်ခုဆီသို့” ဆောင်ပုဒ်ဖြင့် ရည်ရွယ်ကျင်းပနေရာ ရခိုင်ပြည်နယ်၏ ပညာရေး ကဏ္ဍ မြင့်မား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀ိုင်းဆောင်ရွက်ရန် မူတစ်ရပ်ချမှတ်နိုင်ခဲ့သည်ဟုလည်း သူက ပြောဆိုသည်။

၎င်းပြင် ကိုနေစိုးက “ ကျွန်တော်တို့ ဒေသဟာ ပဋိပက္ခတွေရှိနေတဲ့ အခါကျတော့ လူတွေက အန္တရယ်ရှိနေတဲ့ နေရာလို့ မြင်နေကြတာတွေရှိတာပေါ့လေ။ ဒီပွဲကနေ ပျော်စရာကောင်းတဲ့ နေရာ၊ ချစ်ခင် စရာကောင်းတဲ့ နေရာအဖြစ် ပုံဖော်နိုင်ခဲ့တာကို မြန်မာကို သာမက ကမ္ဘာကိုပါ ပြသနိုင်ခဲ့တယ်လို့ အားလုံးက သုံးသပ်ထားကြပါတယ်” ဟုလည်း ဆက်လက် ပြောဆိုသည်။

စစ်တွေ ဒေသကောလိပ်၊ စစ်တွေကောလိပ်၊ စစ်တွေ ဒီဂရီ ကောလိပ်တို့တွင် ၁၉၇၆ မှ၁၉၈၈ ခုနှစ်ထိ ပညာရင်နို့ သောက်စို့ ဆည်းပူခဲ့ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ဒီဇင်ဘာ ၃၁ ရက်နေက ငပလီ ကမ်းခြေတွင် ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် မြတ်ဆရာ ပူဇော်ပွဲအား ကျင်းပခဲ့ပြီး ညနေပိုင်းတွင် မိတ်ဆုံစားပွဲကို စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြသည်။

“ ကျောင်းသား ကျောင်းသူဟောင်းတွေ ပြန်လည် ဆုံတွေ့ကြရတော့ ရှေးဟောင်း နှောင်းဖြစ်တွေကို ပြောကြဆိုကြနဲ့ဆိုတော့ အရမ်း ပျော်စရာကောင်းပါတယ်။ ခုလို ဆုံတွေ့ကြတော့ စစ်တွေ ကောလိပ်ကျောင်းတော်က အမှတ်ရစရာတွေကို ပြန်လည် အတွက်ပေါ် သတိရစရာ ဖြစ်ခဲ့ကြတာပေါ့။ အရမ်းပျော်စရာကောင်းတဲ့ပွဲပါ” ဟု ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ကိုဖိုးသာအောင်( တင့်ဆွေ)က ပြောကြားသည်။

လာမည့်နှစ် စစ်တွေ ဒေသကောလိပ်၊ စစ်တွေကောလိပ်၊ စစ်တွေ ဒီဂရီ ကောလိပ် ကျောင်းသား ကျောင်းသူဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ကျောက်ဖြူမြို့တွင် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။