English News

စစ်တွေမြို့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များက နေရာသုံးခုတွင် အင်အားအပြည့်ဖြင့် စစ်ဆေးမှုပြုလုပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၁၂

21740520_1642994349045969_5319026432299786781_n

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ လုံခြုံရေးအတွက် နေရာသုံးခုတွင် ရဲအင်အား အများအပြားဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

အဓိကအားဖြင့် ကားနှင့် ဆိုင်ကယ်များအား ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ည ၇ နာရီမှ ၁၁ နာရီထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပိတ်ဆို့စစ်ဆေးရေး ၃ နေရာဆောင်ရွက်ရာတွင် စစ်တွေမြို့အ၀င် မင်းဂံရပ်ကွက်အဖွဲ့ကို စစ်တွေမြို့မ စခန်းမှူး ဒုရဲမှူး ချိုလွင်က ရဲတပ်ဖွဲ့အင်အား ၃၀ ဖြင့်လည်းကောင်း၊ မီးစက်ခွဆုံအနီး ဘုမေ (ဘင်္ဂါလီ) ရွာ အ၀င်ဝအဖွဲ့ကို မင်းဂံ စခန်းမှူး ရဲအုပ်သန်းဆွေက အင်အား ၂၄ ဦးဖြင့် လည်းကောင်း၊ ဆတ်ရိုးကျ တံတားအနီးအဖွဲ့ကို အမှတ် ၂ စခန်းမှူး ရဲအုပ်အောင်ကျော်မိုးက အင်အား ၂၀ ဖြင့်လည်းကောင်း တာဝန်ယူဆောင်ရွက်ပြီး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများဖြင့် အားဖြည့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပိတ်ဆို့စစ်ဆေးရေး ဆောင်ရွက်သော ၃ ဖွဲ့ကို စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းနောင်က တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ လှည့်ကင်းအဖွဲ့ ၃ ဖွဲ့ကို ကား ၄ စီးဖြင့်ဆောင်ရွက်ကာ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၊ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် G1 တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

“ဒီလိုပိတ်ဆို့စစ်ဆေးမှုတွေနဲ့ လှည့်ကင်းတွေ ဆောင်ရွက်တဲ့အပြင် ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေရဲ့ အပြင်ဘက်တွေမှာ ရဲတပ်ဖွဲ့အင်အားတွေကို တို့ချဲ့ချထားပါတယ်။ စစ်တွေမြို့ မင်းဂံရခိုင်ကယ်ဆယ်ရေး စခန်းနှစ်ခုမှာလည်း ရဲကင်းနှစ်ခုကို တိုးချဲ့ ချပေးထားပါတယ်”ဟု ဒုရဲမှူးကြီး ၀င်းနောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်ရှိမြို့နယ်များသို့ မောင်တောဒေသမှ စက်လှေများဖြင့် ထွက်ပြေးလာသော ဘင်္ဂါလီများ ကမ်းကပ်၍မရအောင် ကျေးရွာသားများနှင့် ဆက်စပ်ဆောင်ရွက်နေပြီး၊ ဘင်္ဂါလီများအားမြစ်နှင့် ပင်လယ်သို့ထွက်၍ ငါးဖမ်းခြင်းကိုလည်း ပိတ်ပင်ထားသည်ဟုဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းအဖြင့် အင်အားပြ လှည့်ကင်းဆောင်ရွက်မှုနှင့် စက်တင်ဘာလ ၁၁ ရက်နေ့က အင်အားပြ ပိတ်ဆို့စစ်ဆေးမှုများကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ကိုယ်တိုင်ဦးဆောင်၍ ပြုလုပ်ခဲ့သည်။