Advertising
English News

စစ်တွေမြို့ တွင် အခမဲ့ကုသပေးမည့် နှုတ်ခမ်းကွဲ၊ အာခေါင်းကွဲများကို ဂျာမဏီဆရာဝန်အဖွဲ့မှ စမ်းသပ်စစ်ဆေးမှုစတင်

 

IMG20181125153508 copy

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်းကွဲများကို ၈ ကြိမ်မြောက် အခမဲ့ ခွဲစိပ်ကုသသွားမည်ဖြစ်ရာ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီမှ စတင်၍ ခွဲစိပ် ကုသမှုပြုလုပ်ပေးမည့် လူနာများကို ဂျာမဏီနိုင်ငံ ဆရာဝန်အဖွဲ့က စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အလိုတော်ပြည့်ကျောင်း၌ စမ်းသပ်စစ်ဆေးပြီးနောက် ခွဲစိပ်ကုသခြင်းကို စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု သိရသည်။

ခွဲစိပ်ကုသမှုကို ကမ္ဘာ့သာသနာပြု အလိုတော်ပြည့်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက် သြ၀ါဒများဖြင့် မြန်မာနိုင်ငံ စားဖိုမှုများအသင်းက ကမကထပြုလုပ်ပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အဓိက ပံ့ပိုးကူညီမှုနှင့် စေတနာရှင်များ၏ ပူးပေါင်းလှူဒါန်းမှုဖြင့် ပြုလုပ်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ခွဲစိပ်ကုသရာတွင် နုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင်ဒဏ်ရာ၊ ခြေပူး၊ လက်ပူး၊ အဆီကျိတ်၊ လေပင်းကြီး စသည်ရောဂါများကို ခွဲစိပ်ကုသသွားမည်ဟု ဆိုသည်။

“ခွဲစိပ်ကုသမှုကို ဂျာမဏီနိုင်ငံက ဒေါက်တာပီတာဦးဆောင်တဲ့ ဂျာမဏီနိုင်ငံက အထူးကု ဆရာဝန်ကြီး တွေနဲ့ စစ်တွေမြို့က ဆရာဝန်တွေ၊ ရန်ကုန်ကဆရာဝန်တွေက ပူးပေါင်း ခွဲစိပ် ကုသ ပေးသွားမှာ ဖြစ်ပါတယ်”ဟု စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။

ယခုအကြိမ်ခွဲစိပ်ကုသမှု ပြုလုပ်ရာတွင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးနှင့် ပလက်ဝမြို့နယ်များမှ လူနာများလည်း ပါဝင်ပြီး စုစုပေါင်း လူနာ ၂၅၀ ခန့်ရှိသည်ဟု သိရသည်။

IMG20181125151547 copy

“လူနာ ၂၅၀ နဲ့ လူနာအကူ ဆိုရင် လူ ၅၀၀ လောက်ရောက်ရှိနေပါတယ်။ အဲ့ဒီလူတွေအတွက် ညနေစာ၊ နေ့လယ်စာတွေကို ကျွေးမွေးပေးနေပါတယ်။ ဆေးရုံကို ကားနဲ့ပို့ပေးပါတယ်။ ဆေးရုံက ဆင်းလာတဲ့ အခါမှာလည်း ကားနဲ့ ပြန်ခေါ်လာပါတယ်။ တည်းခိုဖို့ နေရာတွေပေးတယ်။ ခွဲစိပ်မှု ပြုလုပ်ပြီးတဲ့ လူနာ တွေကိုလည်း စိတ်ချရတဲ့အနေအထားရောက်အောင်ထိ အလိုတော်ပြည့်ကျောင်းမှာ ထားပြီးတော့ ကူညီစောင့်ရှောက်ပေးပါတယ်”ဟု ဦးပညာဇောတက မိန့်ကြားသည်။

ယင်းသို့ ခွဲစိပ်ကုသပြီး နားနေသည့် လူနာများကိုလည်း ဆေးထည့်ခြင်း၊ ပတ်တီဖြေခြင်း၊ ချုပ်ရိုး ဖြေခြင်းများ ပြုလုပ်ပေးပြီး စိတ်ချရသည့်အနေအထားရောက်မှ ပြန်လွှတ်ပြီး၊ လမ်းစရိတ် အခက်အခဲ ရှိသူများကိုလည်း အလှူရှင်များရှာဖွေပြီး အကူအညီပေးသည်ဟု မိန့်ကြားသည်။

“ခွဲစိပ်ပြုလုပ်ပေးတဲ့အခါတိုင်းမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကျပ်သိန်း ၅၀ မတည် ကူညီပေးပါတယ်။ လူနာတွေ စားရေးအတွက် လှူရှင်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ တစ်ရက်စာအတွက် ၅ သိန်းကျပ်လောက်ဆိုရင် လုံလောက်ပါတယ်။ ကိုယ့်ရခိုင်လူမျိုးတွေ အခုလိုမျိုး ဆင်းရဲကျပ်တည်းတဲ့ အခက်ခဲတွေကြားက အခမဲ့ ခွဲစိပ်ကုသနေတဲ့အခါမှာ အလှူရှင်တွေအနေနဲ့ လာရောက်လှူဒါန်းကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ပုဏ္ဏားကျွန်းမြို့မှ သမီးဖြစ်သူကို လာရောက်ခွဲစိပ်မှု ခံယူသူ တစ်ဦးကလည်း “မီးလောင်ဒဏ်ရာက ၂ နှစ်ရှိပါပြီ။ သူမရဲ့ နဂိုအနေအထားကို ရောက်ရှိလာမယ်ဆိုရင် ကျနော်တို့ အနေအနဲ့ သိပ်ပြီးတော့ ကုသိုလ်ကံကောင်းတယ်လို့ ခံယူပါတယ်။ ၀မ်းလည်းဝမ်းသာပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခင် (၇) ကြိမ်မြောက်ခွဲစိပ်ကုသမှု ပြုလုပ်ရာတွင် လူနာပေါင်း ၁၀၀၀ ကျော်ခန့်ကို ခွဲစိပ်ကုသပေးမှု ပြုလုပ်ခဲ့ပြီးဟု သိရှိရသည်။