English News

စစ်ပြေးရှောင် ၁၇၀၀ ကျော်အတွက် “ဥာတကာနဉ္စသင်္ဂဟ ဖောင်ဒေးရှင်း”မှ ကျပ်ငွေသိန်း ၃၀ ကူညီလှူဒါန်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁

24129549_1749746281704108_6483197719320679340_n

အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် မောင်ဘုဆွာရွာနှင့် အနီးဝန်းကျင် ရွာများတွင် ရောက်ရှိ ခိုလုံနေကြသည့် စစ်ပြေးရှောင် ကျေးရွာသားများအတွက် မြောက်ဦးမြို့ အခြေစိုက် “ဥာတကာနဉ္စသင်္ဂဟ ဖောင်ဒေးရှင်း” ကျပ်ငွေသိန်း ၃၀လှူဒါန်းလိုက်သည်ဟု သတင်းရရှိသည်။

၎င်းအလှူငွေအား “စစ်ဘေးရှောင် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့ (အိန္ဒိယ)” သို့ ယခုလ ၂၈ ရက်နေ့က ပေးပို့လှူဒါန်းခဲ့သည်ဟု ခိုင်မင်းသိန်းက ပြောသည်။

“ ယခင်ရောက်ရှိနေတာက ၁၄၀၀ ကျော်ပါ။ နိုဝင်ဘာ ၂၉ ရက်နေ့က မွေလိုက်ဝရွာကနေ နောက်ထပ် ၃၆၂ ဦးထပ်ရောက်ပါတယ်။ အခုဆိုရင် မောင်ဘုဆွာရွာမှာ ရောက်တဲ့ စစ်ပြေးရှောင် ဒုက္ခသည် အရေအတွက်က ၁၇၀၀ ကျော်သွားပါပြီ” ဟု စစ်ဘေးရှောင် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့မှ တာဝန်ရှိသူ ခိုင်မင်းသိန်းက ပြောဆိုသည်။

မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် စစ်ပြေးရှောင် ဒုက္ခသည်များသည် အိန္ဒိယဘက်ခြမ်းတွင် တည်ရှိသည့် မောင်ဘုဆွာရွာ၊ တက်ပေါက်ချေ၊ ရွာသာယာ၊ လိုင်တလင်ရွာများတွင် တည်းခိုနေထိုင်နေကြသည်ဟု သိရသည်။

၎င်းကျေးရွာများသို့ ထွက်ပြေးလာကြသူများမှာ ပလက်ဝမြို့နယ် ကလက်ချောင်းထဲတွင် တည်ရှိသည့် ငွေလက်ဝ၊ ပကာဝ၊ အထက်ဖွေလက်ဝ၊ အောက်ဖွေလက်ဝ၊ ပုံးညောဝ ၊ စတင်ဝ၊ မြိတ်ဝ ကျေးရွာများမှ ဖြစ်ကြသည်။

“ ကျွန်တော်တို့ အိန္ဒိယဘက်ခြမ်းမှာလည်း အကူအညီကောက်ခံနေတာ ရူပီ ၇ သိန်း၊ ၈ သိန်းခန့် ရပါပြီ။ အခုလည်း ဥာတကာ နဉ္စသင်္ဂဟ ဖောင်ဒေးရှင်းကနေ ကျပ်ငွေ သိန်း ၃၀ ကူညီလာပါတယ်။ အားလုံးကို ပေါင်းလိုက်ရင်တော့ မြန်မာငွေ သိန်း ၁၀၀ ကျော်သွားပါပြီ။ ဒီငွေတွေနဲ့ ဆန်၊ ဆား၊ ဆီ၊ ငရုတ်စတဲ့ ရိက္ခာခြောက်တွေ ၀ယ်ယူပြီး ကူညီလှူဒါန်းနေပါတယ်” ဟု ခိုင်မင်းသိန်းက ပြောသည်။

အိန္ဒိယ၊ ဘင်္ဂလာနှင့် မြန်မာနယ်စပ်အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ မြိတ်ဝရွာ အနီး တ၀ိုက်တွင် တိုက်ပွဲများပို မိုပြင်းထင်နေကြောင်း၊ နေ့စဉ် ရက်ဆက်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေ၍ ဒေသခံများ ကြောက်လန့်ပြီး ထွက်ပြေးနေကြရကြောင်း သူက ပြောဆိုသည်။

(ဓာတ်ပုံ- ဥာတကာ နဉ္စသင်္ဂဟ ဖောင်ဒေးရှင်းမှ လှူဒါန်းငွေကို ပေးအပ်နေစဉ်)