English News

ဆည်မြောင်းတာတမံအတွင်း စပါးတစ်သီး၊ ပုဇွန်တစ်သား စိုက်ပျိုးမွေးမြူခွင့် ပြန်လည်ရရှိရန် ဒေသခံများက ပြည်နယ်အစိုးရထံ စာရေးတောင်းဆို

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၇

15781556_1385680771443996_5473953711024524355_n

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သက်ပုန်းကျေးရွာအုပ်စုရှိ ဆည်မြောင်းတာတမံအတွင်း စပါးတစ်သီး၊ ပုဇွန်တစ်သား စိုက်ပျိုးမွေးမြူခွင့် ပြန်လည်ရရှိရန် ဒေသခံများက ဝန်ကြီးချုပ်ထံ စာရေးတောင်းဆို လိုက်သည်။

အဆိုပါစာကို သက်ပုန်းကျေးရွာမှ ဒေသခံလယ်သမား (၄ဝ)ကျော်က လက်မှတ်ရေးထိုးကာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု အပါအဝင် ပြည်နယ် လွှတ်တော်အမတ် တချို့နှင့် မြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ထံ ပေးပို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။

“စပါးတစ်သီး၊ ပုဇွန်တစ်သားဆိုတာက ကျွန်တော်တို့ ဒေသနဲ့လည်း ကိုက်ညီမှုရှိတယ်။ ဒေသခံတွေအတွက်လည်း စားဝတ်နေရေးအဆင်ပြေတယ်။ အစိုးရကိုလည်း ဆန့်ကျင်ရာမရောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကို ပြန်လည်စိုက်ပျိုးမွေးမြူလုပ်ကိုင်ခွင့်ရရှိအောင် အခုလို စာတင်တောင်းဆိုရတာဖြစ်ပါတယ်”ဟု စာရေးတောင်းခံရာတွင်ပါဝင်သည့် ဒေသခံ ဦးကျော်မောင်က နိရဉ္စရာသို့ပြောသည်။

ယခုဆည်ဖို့လိုက်သည့်ဆည်အတွင်း စပါးတစ်သီး၊ ပုဇွန်တစ်သား စိုက်ပျိုးမွေးမြူခွင့်ကို ယခင်တိုင်းမှူး ဗိုလ်ချုပ်မောင်ဦးက ၂ဝဝ၃ ခုနှစ်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ယင်းသို့လုပ်ကိုင်ခွင့်ရရှိသည့်အတွက် ဒေသခံများ၏စားဝတ်နေရေးအပါအဝင် အစစအရာရာ အဆင်ပြေခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“ဒီနှစ် သြဂုတ်လလောက်မှာမှ ဆည်မြောင်းဥပဒေနဲ့ငြိတယ်ဆိုပြီးတော့ အစိုးရက ဆည်ဖို့ လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသက ရေချိုစပ်၊ ရေငံစပ်ဖြစ်တဲ့အတွက် စပါးကလည်း တခြားဒေသတွေလို အထွက်မကောင်းဘူးလေ။ စပါးဈေးကလည်း မကောင်းတဲ့အထဲ ပုဇွန် မွေးမြူလုပ်ကိုင်ခွင့်ပါ ဆုံးရှုံးနေတော့ ကျွန်တော်တို့ကို သတ်ပစ်သလိုဖြစ်သွားပါတယ်” ဟုလည်း သက်ပုန်းကျေးရွာဒေသခံ ဦးသာထွန်းစိန်က နိရဉ္စရာသို့ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “သူတို့က တာကို ဖောက်ပြီးတော့ ရေငံတွေသွင်းပြီး လုပ်တယ်လေ။ မလုပ်နဲ့ပြောလည်း မရဘူး။ ဒါက ဥပဒေနဲ့ မညီဘူးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က အခုလို ပိတ်လိုက်ရတာပါ”ဟု နိရဉ္စရာ သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါဆည်သည် ၇ မိုင်ခန့်ရှည်လျားပြီး စပါးစိုက်ပျိုးလယ်မြေ ၁၅ဝဝ ကျော်ရှိသည်ဟုလည်း သိရသည်။

ဆင်းရဲ နိမ့်ကျနေသော ရခိုင်ပြည်နယ်ကို ကယ်တင်နိုင်ရန် အတွက် သမရိုးကျ စပါးစိုက်ပျိုးခြင်းနှင့် အတူ လယ်သမားများ တစ်ခြား ၀င်ငွေရရှိမည့် နည်းလမ်းများကိုလည်း အစိုးရ တာဝန်ရှိသူများ အနေဖြင့် စနစ်တကျ လေ့လာအကောင်အထည်ဖော်သင့်ကြောင်း ဦးသာထွန်းစိန်က ပြောကြားသည်။