Advertising
English News

ဆရာကြီးသျှင်အုန်း ၀မ်းနည်းအထိမ်းအမှတ် အခမ်းအနားစစ်တွေတွင် ပြုလုပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၂၉

42734634_2114487928563273_7383926621599694848_n

ရခိုင်သမိုင်း၊ ယဉ်ကျေးမှု၊ စာပေသုတေသီနှင့် ကဗျာဆရာသျှင်အုန်း ကွယ်လွန်ခြင်း (၁၂) နှစ်မြောက် ၀မ်းနည်း အထိမ်းအမှတ် အခမ်းအနားတစ်ခုကို သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု အဖွဲ့နာယက ဦးမောင်သိန်းထွန်းက “ဆရာသျှင်အုန်းဟာ ကျနော်တို့ ရခိုင်မှာ ဆိုလို့ရှိရင် ဂန္ထ၀င်ကဗျာဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ သူရေးစပ်ခဲ့တဲ့ စာပေယဉ်ကျေးမှု အနုပညာတွေဟာ တန်ဖိုး မဖြတ်နိုင်တဲ့ လက်ရာတွေ ဖြစ်သလို သူဖော်ထုတ် ခဲ့တဲ့ ရခိုင်သမိုင်းဆိုင်ရာတွေလည်း အလွန်တရာ တန်ဖိုးကြီးမားပါတယ်။ ဒါကြောင့် ဆရာကြီး ကွယ်လွန်တဲ့နေ့မှာ သတိရ ဂုဏ်ပြုတဲ့အနေနဲ့ ဒီအောက်မေ့ဖွယ် အခမ်းအနားကို ပြုတာဖြစ်ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အခမ်းအနားကို ဆီးမီးထွန်းညှိဖွင့်လှစ်ခဲ့ပြီး သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ရခိုင် ကဗျာဆရာများမှ ဆရာသျှင်အုန်း ရေးစပ်ခဲ့သော ကဗျာများကို ရွတ်ဖတ်ကာ ဂုဏ်ပြုခဲ့ကြသည်။

“ဆရာကြီး ကဗျာဆရာသျှင်အုန်း ကွယ်လွန်တဲ့ ၁၂ မြောက် အထိမ်းအမှတ်အနေနဲ့ ကဗျာ ရွတ်ဖတ်တာပါ။ အဲ့ဒီ ဆရာကြီးဟာဆိုရင် ရခိုင်ပြည်နယ်တစ်လွှားမှာ ဂန္ထ၀င်မြောက်ပြီး စံတင်လောက်သူတစ်ဦးဖြစ်ပါတယ်”ဟု ကဗျာရွတ်ဖတ်ခဲ့သူ သာကီမဏ္ဍိုင်ရခိုင်ယဉ်မှုအဖွဲ့ဝင် မစောမြသီတာခိုင်က ပြောသည်။

ကဗျာရွတ်ဖတ်ခဲ့သူ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှု အဖွဲ့ဝင် နောက်တစ်ဦးဖြစ်သည့် မဖြူမိချိုကလည်း “ကဗျာဆရာသျှင်အုန်း ရေးသားခဲ့တဲ့ လက်ရာပြောင်မြောက်လှတဲ့ ကဗျာတွေကို အများသိစေချင်တဲ့အတွက် ဆရာသျှင်အုန်း ကွယ်လွန်တဲ့ ၁၂ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဆရာကြီးရဲ့ ကဗျာကို ရွတ်ဖတ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

ယင်းအပြင် သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဆရာဦးကျော်ဇံမောင်က ကဗျာဆရာသျှင်အုန်း၏ ရတုတစ်ပုဒ်ကို ရွတ်ဖတ်သီဆိုခဲ့သည်။

ဆရာကြီးသျှင်အုန်းသည် ရခိုင်သမိုင်း၊ ယဉ်ကျေးမှု၊ စာပေသုတေသီ နှင့် ကဗျာဆရာ တစ်ဦးဖြစ်သည့်အပြင် ရခိုင်အမျိုးသား နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“ဆရာကြီးသျှင်အုန်းဟာ ယခင်ပါလီမန် ဒီမိုကရေစီခေတ်က ရတည အဖွဲ့မှာ အဖွဲ့ဝင်လူငယ်အဖြစ် ဆောင်ရွက်ပြီးတော့ ရခိုင်ပြည်နယ် အနှံ့အပြားကို သွားရောက်ပြီး နိုင်ငံရေးတရား ဟောတဲ့အခါ တရားဟောတာ အလွန်တရာ ကောင်းတဲ့အတွက် ရွှေတံဆိပ် ၃ ခု ရရှိခဲ့တယ်လို့ သိရှိရပါတယ်”ဟု သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု အဖွဲ့နာယတစ်ဦးဖြစ်သူ ဦးမောင်သိန်းထွန်းက ဆက်လက် ပြောဆိုသည်။

ဆရာကြီးသျှင်အုန်းသည် သီလ၊ သမာဓိ၊ ဥာဏ်ပညာကြီးမြင်သူတစ်ဦးဖြစ်သည့်အပြင် ကိုယ်ချင်းစာတရားနှင့် ဆင်ခြင်တုံတရားပြည့်ဝသူတစ်ဦးဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသူများက ချီးကျူးစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရခိုင်သမိုင်းသုတေသီများဖြစ်ကြသည့် အရှင်ပညာစာရ၊ ဆရာကြီး မောင်ဗသိန်း၊ ဆရာကြီး ဦးအောင်လှသိန်းနှင့် အခြားရခိုင်စာရေးဆရာများနှင့် ကဗျာဆရာများလည်း တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ရခိုင်စာဆို သျှင်အုန်းအထိမ်းအမှတ် အဖြစ် ရခိုင်သမိုင်း သုတေသီ ဆရာကြီးဦးအောင်လှသိန်း စီစဉ်ထုတ်ဝေထားသည့် “ ရခိုင်ဝထုတရွီ” စာအုပ်ကိုလည်း ဖြန့်ဝေခဲ့သည်။

ရခိုင်သမိုင်း၊ ယဉ်ကျေးမှု၊ စာပေသုတေသီ နှင့် ကဗျာဆရာသျှင်အုန်းကို အဖဦးမောင်ပျော့၊ အမိဒေါ်မေစိန်တို့က ၁၉၂၉ ခုနှစ်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် မွေးခဲ့သည်ဟု သိရသည်။

ဆရာကြီးသျှင်အုန်းသည် အူရဒူ၊ သက္ကဋဘာသာနှင့် ဟိန္ဒီဘာသာတို့ကိုလည်း ကျွမ်းကျင်စွာတတ်မြောက်သူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။