English News

ဇူလိုင် ၁၁ ရက်နေ့ ပြန်လည်စတင်မည့် ရခိုင်ပြည်နယ်လွတ်တော်တွင် နယ်လုံဝန်ကြီးသစ် ဖြစ်လာမည့် ဗိုလ်မှူးကြီးဖုန်းတင့် ကျမ်းကျိန်မည်

နိရဉ္စရာ၊ ဇူလိုင် ၁၁

19959042_1580844008594337_3641213222435677489_n

ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးတွင် နယ်လုံဝန်ကြီးဖြစ်လာမည့် ဗိုလ်မှူးကြီးဖုန်းတင့် (ကြည်း ၂၂၆၆၆) သည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

“ မနက်ဖြန် ရခိုင်ပြည်နယ် ပဉ္စမအကြိမ် ပုံမှန် အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ နေရာမှာ အစားထိုးပြောင်းလဲ ခန့်အပ်ထားတဲ့ ဗိုလ်မှူးကြီး ဖုန်းတင့်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြားသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးမှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် လွှတ်တော်တွင် အဆိုတင်သွင်းရမည် ဖြစ်ပြီး ၎င်းနောက်ပိုင်းမှ နယ်လုံဝန်ကြီးအဖြစ် လွှတ်တော်တွင် ထပ်မံ ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်အား ယခင် ရခိုင် နယ်လုံဝန်ကြီးဖြစ်ခဲ့သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးထိန်လင်း (ကြည်း ၁၇၅၁၇) နေရာတွင် ဇွန်လ ၂၉ ရက်နေ့က အစားထိုးပြောင်းလဲ ခန့်အပ်ခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် လစ်လပ်နေသော လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအားလည်း လာမည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်တွင် ရွေးကောက်တင်မြောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား သူ့ပါတီထဲမှ ရွေးချယ်ရမည် ဖြစ်ပြီး ရေပန်းစားနေသူ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးမှာ ဦးကျော်လွှင် (ကျောက်ဖြူ)၊ ဦးကျော်ဇောဦး(စစ်တွေ)၊ ဦးအောင်ဝင်း (မြေပုံ)နှင့် ဦးမောင်သန်းစိန်(ခ) မောင်မောင် (ကျောက်တော်)တို့ ဖြစ်ကြောင်း သိရသည်။