Advertising
English News

တစ်ပတ်အတွင်း ပြောင်ရွှေ့ခိုင်းသည့် မောင်တောတောင်ပိုင်းမှ သင်္ဘောကွေ့ရွာကို မပြောင်းနိုင်ဟုဆို

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇူလိုင် ၆

36650952_1987820647896669_1117891738455769088_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာကို တစ်ပတ်အတွင်း ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များမှ စေခိုင်းသော်လည်း ပြောင်းရွှေ့မည်မဟုတ်ကြောင်း ကျေးရွာသား တစ်ဦးဖြစ်သူ ဦးအောင်နိုင်က ပြောသည်။

“မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ပြောတာကတော့ နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်မှာ ရှင်းရတာ မလွယ်ဖြစ်နေတယ်။ အပေါ်မှာ ရှင်းနေရတဲ့အတွက် ဒီရွာကို ဖယ်ပေးရမယ်လို့ လာပြောတာပါ။ တရားဝင် ပြောသွားတာကတော့ ၇ ရက်အတွင်းမှာ ဖယ်ပေးရမယ်လို့ ပြောပါတယ်။ ကျနော်တို့အနေနဲ့ မိုးရာသီမှာ ပြောင်းရွှေ့ ပေးရမယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ”ဟု ပြောကြားသည်။

ဇူလိုင်လ ၃ ရက်နေ့က မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင် ဥပဒေ အရာရှိ၊ မြေစာရင်းဌာနက တာဝန်ရှိသူများ သင်္ဘောကွေ့ ကျေးရွာသစ်သို့ ရောက်ရှိလာပြီး ကျေးရွာသားများကို အစိုးရက နေရာချပေးမည့် အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ခိုင်းထားသည်ဟု သိရသည်။

“လက်ရှိမှာ ရခိုင်အိမ်ထောင်စု ၄၈ စုရှိပြီးတော့ ရွာသားတွေက နေသားကျနေကြပါပြီ။ ခုအချိန်ဟာ မိုးတွင်းကာလဖြစ်တဲ့ အတွက် နောက်တစ်နေရာကို ချက်ချင်း ရွှေ့ပြောင်းပေးဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ အခုဒီမှာက သက်ကြီးရွယ်အိုတွေ အပါအ၀င် ကျောင်းတက်နေတဲ့ ကျောင်းသား လေးတွေလည်း ရှိနေတဲ့အတွက် ကျောင်းသားတွေရဲ့ ပညာရေးကိုလည်း ထိခိုက်စေနိုင် ပါတယ်”ဟု သင်္ဘောကွေ့ကျေးရွာတွင် နေထိုင်သူ ဦးထွန်းမြင့်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သင်္ဘောကွေ့ကျေးရွာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တည်ဆောက်ခဲ့ပြီး ကျေးရွာ သားများသည် ဂဏန်းထောင်ခြင်း၊ ပုဇွန်သားပေါက် ထောင်ခြင်း၊ တံငှာလုပ်ခြင်း၊ ဟင်းသီးဟင်းရွက် ခူးရောင်ခြင်းများဖြင့် အသက်မွေးကျောင်း ပြုနေကြသည်ဟု ဆိုသည်။

“ရွာတည်စအခါကတော့ ခက်ခက်ခဲခဲနဲ့ ရပ်တည်လာခဲ့ရပါတယ်။ ၄ လ ၅လ လောက်အတွင်းမှာပဲ ဘုန်းကြီးကျောင်းဓမ္မာရုံကို တည်ဆောက်နိုင်ပါတယ်။ အိမ်တွေမှာလည်း ဆိုင်ကယ်လေးတွေ ၀ယ်လာနိုင်ပါတယ်။ အခုပြောင်းရွှေ့ခိုင်းတဲ့ နေရာကတော့ ရွံ့ဗွက်တွေ ရေတွေနဲ့ နေရာဆိုတော့ နေထိုင်ဖို့ အဆင်မပြေသလို အလုပ်အကိုင်အတွက်လည်း အဆင်မပြေတဲ့ နေရာဖြစ်နေပါတယ်” ဦးထွန်းမြင့်ဦးက ပြောသည်။

သင်္ဘောကွေ့တွင် နေထိုင်သူများအနေဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိရန် အထက်သို့ တင်ပြ သွားမည်ဟုလည်း သိရှိရသည်။