Advertising
English News

တစ်ဘက်နိုင်ငံမှ ၀င်ရောက်ပြီး နယ်ခြားစောင့်စခန်းရှိသော အင်းဒင်ရွာမှ ကျွဲ ၈ကောင်ကို စက်လှေဖြင့် ခိုးယူသွား

IMG_8578 copy

နိရဉ္စရာ၊ နိုဝင်ဘာ ၂၅

နယ်ခြားစောင့်တပ်စခန်း အခိုင်အမာချထားသည့် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာမှ ဦးခြသေ့င်္အောင်ပိုင်သည့် ကျွဲ ရှစ်ကောင်ကို တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ လူများဝင်ရောက်လာပြီး စက်လှေဖြင့် ခိုးယူသွားကြောင်း သတင်းရရှိသည်။

“ ခိုးတာက နိုဝင်ဘာ ၂၀ ရက် ညဥ့်မှာ ခိုးယူသွားတာပါ။ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်မှ သိရတာပါ။ ကျွဲ၁၈ ကောင် ရွာနားမှာ ချည်ထားတဲအထဲ ရှစ်ကောင် ခိုးယူခံရတာပါ။ သိန်းကျပ် ၉၀ ခန့် တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ရွာမှာ နယ်ခြားစောင့်ရဲ စခန်းကြီးလည်း ရှိပါတယ်။ အဲဒီအနီးအနားက ၀င်ခိုးပြီး ယူဆောင် သွားတာပါ” ဟု ဦး ခြသေ့င်္အောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းကျွဲများကို မောင်တောတောင်ပိုင်း သ၀င်ချောင်းရွာကြားနှင့် ခွဆုံပြင်ရွာကြား ဆားငံချောင်းထဲမှ စက်လှေဖြင့် တစ်ဘက်နိုင်ငံသို့ ရှင်မဖြူကျွန်းသို့ ယူဆောင်သွားခဲ့သည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့ လိုက်ရှာရင်းနဲ့ ကျွဲတွေကို စက်လှေနဲ့ ချယူသွားတဲ့ နေရာကို တွေ့ရပါတယ်။ ဒီကျွဲတွေကို ရှင်မဖြူကျွန်းမှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားတာကိုလည်း သတင်းရပါတယ်။ ရှင်မဖြူကျွန်းကို လှမ်းဆက်သွယ်တဲ့အခါ သိရတာပါ။ အခု အဲဒီကျွဲ ၈ ကောင်ကို တက်ကနက်မြို့ လွှတ်တော်အမတ် ဘော်ဒီအဖွဲ့က သူတို့ပိုင်တာဆိုပြီး ဘင်္ဂလာနယ်ခြားစောင့်တပ်ကို ပိုက်ဆံပေးပြီး ယူသွားတယ်လို့ သိရပါတယ်” ဟု ဦးခြသေ့င်္အောင်က ပြောကြားသည်။

လက်ရှိ အချိန်တွင် ၎င်းကျွဲ ၈ ကောင်အား ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့၊ အမှတ် (၇) ရက်ကွက် ကုန်းတန်းမှ အိမ်တစ်အိမ်တွင် ချည်နှောင်ထားကြောင်း သတင်းရရှိထားသည်ဟု ၎င်းက ပြောကြားသည်။

“ ခိုးတာက ဟိုဘက်ကမ်းကနေ ဘင်္ဂလီတွေက ၀င်ခိုးတာပါ။ တစ်ကြိမ် မဟုတ်ပါဘူးဆရာ။ ကျွန်တော်ဆိုရင် သုံးကြိမ်တိတိ ရှိပါပြီ ဆရာ။ အခု လုပ်ကိုင်စားသောက်ဖို့တောင်တော်တော် အခက်အခဲ ဖြစ်နေပါပြီ” ဟု ၎င်းက ပြောကြားသည်။

အခိုးခံရသည့် ကျွဲ ၈ ကောင်တွင် တစ်ကောင်မှာ အထီးဖြစ်ပြီး ကျန် ၇ ကောင်မှာ အမများဖြစ်ကြောင်း၊ ချည်ထားသည့် ကျွဲ ၁၈ ကောင်စလုံးကို ခိုးယူသွားခဲ့သော်လည်း ၈ ကောင်ကိုသာ စက်လှေပေါ်တင်နိုင်ပြီး ကျန် ကျွဲပေါက် ၁၀ ကောင်မှာ လွတ်ကျန်ခဲ့ကြောင်း၊ ထိုအထဲမှ ကျွဲပေါက်စများမှာ နို့မရသဖြင့် အထူးအခက်အခဲ ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။

နိရဉ္စရာ သတင်းဌာနသို့ ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှ အကြောင်းကြားရခြင်းမှာ ဖုန်းနံပတ်ကို ယနေ့မှ အမျိုးသမီးငယ် တစ်ဦးထံမှ ရရှိ၍ သတင်းပို့ပေးရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါကျွဲ ၈ ကောင် အခိုးခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး အင်းဒင်နယ်ခြားစောင့်စခန်းသို့ ဆက်သွယ်ရာ တာဝန်ရှိသူ တစ်ဦးမှ ၎င်းမှာ အပြင်ကို ရောက်နေသဖြင့် တာဝန်မှူးအား မေးမြန်းပြီး အကြောင်း ပြန်ကြားပေးမည်ဟု ပြောဆိုသည်။ ၁၅ မိနစ်ခန့်အကြာတွင် ပြန်လည်ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိတော့ပါ။