English News

တပ်မတော်အကြီးအကဲမှ လုံခြုံရေးအာမခံသဖြင့် စေတီပြင်နယ်မြေမှ ဒေသခံများ နေရပ်ရွာသို့ပြန်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၉

20708034_1611399572205447_4132097517535985491_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းဒေသ စေတီပြင်ရွာနှင့် ခွဆုံရွာတွင် ခိုလုံနေကြသည့် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်နှင့် ပေါက်ပင်ရင်းကျေးရွာမှ ရွာသားများသည် တပ်မတော် အကြီးအကဲမှ လုံခြုံရေး အာမခံသဖြင့် မိမိနေရပ် ကျေးရွာများသို့ ပြန်သွားခဲ့ကြပြီဟု သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ကထစမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် စေတီပြင် ကျေးရွာသို့ သြဂုတ် ၇ ရက်နေ့က ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး ရွာသားများနှင့် တွေ့ဆုံစဉ် လုံခြုံရေးကို အာမခံသဖြင့် ရွာသားများပြန်သွားခဲ့ကြခြင်း ဖြစ်သည်ဟု စေတီပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်မှ နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

20638674_1611400192205385_5598212124126989655_n

“ဒေသစွန့်ခွာလာတဲ့ လူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အဲ့ဒီကျေးရွာတွေမှာ လုံခြုံရေးတွေ ချပေးထားတယ်၊ နေရပ်ပြန်ကြပါလို့ ပြောတဲ့အခါမှာ တပ်ချပေးရင် ပြန်ကြမယ်လို့ ရွာသားတွေက ပြန်ပြောကြပါတယ်။ တပ်မတော်တပ်ဖွဲ့ဝင်များကို လုံခြုံရေး ချပေးထားပေးမယ် ပြောတဲ့ အတွက် ရွာသားတွေ ပြန်သွားကြပြီ ဖြစ်ပါတယ်”ဟု ဦးမောင်အေးတင်က ပြောသည်။

သြဂုတ် ၇ ရက်နေ့က အိမ်ထောင်စု ၇၂ ဦး (လူဦးရေ ၂၀၃) လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ကျန်ရှိနေသည့် အိမ်ထောင်စု ၆၂ စု (လူဦးရေ ၄၁၉) ဦးတို့သည် ၎င်းတို့၏ မူလ ကျေးရွာများသို့ ပြန်သွားကြပြီဟု သိရသည်။

ချွတ်ပြင်၊ ပိတောက်မြိုင်နှင့် ပြင်ရှည်ကျေးရွာမှ ရွာသားများသည် စေတီပြင် ကျေးရွာ၌လည်းကာင်း၊ ပေါက်ပင်ရင်းကျေးရွာမှ ရွာသားများသည် ခွဆုံကျေးရွာ၌လည်းကောင်း ယာယီ ခိုလုံ နေထိုင်ခဲ့ကြသည်။

20638799_1611399675538770_3413336080084881218_n

ဇူလိုင် ၂၇ ရက်နေ့က ချွတ်ပြင်ကျေးရွာမှာ ခရုသွားကောက်သူ မောင်သန်းဌေး ပျောက်ဆုံး ပြီးနောက် မေယူတောင်ထဲတွင် အကြမ်းဖက်သမားများ၏ စခန်းတွေ့ရှိမှု၊ သြဂုတ် ၃ ရက်နေ့က မောင်တောမြို့နယ် ကိုင်းကြီးရွာမှ မြိုအမျိုးသား ၈ ဦး အသတ်ခံရမှု၊ သြဂုတ် ၄ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ကို အောက်နန်းရာရွာမှ ဘင်္ဂလီရွာသားများ ဓား၊ လေးခွနှင့် ဂျင်ဂလိများဖြင့် တိုက်ခိုက်မှု တို့ ဖြစ်ပွားသဖြင့် လုံခြုံရေး စိုးရိမ်ရရာမှ ၎င်းရွာသားများသည် စေတီပြင်နှင့် ခွဆုံကျေးရွာများတွင် ခိုလုံခဲ့ကြခြင်း ဖြစ်သည်။

(ဓာတ်ပုံ-ကကပြည်နှင့် ဖေ့စ်ဘုတ်)