Advertising
English News

ထိုင်း-မြန်မာ ချစ်ကြည်ရေး ဂီတပွဲတော်အတွက် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်မည်

နိရဉ္စရာ၊ မတ် ၁၁

28958786_1855047621173973_5131311575877025792_n

ထိုင်း- မြန်မာ ချစ်ကြည်ရေး ဂီတပွဲတော်အတွက် စာနယ်ဇင်း ရှင်းလင်းပွဲကို လာမည့် မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းပွဲတော်ကို ပညာရေးနှင့် သဘာဝရေဘေးရံပုံငွေအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ မဟာချိုင် ဈေးအနီးရှိ ကွင်းပြင်၌ ဧပြီ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပွဲတော်တွင် မြန်မာနှင့် ထိုင်းတေးသံရှင်များမှ အတူတကွ ပါဝင်သီဆို ဖြေဖျော် ပေးသွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရ တာဝန်ရှိသူများ အပါအ၀င် ထိုင်းတပ်မတော်မှ တာဝန်ရှိသူများနှင့် ညိနိုင်းဆွေးနွေးပြီး ကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ၎င်းချစ်ကြည်ရေး ဂီတပွဲတော်အား စီစဉ်သူ ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် အရှင်ကုမာရ (ဦးဇင်းဘီလူး) မှ နိရဉ္စရာသို့ ပြောကြားသည်။

“ စာနယ်ဇင်းရှင်းလင်းပွဲကို မတ်လ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်း၊ အလိုတော်ပြည့်ကျောင်းတိုက်တွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာက ညီအစ်ကို မောင်နှမတွေ အားလုံးကို သတင်းရယူဖို့ ဖိတ်ကြားအပ်ပါတယ်” ဟု ဦးဇင်း ဘီလူးက ပြောကြားသည်။

အလားတူ မတ်လ ၂၉ ရက်နေ့ တွင်လည်း ထိုင်းနိုင်ငံရှိ သတင်းမီဒီယာများသို့ ဂီတပွဲတော်နဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ထူးအယ်လင်း၊ နေထက်လင်း၊ ဖိုးကာ၊ ရိန်မိုး၊ ကိုသန်းဆွေ၊ ဖိုးဇော်၊ ခိုင်နှင်းဝေ၊ ခွန်းဆင့်နေခြည်၊ ဆုပန်ထွာ၊ ရတနာ၊ ဧကရီမှူးပိုင်၊ အေးချမ်းမိုး၊ ကေသီခိုင်ဝင်း၊ ထွန်းပုလဲရတနာ စသူတို့ မှ ပါဝင် သီဆိုကြမည် ဖြစ်သည်။

စာနယ်ဇင်း မိတ်ဆက်ပွဲနှင့် ပတ်သက်ပြီး ပိုမို သိရှိလိုပါက ဦးဇင်းဘီလူး (ဖုန်း ၀၉၅၀၁၄၅၀၀) သို့ဆက်သွယ်နိုင်ပါသည်။