English News
  •   မေယုFM ထုတ်လွှင့်နေခြင်းအားရပ်တန့်ပေးရန် Arakan Youth Forum မှသဘောထားထုတ်ပြန်။

ထိုင်ဝမ်ရောက် ရခိုင်ဆရာတော် ဦးအဂ္ဂ၀ံသမှ ရခိုင်မျိုးစောင့်အဖွဲ့သို့ အမေရိကန် ဒေါ်လာ ၁၂၀၀ လှူဒါန်း

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀

15727368_1387838837894856_6671663676829934851_n

ထိုင်ဝမ်နိုင်ငံတွင် ကျောင်းထိုင်နေသော ရခိုင်ဆရာတော် ဦးအဂ္ဂ၀ံသထံမှ ရခိုင်မျိုးစောင့်အဖွဲ့ ARG ထံသို့ အမေရိကန်ဒေါ်လာ ၁၂၀၀ (၁၆၄၅၂၀၀ ကျပ်)ကို လှူဒါန်းခဲ့သည်ဟု သိရသည်။

ယင်းဒေါ်လာ ၁၂၀၀ ကို ARG ရန်ပုံငွေအတွက် ထည့်ဝင်ခြင်းဖြစ်ပြီး အဆိုပါငွေများကို လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အခြေခံ ရင်းနှီးမြှုပ်နှံမှုများတွင် အသုံးပြုသွားမည်ဟု သိရသည်။

“ARG မှာ ARG အဖွဲ့ဝင်တွေကပဲ ထည့်ဝင်ငွေတွေ၊ လှူဒါန်းငွေတွေပဲ ရှိပါတယ်။ အပြင်က လှူဒါန်းတယ်ဆိုလို့ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်က ရခိုင်ပြည်နယ်ကို ဘုရားဖူးလာရောက်ခဲ့တဲ့ ဆရာတော် တစ်ပါးထံကပဲ ငွေ ၃ သိန်းကျပ် လှူဒါန်းခဲ့တာပဲရှိပါတယ်။ အစိုးရကရော၊ အခြားလူမှု အဖွဲ့အစည်းတွေကရော၊ ပုဂ္ဂလိက အနေနဲ့ရော လှူဒါန်းတာတွေ မရှိသေးပါဘူး”ဟု ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဋ္ဌ ဦးဘအေးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်မျိုးစောင့်အဖွဲ့သည် ယခုလက်ရှိတွင် မောင်တောတောင်ပိုင်းနှင့် မြောက်ပိုင်းရှိ တစ်ချို့ကျေးရွာများမှ လယ်သမားများအတွက် သင့်တော်သော ဈေးနှုန်းဖြင့် လယ်ယာ ထွန်ယက်ပေးခြင်း၊ ရိတ်သိမ်းပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပြီး မကြာမီ ရွှေ့ပြောင်း သယ်ယူနိုင်သည့် ဆန်စက်ငယ်များ ၀ယ်ယူပြီး လယ်သမားများကို သင့်တော်သောဈေးနှုန်းဖြင့် ကူညီကြိတ်ခွဲ ပေးမည်ဟု ဆိုသည်။

“မောင်တောနယ်က တောင်သူတွေမှာ စပါးကြိတ်ခွဲဖို့အတွက် အခက်အခဲ ရှိနေပါတယ်။ အယင်တုန်းက ဆိုရင် ဘင်္ဂလီရွာတွေမှာ သွားပြီး ကြိတ်ခွဲ နေကြတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ARG အနေနဲ့ ကျပ် သိန်း ၂၀ တန်ဖိုးရှိ အသေးစား ဆန်စက်တွေ ၀ယ်ယူပြီး လယ်သမားတွေဆီအရောက် သွားရောက်ပြီး မကြာမီ ကြိတ်ခွဲပေးပါမယ်”ဟု ဦးဘအေးက ပြောသည်။

မကြာသေးမီက အမေရိကန်ဒေါ်လာ ၁၂၀၀ လှူဒါန်းခဲ့သည့် ဆရာတော် အဂ္ဂ၀ံသသည် ARG အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပြီး ၂၀၁၀ ခုနှစ်မှစ၍ လစဉ်ကြေးများကို တစ်လလျှင် အမေရိကန်ဒေါ် ၁၀၀ ကျ ထည့်ဝင်လျက်ရှိသည်ဟု သိရသည်။

ARG ၏ မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် အလှူငွေ ထည့်ဝင်လိုသူများသည် ARG ဥက္ကဋ္ဌ ဦးဘအေး ၀၉ ၇၉၇ ၃၁၉၈၄၂ နှင့် ၀၉ ၂၅၃ ၆၈၆ ၄၀၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။