English News

ထွက်ပြေးတိမ်းရှောင်ရာမှ ပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ပစ္စည်း ပေးအပ်

နိရဉ္စရာ၊ မတ် ၁၇

17361833_1467304996614906_4532531371982977072_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဦးရှည်ကျ ကျေးရွာမှ ခေတ္တတိမ်းရှောင်ပြီး ပြန်လည်ရောက်ရှိလာသည့် မိသားစုများအား စားနပ်ရိက္ခာများ ထောက်ပံ့သည့် အခမ်းအနားကို မတ်လ ၁၆ ရက်နေ့ နံနက်က ၎င်းကျေးရွာရှိ အလယ်တန်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။

၎င်းအခမ်းအနားသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းတက်ရောက်ခဲ့သည်ဟု သိရသည်။

၎င်းအခမ်းအနားတွင် မိသားစု ၁၂ စု၊ မိသားစုဝင် ၁၀၆ ဦးတို့အား မိသားစု တစ်စုလျှင် ဆန် တစ်အိတ်၊ ဆားနှစ်ပိသာ၊ ဆီနှစ်ပိသာ၊ ကုလားပဲ နှစ်ပိသာတို့ကို ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်ရာမှ ပြန်ဝင်လာသူများနှင့် ပတ်သက်ပြီး သူတို့မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ပြန်လာသူ ဘင်္ဂလီများလား (သို့မဟုတ်) အနီးအနားရွာများသို့ ထွက်ပြေး တိမ်းရှောင်ရာမှ ပြန်သူ ဘင်္ဂလီများလား ဆိုသည်ကို သဲကွဲစွာ ဖော်ပြထားခြင်း မရှိသဖြင့် သဲသဲကွဲကွဲ သိရှိနိုင်ရန် အတွက် မောင်တော ခရိုင် ဥက္ကဋ္ဌသို့ ယနေ့ ညနေက ဖုန်းအကြိမ်ကြိမ် ဆက်သော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပါ။

၎င်းပြင် ယခု သတင်းနှင့် ပတ်သက်ပြီး မောင်တောသတင်းများကို အဓိက ထုတ်ပြန်ပေးနေသညိ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကလည်း သတင်းထုတ်ပြန်ခြင်း ယခုအချိန်ထိ မရှိသေးပါ။

ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ မောင်တောအောက်တိုဘာ ၉ ရက်နေ့ အရေးအခင်းနောက်ပိုင်း ဘင်္ဂလီ လူမျိုး ခုနှစ်သောင်းကျော် ထွက်ပြေးသွားပြီး မြန်မာသို့ ပြန်လာနေသူတို့အား ပြန်လည် လက်ခံ နေရာချထားပေးမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာမှ ၎င်းကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း သိရှိရသည်။