Advertising
English News

ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ပင်လုံညီလာခံတက်ရောက်ရန် နေပြည်တော်သို့

နိရဉ္စရာ၊ ဇူလိုင် ၁၀

36883927_1994658910546176_1917381939052937216_n

ရက္ခိုင့်တပ်မတော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဦးဆောင်သော ULA/AA (၆) ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခြောက်ဖွဲ့နှင့် အတူ တတိယ အကြိမ် ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က China Eastern လေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

“ ကျွန်တော်ကို ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ဦးဆောင်လာပါတယ်။ စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၆ ဦးပါဝင်ပါတယ်” ဟု ရက္ခိုင့် တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဟန်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ရက္ခိုင့်တပ်မတော် အပါအ၀င် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနှစ်ဖွဲ့သည် တတိယ အကြိမ် ငြိမ်းချမ်းရေး ပင်လုံညီလာခံ တက်ရောက်မည် ဖြစ်ပြီး သူတို့၏ နေပြည်တော် ခရီးစဉ် အတွင်း နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် သီးခြားစီ တွေ့ဆုံ သွားရန် အစီအစဉ်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

“ ကျွန်တော်တို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် သီးခြားစီ တွေ့ဆုံ ဖို့ အစီအစဉ်တွေရှိသလားဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါ” ဟု ဗိုလ်မှူးကြီး ကျော်ဟန်က ဆက်လက် ပြောသည်။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ် Horizon Lake View တွင် တရုတ် အထူး ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ဆွန်ကော့ရှန်နှင့် တွေ့ဆုံခဲ့ပြီး ညနေ ၆နာရီခွဲတွင် မြန်မာ NRPC တာဝန်ရှိသူများမှ ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်ဟု သိရသည်။

( Photo Credit to Irrawaddy)