English News

နယ်ရပ်စွန့်ခွာလာခဲ့ရသည့် အဝေးသင်ကျောင်းသားများအား ကိုလင်းအိမ်မှ ပညာသင်ထောက်ပံ့ကြေး ၁၆၀၀၀၀ ကျပ် စီ ချီးမြှင့်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ အောက်တိုဘာ ၁၂

22405845_1700223566656380_289908765224070477_n-thumb

သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နယ်ရပ် စွန့်ခွာလာခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသည့် အဝေးသင်ကျောင်းသားများကို ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်နေသည့် ကိုလင်းအိမ်မှ ပညာသင်ထောက်ပံ့ကြေး ကျပ် ၁၆၀၀၀၀ စီ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပညာသင်ထောက်ပံ့ကြေးကို စစ်တွေမြို့ အာရီယာန် စားသောက်ဆိုင်၌ အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပေးအပ်ရာတွင် ၀ိဇ္ဇာတွဲ မေဂျာအသီးသီးမှ အဝေးသင်ကျောင်းသူ ကျောင်းသား ၂၁ ဦးပါဝင်ပြီး တစ်ဦးလျှင် ၁၆၀၀၀၀ ကျပ်နှင့် သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့ကာ၊ နောက်ထပ် ပညာသင် ထောက်ပံ့ကြေးပေးရန် ကျန်ရှိနေသေးသည့် ၃၆ ဦးကိုလည်း မကြာမီရက်ပိုင်းအတွင်း ပေးအပ်သွားမည်ဟု ဆိုသည်။

“ကျနော့်လုပ်အားခက ရတဲ့ ၂ လစာကို ကျောင်းသား ၁၀ ဦးအတွက် မတည်ပြီး၊ နောက်ထပ် စေတနာရှင်တွေကို အွန်လိုင်းကတစ်ဆင့် ရှာဖွေခဲ့ပါတယ်။ အဓိကအလှူရှင်တွေက ရန်ကုန်၊ စင်္ကာပူ၊ အမေရိက၊ ထိုင်း၊ မလေးရှားနဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ပရဟိတအဖွဲ့တွေက နေပြီးတော့ လှူတာများပါတယ်”ဟု ကိုလင်းအိမ်ကပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာလာပြီး ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသည့် အဝေးသင်ကျောင်းသားများအနေဖြင့် မိသားစုအဆင်မပြေ၍ ကျောင်းမတက်လိုက်ရသည့် အဖြစ်မျိုး မရောက်ရအောင် ယင်းသို့ ကူညီပေးခြင်းဖြစ်သည်ဟု ဆိုသည်။

“ကလေးတွေက သူတို့ဟာ ကျောင်းမှာ စာမေးပွဲဖြေဖို့ စာရင်း သွင်းပြီသား၊ ဒါပေမယ့် ကျောင်းတက်ဖို့အတွက် သူတို့မှာ အခက်အခဲရှိတယ်။ ကျောင်းတက်ဖို့အတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ အဆောင်ဖိုးနဲ့ ထမင်းစားစရိတ် အဲ့ဒီအခက်အခဲတွေရှိကြတယ်။ သူတို့ကိုယ်တိုင်က ကယ်ဆယ်ရေးစခန်းမှာ နေတဲ့အတွက်ကြောင့် အဲ့ဒီငွေပမာဏကို သူတို့ အမေအဖေဆီကလည်း ထောက်ပံ့ဖို့ မဖြစ်နိုင်ဘူး။ သူတို့ အနေနဲ့ ငွေကြေးအခက်အခဲရှိလို့ ကျောင်းမတက် လိုက်ရဘူးဆိုတာ မရှိရအောင် ဒီလိုထောက်ပံ့ကူညီ ပေးရတာဖြစ်ပါတယ်”ဟု ကိုလင်းအိမ်က ပြောသည်။

ယခုထောက်ပံ့ရာတွင် အဆောင်ဖိုး ၄၀၀၀၀ ကျပ်၊ ထမင်းစားစရိတ် ၈၀၀၀၀ ကျပ်နှင့် ကျန် ၄၀၀၀၀ ကျပ်ကို အခြား လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်အောင် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အခက်အခဲတွေကတော့ အများကြီးပဲ။ ဒီမှာ ကျနော်တို့က အသက်ကိုလုပြီး ထွက်ပြေးလာခဲ့ရတာ ဆိုတော့ ကျနော်တို့ မိဘစီးပွားရေးတွေလည်း အကုန်လုံး ဆုံးရှုံးသွားတာပေါ့နော်၊ အဲ့တာကြောင့် ဒီထောက်ပံ့ကြေးကို ယူရတာပါ။ အခုထောက်ပံ့ကြေးတွေက အဆောင်စရိတ်နဲ့ စားစရိတ်အတွက် ဖူလုံမယ်ထင်တယ်။ ထောက်ပံ့ပေးတဲ့ ကိုလင်းအိမ်နဲ့ စေတနာရှင်တွေကို အများကြီးကျေးဇူးတင်ပါတယ်”ဟု မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ မြန်မာစာမေဂျာ ဒုတိယနှစ် ကျောင်းသား မောင်ကျော်မင်းထွန်းက ပြောသည်။

မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာမှ ပထ၀ီမေဂျာ ဒုတိယနှစ်ကျောင်းသူ မမရွှေစိန်ကလည်း “ကျမတို့ ဒေသမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တော့ ကျောင်းတက်ဖို့ အတွက် တော်တော့်ကို အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ နေရတာလည်း ဘုန်းတော်ကြီးကျောင်းမှာပဲ မိသားစုတွေနဲ့ အတူနေနေရပါတယ်။ ၀ိုင်းတွေ ဘယ်လိုတက်ရမလဲ စဉ်းစားရတယ်။ ကိုလင်းအိမ်ဆီက အထောက်ပံ့ရတော့ အဆောင်အတွက်ရော စားစရိတ်အတွက်ရော အဆင်ပြေသွားပါတယ်။ ဒါပေမယ့် ၀ိုင်းတက်ဖို့အတွက်တော့ နည်းနည်းလိုနေပါသေးတယ်”ဟု ပြောသည်။

ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေပြီး အဝေးသင်တက်ရန် အခက်အခဲရှိနေသူများ နောက်ထပ်ရှိနေသေးပါကလည်း ကူညီနိုင်ရန် ကြိုးစားသွားမည်ဟု ကိုလင်းအိမ်က ပြောသည်။

“ကျနော်က ဓါတ်ပုံရိုက်ဖို့ တအားဝါသနာပါတဲ့ လူတစ်ယောက်။ ဒါပေမယ့် ကလေးတွေရဲ့ ဘ၀က ကျနော့်ဝါသနာထက် အရေးကြီးတယ်ဆိုတော့ အဲ့ဒီကင်မရာကို ရောင်းလို့ ရထားတဲ့ငွေ ကျနော့်လက်ထဲမှာ နောက်ထက် ၁၃ သိန်းရှိနေသေးတယ်။ နောက်ထပ် ကျောင်းတက်ဖို့ အဆင်မပြေသေးတဲ့ ကျောင်းသားတွေ ရှိနေသေးရင်လည်း နောက်ထပ် ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်”ဟု ကိုလင်းအိမ်က ပြောသည်။

ယခုနှစ်တွင် ထောက်ပံ့ပေးလိုက်သည့် ကျောင်းသားများထဲမှ စာမေးပွဲအောင်သည့် ကျောင်းသားများအားလည်း နောက်လာမည့်နှစ်တွင် ဆက်လက် ထောက်ပံ့နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဟု သိရှိရသည်။

အဝေးသင် ကျာင်းသူကျောင်းသားများအတွက် အခြားလိုအပ်သည့်အခက်အခဲများကို ကူညီလိုသူများရှိပါကလည်း ကိုလင်းအိမ် ၀၉-၅၁၅ ၄၆၁၇ သို့ ဆက်သွယ် ကူညီနိုင်ကြောင်း သိရှိရသည်။